ပင်လယ်ထဲက လူသိနည်းတဲ့ ရှားပါး ရတနာတပါး (သို့) အုန်းခရု အမြုတေ

ကမ္ဘာတစ်ဝန်းလုံးတွင် ခရုမျိုးစိတ်ပေါင်း (၄၃၀၀ဝ) ခန့် ရှိကြပြီး ကုန်းခရု၊ ပင်လယ်ခရု၊ ရေချိုခရုဆိုပြီး ရှိကြပါသည်။

အုန်းခရုမှာ ပင်လယ်ခရုအမျိုးအစားတွင် ပါဝင်ပြီး ဖြည်းညှင်းစွာ ဝမ်းဗိုက်ဖြင့်တွားသွားကြတဲ့ သတ္တဝါများဖြစ်ကြပြီး အပြင်ဘက်တွင် အခွံမာကို မြင်နိုင်ကြပါသည်။

အုန်းခရုတို့လို ပင်လယ်ခရုတွေက ပုံမှန်အားဖြင့် သက်တမ်း(၅)နှစ်ခန့် အသက်ရှည်ကြပြီး အသက်အရှည်ဆုံးမှာ (၂၅) နှစ်ခန့် ရှိကြပါသည်။

အုန်းခရုအပါအဝင် ပင်လယ်ခရုများမှာ အတွင်းပိုင်းတွင် ပျော့ပျောင်းသော ခန္ဓာကိုယ်ရှိကြပြီး အပြင်ဘက်တွင် အခွံမာဖြင့် ကာကွယ်ဖုံးအုပ်ထားကြသည်။ အခွံအများစုမှာ ခရုပတ်ပုံစံအကွေးလေးတွေပါရှိကြသဖြင့် အမြင်တစ်မျိုး လှပကြပါသည်။

ပင်လယ်ခရုတွေမှာ သွားများမပါရှိကြဘဲ သွားတွေအစားမာကျောတဲ့ ကြိုးသာ ပါရှိကြပါသည်။ ပင်လယ်ခရုအများစုမှာ အသီးအရွက်စားများဖြစ်ကြပြီး အပင်၊ ရေညှိရေမှော်နှင့် ကျောက်တုံးကျောက်ဆောင်ကြားက သေးငယ်တဲ့ ကျောက်ပွင့်များကို စားကြပါသည်။

လူသိနည်းသည့် ရတနာတစ်ပါး သို့မဟုတ် ခရုအုန်းအမြုတေ

ပင်လယ်ငါးဖမ်းလှေများတွင် ဖမ်းယူရရှိသည့် ခရုအုန်း (ခေါ်) အုန်းခရုတစ်မျိုးအတွင်းမှ တစ်ခါတရံရရှိတတ်သည့် ခရုအုန်းအမြုတေသည် တန်ဖိုးကြီးမားသည့် ရတနာတစ်ပါးဖြစ်သည်ကိုကား သိသူနည်းလှပေသည်။

အဆိုပါ ခရုအမျိုးအစားများသည် မိမိဝမ်းဗိုက်အရေပြားကို မြေပေါ်၌ တွန့်၍ တွန့်၍ တစ်နေရာမှ တစ်နေရာသို့ တွားသွားတတ်ကြသည်။ ခရုအုန်း သို့မဟုတ် အုန်းခရုသည် ပင်လယ်ကြမ်းပြင်တွင် ကျက်စားနေထိုင်ကြသည့် ခရုတစ်မျိုး ဖြစ်သည်။

အဆိုပါခရုသည် အခွံခွာထားသည့် အုန်းသီးသဏ္ဌာန်ရှိ၍ ခရုအုန်း သို့မဟုတ် အုန်းခရုဟု ဒေသခံများခေါ်ကြသည်။ အရောင်အဆင်းမှာ ဝါကြန့်ကြန့်ဖြစ်ပြီး အခွံမာပြီး အခွံပေါ်တွင် အစက်ပြောက်များ အနည်းငယ်ရှိသည်။ လုံးပတ်အချင်း ၈ လက်မမှ ၁၉ လက်မအထိ အသက်အရွယ်လိုက်၍ အရွယ်အစား အမျိုးမျိုးရှိကြသည်။

အခွံအတွင်းအသားမှာ အစင်းများပါရှိပြီး အသားကို စားသုံးရန် အဓိကထားကြသည်။ ငါးဖမ်းပိုက်လှေများတွင် အခါအားလျော်စွာ ဖမ်းဆီးရမိကြပြီး အခြားငါးများနှင့်အတူ ပင်လယ်ကြမ်းပြင်မှတစ်ဆင့် ပိုက်အတွင်း ဖမ်းဆီးရမိတတ်ကြသည်။ အသားကို ရေနွေးဖြင့် ပြုတ်၍ ပါးပါးလှီးကာ သုပ်စားလေ့ရှိသည်။

ခရုအုန်းအသားသုပ်၏ အနေအထားနှင့် အရသာမှာ ဝက်နားရွက်သုပ်နှင့် ဆင်တူသည်။ ဟိုတယ်များတွင် ခရုအုန်းအသုပ်တစ်ပွဲလျှင် ငွေကျပ် သောင်းကျော်ခန့် ပေးရတတ်သည်။

ခရုအုန်း သို့မဟုတ် အုန်းခရုအခွံကို ကနုကမာနည်းပညာဖြင့် လက်ဝတ်ရတနာသိမ်းဆည်းသည့်ဘူး၊ ဆေးလိပ်ဘူး၊ ဆေးလိပ်ပြာခံခွက်နှင့် အခြားအနုပညာမြောက်ပစ္စည်းပေါင်းများစွာ ဖန်တီးထုတ်လုပ်ကြသည်။

အတွင်းအသားထဲတွင် မုတ်ကောင်အတွင်း ပုလဲဖြစ်တည်သည့် ဖြစ်စဉ်ကဲ့သို့ သဘာဝအလျောက် ဖြစ်တည်နေသည့် ခရုအုန်းအမြုတေကို ရရှိတတ်သည်။ ဒေသခံများက ခရုအုန်းပုလဲဟုခေါ်ကြသည်။

ပုလဲပုံသဏ္ဌာန်မှာ လုံးဝန်းသည့် သဏ္ဌာန်နှင့် ကြက်ဥပုံသဏ္ဌာန် အတွေ့ရများသည်။ အရွယ်အစားအမျိုးမျိုး တွေ့ရတတ်သည်။ အထူးသဖြင့် မုတ်ကောင်မှရသည့် သဘာဝပုလဲ၏ အရွယ်အစားဖြင့် ရရှိလေ့ရှိသည်။

အရောင်အဆင်းမှာ ဝါကြန့်ကြန့် ရွှေအိုရောင်အဆင်းကဲ့သို့ရှိပြီး ပုလဲမျက်နှာပြင်ပေါ်တွင် သဘာဝအလျောက်ဖြစ်ပေါ်နေသည့် အစင်းများ၊ အရစ်များ ပုံသဏ္ဌာန် အမျိုးမျိုး ကျစ်လျစ်သိပ်သည်းစွာ ဖြစ်တည်နေလေ့ရှိသည်။

ခရုအုန်းပုလဲကို ခရုအုန်းအကောင်တိုင်းတွင် တွေ့ရလေ့မရှိဘဲ တစ်ခါတစ်ရံမှသာ ရရှိတတ်သည့် ရှားပါးစာရင်းဝင် ရတနာတစ်ပါးဖြစ်ရာ အရောင်အသွေးနှင့် အလေးချိန်ကိုလိုက်၍ ငွေကြေး တတ်နိုင်သူများ သိန်းရာချီပေးဝယ်ယူတတ်ကြသည်။

အရှေ့အလယ်ပိုင်းဒေသများမှ သူဌေးသူကြွယ်များ၊ ဥရောပနှင့် အမေရိကမှ ရတနာကုန်သည်များ စျေးကြီးပေးဝယ်တတ်ကြသည်။ အထူးသဖြင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ဂုဏ်သရေရှိ သူဌေးသူကြွယ်များ အဆောင်လက်စွပ်အဖြစ် ဆင်မြန်းလေ့ရှိကြောင်း သိရပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page