တပိဿာ ၇၅၀၀ ဖြစ်သွားတဲ့ စားအုန်းဆီနဲ့ မြန်မာပြည်သူတွေရဲ့ နောက်ထပ် သောကလှိုင်းတလှိုင်း

အချိန် နှစ်လအတွင်း ဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် ၇၀၀ ကျပ်ခန့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပြည်ပတွင် စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ နီးပါးအထိမြင့်တက်လာကြောင်းသိရပါတယ်။

ပြည်ပက တင်သွင်းတဲ့ စားသုံးဆီ ဈေးနှုန်းတွေမြင့်တက်နေတာကြောင့် ဈေးဆိုင်ငယ်အချို့ရပ်နားထားရတယ်လို့ အခြေခံ စားသောက်ကုန် ရောင်းချသူတွေကပြောပါတယ်။

အခုလို ဆိုင်ငယ်တွေပိတ်လိုက်တာဟာ အခြားဆက်စပ် လုပ်ငန်းတွေကို ထိခိုက်ခဲ့ရသလို စားသုံးသူတွေကိုလည်း ထိခိုက်နေတယ်လို့လည်း ဆိုင်ငယ် ပိုင်ရှင်အချို့က ပြောပါတယ်။ ဆိုင်တွေပိတ်ရတာကြောင့် နေထိုင်ရေးစာရိတ်တွေ အတွက် အခြားအလုပ်ကိုင်တွေ လုပ်ကိုင်ပြီး ဖြေရှင်းနေ တယ်လို့ ဆိုင်ငယ်ပိုင်ရှင်တွေက ပြောပါတယ်။

ပြည်ပက တင်သွင်းတဲ့ စားဆီးဈေးနှုန်းတွေဟာ ပြီးခဲတဲ့ ၂၀၂၀ ခုနှစ်က တစ်ပိဿာကို ကျပ် ၂၀၀၀ ဝန်းကျင်၊ ၂၀၂၁ မတ်လမှာ ကျပ်၃၀၀၀ နဲ့ စက်တင်ဘာမှာ ကျပ် ၄၀၀၀ အထိ တရိပ်ရိပ်တက်လာခဲ့တာလို့ စားဆီရောင်းချ သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ လအတွင်း ကျပ် ၅၀၀၀ နီးပါးအထိ ဖြစ်လာခဲ့ရာကနေ လက်ရှိ ဖေဖော်ဝါရီလကုန်ပိုင်းမှာတော့ ကျပ် ၆၀၀၀ ကျော်အထိ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

ပြင်ပဈေးကွက်ရှိ လက်ရှိပေါက်ဈေးမှာတင်ပို့သည့် နိုင်ငံနှင့်ဆီအမျိုးအစားအလိုက် တစ်ပိဿာလျှင် ၆၃၀၀ ကျပ်မှ ၇၅၀၀ ကျပ်ဈေးအထိရောင်းချကြောင်း ဈေးကွက်အတွင်း သိရပါတယ်။ ဈေးကွက်အတွင်း ရောင်းချရာတွင်လည်း တဦးလျှင် တပိဿာနှုန်းထားကဲ့သို့ ကန့်သတ်ပြီး ရောင်းချနေကြတယ်လို့ သိရပါတယ်။

ထိုသို့ ဈေးနှုန်းမြင့်မားလာရခြင်းမှာ တင်ပို့သည့်နိုင်ငံမှ မူရင်းဈေးနှုန်းမြင့်မားလာခြင်းအပြင် ရန်ကုန်ဆိပ်ကမ်းအရောက် တင်ပို့ဈေးနှုန်းများမြင့်မားလာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်အရသိရပါတယ်။

နိုင်ငံတကာ အခြေအနေတွေမှာလည်း ယူကရိန်းကို ရုရှား က ဝင်ရောက် တိုက်ခိုက်ခြင်းကြောင့် နေကြာဆီ ထုတ်လုပ်နိုင်တဲ့ ပမာဏ လျော့ကျသွားလို့ မတ်လ ၁ ရက် အင်္ဂ်ါနေ့မှာ စားအုန်းဆီ ဝယ်လိုအား မြင့်တက်ပြီး ဈေးတွေ စံချိန်သစ် တင်သွားပပါတယ်။

ယူကရိန်းက နေကြာဆီ ကမ္ဘာ့အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံ ဖြစ်ပြီး ကမ္ဘာ့အများဆုံး တင်ပို့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ကမ္ဘာ့နေကြာဆီ တင်ပို့မှုမှာ ဈေးကွက်ဝေစု ၄၇% က ယူကရိန်းမှ တင်ပို့တာ ဖြစ်ပါတယ်။

ကမ္ဘာ့နေကြာဆီတင်ပို့မှုရဲ့ ၂၉.၉% ကို ရုရှားက တင်ပို့ပါတယ်။ ၂၀၂၀ နှင့် ၂၀၂၁ တို့မှာ ရုရှားနှင့် ယူကရိန်း ၂ နိုင်ငံ စုစုပေါင်းတင်ပို့မှုက ကမ္ဘာ့နေကြာဆီတင်ပို့မှုရဲ့ ၇၀% ကျော်မှာ ရှိခဲ့ပါတယ်။ ဟင်းသီးဟင်းရွက်ဆီအမျိုးမျိုးမှာ နေကြာဆီက ကမ္ဘာ့တတိယအများဆုံး ရောင်းဝယ်တဲ့ဆီ ဖြစ်ပြီး စားအုန်းဆီက ပထမ၊ ပဲပုပ်ဆီက ဒုတိယ အများဆုံး ဖြစ်ပါတယ်။

ယခု အချိန်တွင် နေကြာဆီ အများဆုံး ထုတ်လုပ်တဲ့ နှစ်နိုင်ငံ စစ်ဖြစ်နေတာကြောင့် နိုင်ငံခြားသို့ တင်ပို့မှု လျော့နည်းသွားမှာ ဖြစ်ပါတယ်။ နေကြာဆီ မရတော့တဲ့ လစ်ဟာချက်ကို စားအုန်းဆီနှင့် ပဲပုပ်ဆီတို့ဖြင့် ယာယီအစားထိုးဖို့ အတွက် အများအပြား ဝယ်ယူနေကြတာ ဖြစ်ပါတယ်။

ရုရှားက ကမ္ဘာ့ ဓာတ်မြေဩဇာ တင်ပို့မှုမှာ ဓာတ်မြေဩဇာအကြမ်း ၁၃% ၊ ဓာတ်မြေဩဇာ အပြီးသတ်အချော ၁၆% တင်ပို့နေတဲ့ နိုင်ငံဖြစ်တာကြောင့် စိုက်ခင်းသမားများအနေဖြင့် ဓာတ်မြေဩဇာ ဈေးနှုန်းများ မြင့်တက်ခြင်း အပါအဝင် ထုတ်လုပ်မှု ကုန်ကျစရိတ်များ မြင့်တက်လာတာကို ၂၀၂၂ ဒုတိယနှစ်ဝက်မှာ ကြုံရဖွယ် ရှိတယ်လို့ ဆိုပါတယ်။

ညောင်ဦး ကမ်းပါးပြိုတာ စမ္ပနဂိုရ်က နွားမ ပေါင်ကျိုးဆိုသလို ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှု မလုံလောက်လို့ ပြည်ပက တင်သွင်းနေရတဲ့ မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာဈေးကွက်ရဲ့ ရိုက်ခတ်မှုကြောင့် စားသုံးဆီဈေးများ ပိုမိုမြင့်တက်လာတော့မှာ ဖြစ်ပါတယ်။

ကျပ်ငွေတန်ဖိုး လျော့နည်းလာခြင်း၊ စီးပွားရေး နလံမထူနိုင်ခြင်းနဲ့ နိုင်ငံရေး မတည်ငြိမ်ခြင်းများကြောင့် ပြည်သူများ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ကြုံတွေနေရချိန်မှာ နောက်ထပ် သောက လှိုင်းလုံး တလုံး ရိုက်ခတ်လာဦးမယ်ဆိုတဲ့ အကြောင်းကို ဖော်ပြ လိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page