မြန်မာပြည်မှာ နေ့တိုင်း လျှပ်စစ်မီးတွေ ပြတ်တောက်နေမှုရဲ့ ကန့်လန့်ကာ နောက်ကွယ်က အကြောင်းရင်း
သတင်းထဲမှာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ပြည်သူသို့ ပန်ကြားချက်ဆိုပြီး ထုတ်ပြန်သွားတာ ကြားလိုက်ရတယ်
အရင်က မဂ္ဂါဝပ် ၄၂၀၀ခန့် ထုတ်လုပ်နေရာက အကြောင်းအမျိုးမျိုးကြောင့် ဓာတ်အားတွေ လျော့ထုတ်နေရလို့ ပြည်သူတွေကို ဓာတ်အား လုံလောက်အောင် မဖြန့်ဝေပေးနိုင်တာ နားလည်ပေးပါဆိုတဲ့ သဘော ပြောသွားတယ်
သူတို့ အဓိက အကြောင်းပြသွားတဲ့ အထဲမှာ အချက်သုံးချက်ပါတယ်။ တစ်ခုက ဓာတ်အားလိုင်း တာဝါတွေ ဖောက်ခွဲ ဖျက်ဆီး ခံရလို့ မဂ္ဂါဝပ် ၁၈၀ လျော့နည်းသွားရတယ်ဆိုတဲ့ အချက် တစ်ခု၊ ဓာတ်အားလိုင်းကြောင့်ဆိုရင် ယာယီ ပျက်တောက်မှုပဲ ဖြစ်ရမှာ ဖြစ်ပြီး အချိန် အတိုင်းအတာ တစ်ခုမှာ ပြန်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
ထို့အတူ နောက်ထပ် အချက် တစ်ခု ဖြစ်တဲ့ ရတနာ ဓာတ်ငွေ့ ထုတ်လုပ်ရေးနဲ့ ပိုက်လိုင်းတွေ နှစ်စဉ် ပုံမှန် ပြုပြင်မှုကြောင့် လျော့နည်း ထုတ်နေရတယ်ဆိုတဲ့ မဂ္ဂါဝပ် ၅၄၀ ဆိုတာလည်း သူတို့ ပြုပြင်မှုတွေပြီးရင် ပြန်ရလာမှာပဲ
နောက်ဆုံးတစ်ခုက LNG နဲ့ ထုတ်တဲ့ မဂ္ဂါဝပ် ၇၅၀ ကို ဓာတ်ငွေ့ရည် တန်ဖိုး ၄ဆ တက်သွားလို့ လက်ရှိမှာ ရပ်တန့်ထားရတယ်လို့ ဆိုထားတယ်
သိရသလောက်ဆိုရင် အဲ့ဒီ LNG ကို ၂၀၂၀ အစောပိုင်းမှာ လျှပ်စစ် စထုတ်နိုင်ဖို့ ၂၀၁၉ မှာ တင်ဒါ ခေါ်ခဲ့တယ်လို့ မှတ်သားခဲ့ရတယ်
တင်ဒါ ဝင်ပြိုင်ခဲ့တဲ့ ကုမ္ပဏီတွေက သူတို့ လုပ်နိုင်တဲ့ စျေးနှုန်းတွေ တင်ပြပြီး အနိမ့်ဆုံး စျေးနဲ့ လုပ်နိုင်တဲ့ ကုမ္ပဏီကို ရွေးချယ်ပြီး လုပ်ပိုင်ခွင့် ပေးခဲ့တယ်လို့ သိရတယ်
လျှပ်စစ်ဓာတ်အားခကို နှုန်းသေနဲ့ သတ်မှတ်ထားပြီး ကုမ္ပဏီက တင်ပြတဲ့ စျေးနှုန်းနဲ့ ခွင့်ပြုပေးခဲ့တာ ဖြစ်လို့ LNG စျေးနှုန်း အတက်အကျဟာ အစိုးရနဲ့ ကုမ္ပဏီ ကြားထဲက ချုပ်ဆိုထားတဲ့ ဓာတ်အားခ နှုန်းထားအပေါ် သက်ရောက်မှု မရှိဘူးလို့ နားလည်ထားပါတယ်
အဲ့တော့ LNG စျေးတက်လို့ လျှပ်စစ် မထုတ်ပေးနိုင်ဘူး ဆိုရင် ကုမ္ပဏီရဲ့ ပျက်ကွက်မှု ဖြစ်လို့ လက်ရှိ တိုင်းပြည်မှာ လိုအပ်နေတဲ့ ဓာတ်အားတွေ အတွက် ဘယ်လို တာဝန်ယူမှုတွေ အရေးယူမှုတွေ လုပ်ဆောင်ခိုင်းသလဲ မေးခွန်းပေါ်လာပါတယ်
ကိုဗစ်ဖြစ်နေတဲ့ အစောပိုင်း ကာလအတွင်း LNG စျေးနှုန်းတွေ ကျဆင်းနေတုန်းက မျိုးမျိုးမြတ်မြတ် စားပြီး LNG တွေ စျေးတက်လို့ ဆက်မလုပ်နိုင်ဘူးလို့ ဆိုလာရင် နိုင်ငံတော်အဆင့် ချုပ်ဆိုထားတဲ့ စာချုပ်တွေရဲ့ အဆင့်အတန်းနဲ့ ခိုင်မာမှုက သံသယ ဖြစ်စရာ ကောင်းလာပါတယ်
ထို့အတူပဲ လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာနက ထုတ်ပြန်တဲ့ အထဲမှာ လျှပ်စစ်ဓာတ်အား လုံလောက်အောင် ရရှိရေး အတွက် ရေအားနဲ့ နေအားကို တိုးမြင့် ထုတ်လုပ်မယ်လို့ ကြေညာသွားတော့ ၂၀၁၉ မှာ တင်ဒါ ခေါ်ခဲ့ပြီး ၂၀၂၀ နှစ်ဦးပိုင်းမှာ လျှပ်စစ် ထုတ်ပေးရမယ့် နေရောင်ခြည်စွမ်းအင်သုံး ပရောဂျက်တွေ ဘာတွေ ဖြစ်နေပြီလဲ မေးရပါမယ်။
ထုတ်ပြန်ချက်တွေ စျေးကွက် အတွင်း သတင်းတွေအရ တင်ဒါခေါ်တာ စုစုပေါင်း မဂ္ဂါဝပ် တစ်ထောင်နီးပါး အတွက် ပရောဂျက် ၃၀ ဖြစ်ပြီး ၂၉ ခုကို လုပ်ပိုင်ခွင့်တွေ ချပေးခဲ့တယ်
အဲ့ဒီ ၂၉ ခုကို အစိုးရက သတ်မှတ်တဲ့ စျေးနှုန်းနဲ့ လုပ်ဆောင်ခိုင်းတာ မဟုတ်ဘဲ တင်ဒါ ဝင်ပြိုင်သူတွေက သူတို့ လုပ်နိုင်တဲ့ စျေးနှုန်းနဲ့ တင်ထားတဲ့ အထဲက တင်ဒါ စည်းမျဉ်းစည်းကမ်းနဲ့ အညီ အနိမ့်ဆုံး စျေးပေးသူတွေကို တရားဝင် ရွေးချယ် တာဝန် ပေးခဲ့တာလို့ သိထားခဲ့တယ်။
ဒါပေမယ့် အဲ့ဒီ ပရောဂျက် ၂၉ ခုထဲမှာ ပြည်တွင်း ကုမ္ပဏီ သီးသန့်အနေနဲ့ တစ်ခုထဲ ပါဝင်ခဲ့ပြီး အဲ့ပရောဂျက် တစ်ခုပဲ အကောင်အထည် ပေါ်ခဲ့တယ်လို့ သိရတယ်
ထူးဆန်းတဲ့ တိုက်ဆိုင်မှု တစ်ခုက LNG စျေးတက်လို့ မထုတ်နိုင်ပါဘူးဆိုတဲ့ ကုမ္ပဏီရယ် တင်ဒါ အောင်ပြီး လုပ်ငန်းဆောင်ရွက်မှု မရှိတဲ့ ဆိုလာ ပရောဂျက် ၂၈ ခုထဲက ပရောဂျက် အများစုရယ်ရဲ့ နောက်ကွယ်က ရင်းနှီးမြုပ်နှံသူတွေဟာ တရုတ်နိုင်ငံရဲ့ State Owned Company တွေ ဖြစ်နေတာပါပဲ။
နိုင်ငံတော် အဆင့် ပရောဂျက်တွေ အကောင်အထည် ဖော်ရာမှာ တာဝန်ယူမှု တာဝန်ခံမှုဆိုတာ ကုမ္ပဏီရော အစိုးရရော နှစ်ဖက်လုံးမှာ ရှိရပါမယ်။ ဘယ်ဖက်က ပျက်ကွက်ပျက်ကွက် စာချုပ်ပါ အတိုင်း အရေးယူ ပေးဆပ်မှု ပြုရပါမယ်။
အဲ့လိုမှ မဟုတ်ရင် နိုင်ငံတော်အဆင့် သဘောတူညီမှု စာချုပ်စာတမ်းတွေက စာရွက်စုတ် တစ်ခုလောက်တောင် တန်ဖိုး မရှိဘဲ ခိုင်မာ မှန်ကန်တဲ့ ရင်းနှီးမြုပ်နှံသူတွေကို စိတ်ပျက်စေပြီး စီးပွားရေး လုပ်ဆောင်ရန် မယုံကြည်ထိုက်သော နိုင်ငံ တစ်ခု အဖြစ် ရောက်ရှိသွားစေနိုင်ပါတယ်
ဒါကြောင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ထုတ်ပြန်ပေးသော ပြည်သူသို့ ပြန်ကြားချက်ပါ အခြေအနေများကို ပြည်သူ တစ်ယောက် အနေနဲ့ နားလည် လက်ခံနိုင်ပေမယ့် နှစ်စဉ် တိုးတက်လာသော ဓာတ်အား လိုအပ်ချက်အရ အစိုးရ အဆက်ဆက်က အလျင်မီအောင် ကြိုတင် ကြံဆောင် လုပ်ဆောင်ခဲ့သော်လည်း
ကုမ္ပဏီတွေရဲ့ လွတ်လပ်သော သဘောဆန္ဒနဲ့ အညီ သူတို့ကိုယ်တိုင် တွက်ချက် တင်သွင်းတဲ့ ဓာတ်အားခတွေနဲ့ လုပ်ဆောင်ခွင့် ပြုထားတဲ့ အဆိုပါ လုပ်ငန်းတွေကို နှောင့်နှေး ကြန့်ကြာမှု ဖြစ်စေပြီး လက်ရှိမှာ ထုတ်လုပ်နေရမယ့် စုစုပေါင်း မဂ္ဂါဝပ် ၁၇၀၀ နီးပါးကို မထုတ်လုပ်နိုင်ဘဲ ဓာတ်အား လိုအပ်ချက်တွေ ဖြစ်ပေါ်စေကာ ပြည်သူတွေကို အတိဒုက္ခ တွေ့စေခဲ့တဲ့ အထက်ပါ ကုမ္ပဏီတွေကို မည်သို့သော အရေးယူမှုတွေ ထိရောက်စွာ လုပ်ဆောင်ထားကြောင်းကို ပြည်သူတွေ သိရှိအောင် ထုတ်ပြန်ပေးပါလို့ မေတ္တာရပ်ခံပါရစေ ခင်ဗျာ..