လူသားတို့၏ သွားပုံသဏ္ဌာန်ကို ပိုင်ဆိုင်ထားသည့် ထူးဆန်းတဲ့ နွားမျိုးစိတ် “ငါး”
လူသားတို့၏ သွားပုံသဏ္ဌာန်ကို ပိုင်ဆိုင်ထားသည့် ထူးဆန်းတဲ့ နွားမျိုးစိတ် “ငါး”
လွန်ခဲ့သည့်ရက်ပိုင်းက မလေးရှားလူငယ်အမျိုးသားတစ်ဦး သည်သူ့ရဲ့တွစ်တာမှာ လူသားတို့၏သွားပုံသဏ္ဌာန်ရှိသည့် သွားကိုပိုင်ဆိုင်သောငါးအမျိုးအစားတစ်မျိုး၏ဓါတ်ပုံတစ်ပုံကို တင်ခဲ့ကာ လူမှုကွန်ယက်မှာ လူအများစိတ်ဝင်စားသွားစေခဲ့ပါတယ်။
၎င်းဓါတ်ပုံဟာ အွန်လိုင်းမှာပလူပျံသွားပြီး ဝင်ရောက်ကြည့်ရှုသူများပြားခဲ့ပါတယ်။ အများစုကတော့ ဒါဟာ သက်သက်ဖန်တီးထားတဲ့ဓါတ်ပုံဖြစ်ကြောင်းဆိုပြီး၊ အချို့လူများကလည်း အပျော်တမ်းစနောက်ကျီစယ်ပြုလုပ်ကာ ၎င်းငါးဓါတ်ပုံ၌ မျက်တောင်မျက်ခုံးလေးတွေ ခြေသည်းလက်သည်းတွေအပါ ဖြည့်ဆည်းရေးဆွဲပေးကြပါတယ်။ သို့သော် အဏ္ဏဝါဗေဒပညာရှင်များက အဆိုပါငါးတကယ်ရှိကြောင်း ထောက်ပြသွားတာ တွေ့ရှိရပါတယ်။
မလေးရှားမီဒီယာတစ်ခုဖြစ်တဲ့ The Rakyat Post ၏သတင်းဖော်ပြချက်အရ ယင်းငါးသည် နွားငါးမျိုးစိတ်ဖြစ်ပြီး မလေးရှားရေပိုင်နက်တွင်တွေ့ရလေ့ရှိကြောင်း အမျိုးအစား ၄၀ ကျော်လောက်ရှိကာ ဒေသခံအခေါ်အဝေါ်မှာ ayam laut or ikan jebong ခေါ်တယ်လို့ဆိုပါတယ်။
နာမည်ကျော် National Geographic ၏ဖော်ပြချက်အရ ဤငါးအမျိုးအစားသည်အရောင်အသွေးစုံသောငါးအမျိုးအစားဖြစ်ပြီး ငါးအထီးသည် နယ်မြေကိုပိုင်စိုးပြီး မည်သူ့ကိုမျှဝင်ရောက်ခွင့်မပြုပါ။ အကယ်လို့ ဂဏန်း (သို့) သံပခြုပ်ကဲ့သို့သော အခြားရေနေသတ္တဝါများက နယ်မြေကျူးကျော်လာရင် သူ့ရဲ့သွားဖြင့်ချက်ချင်းပြန်တိုက်ခိုက်လေ့ရှိကြောင်း ဖော်ပြထားပါတယ်။
ကမ္ဘာ့တောရိုင်းတိရိစ္ဆာန်ရန်ပုံငွေအဖွဲ့ World Wildlife Fund (WWF) မှကျွမ်းကျင်သူများက ၎င်းငါးသည် (Blackpatch triggerfish) ငါးအမျိုးအစားဖြစ်ပြီး၊ သူ့မှာ ထူးခြားသောသွားများရှိသည့်အပြင် ဘေးဘက်ခြမ်းမှာ လိမ္မော်ရောင်အစင်းလေးပါရှိကာ အများအားဖြင့် Seychelles ကျွန်း ကနေ သြစတြေးလျ၏ Great Barrier Reef အထိ အတွေ့ရများပါတယ်။ သို့သော် မလေးရှားနိုင်ငံတွင်လည်း တွေ့နိုင်တယ်လို့ ဆိုထားပါတယ်။