အမေ့ရဲ့ အွန်လိုင်းရှော့ပင် ရောင်းတော်မူခန်းနဲ့ ပန်းရံပဲ လုပ်တော့မယ့် သားသမီးများ

အိမ်ကအမေ အွန်လိုင်းရှော့ လုပ်တာ သိပ်တော်တယ်ပြောရမယ်။ နယူးရီးယား နားနီး ရောင်းဖို့အကြံနဲ့ စျေးကွက်တွေမြင်ပြီး မေမြို့က မက်မန်းဝိုင် အလုံး ၁၀၀ တိတိအရင်ဝယ် ဖေ့ဘွတ် ပေါ်က ဖရန့် ၂၀၀ မြင်အောင် Post တွေတင်..

ဒါနဲ့တင်အားမရ ဘော်ဒါဘော်ကျက် ဆွေမျိုးတစ်သိုက်တွေရဲ့ မက်ဆင်ဂျာ တွေဆီမှာပါ လိုက်စပ်တာ.. စျေးမရောင်းရတဲ့အပြင် ငိုပြလို့ ပိုက်ဆံတွေ ပြန်ချေးရ တူမတွေက တဖန်မုန့်ဖိုးပြန်တောင်းလို့ပေးရ Simple တောင်းလို့ Free Deli နဲ့ပို့ပေးရ

ဒီကြားထဲ အဖေက ကစ်လိုက် သားကမြည်းလိုက်နဲ့ ဝိုင်ပုလင်း ၁၀၀ လုံး ပြိုက်ကနဲပဲ ရောင်းရတာ တစ်ပုလင်းမှမရှိဘဲ ကုန်ရော အံမယ် ဒါကို စျေးကွက်ယန္တရား လည်တယ်​ဟဲ့ဆိုပြီး ထပ်မှာဖို့လုပ်နေသေးလို့ တားယူရတယ်။

စျေးရောင်းတော်ချက် ပြောရဦးမယ်.. ချက်ဘောက် ထဲက OS လုပ်တဲ့ သူ့ဘော်ဒါကို သွား Join တာတဲ့။ “ညီမရေ ဝိုင်ပုလင်းလေး အားပေးပါဦး စျေးနှုန်းသင့်တယ် တစ်ပုလင်း ၈၀၀၀ ထဲရယ် နယူးရီးယားကျ အပီကဲလို့ရတာပေါ့”

ဟိုက ဝါရင့် OS ရောင်းလာတဲ့ဂျိုး သူ့လို မာလာရှမ်းကောဖိုးရရုံ OS ထလုပ်တာမဟုတ်ဘူး။ “ဟာ ဟုတ်လား OS လုပ်နေပြီပေါ့ ကောင်းတယ် အစ်မ ..အဆင်ပြေပါစေ လိုရင်ပြောမယ်လေ ညီမအသိတွေထဲက ဝယ်မယ်ဆိုလည်း အစ်မဆီပြောပါ့မယ် ဒါနဲ့အစ်မ ညီမလေးဆီက အနွေးထည်လေး အားပေးပါဦး ဆောင်းတွင်းအေးနေပြီနော့ ပြီးတော့ အစ်မ အသားအရေနဲ့ လိုက်မှာ အစ်မသာဝတ်လိုက်ရင် ၂၀ အရွယ်လေးလို နုဖတ်ဥအပ်သွားမှာ အဟင်းဟင်း..

သြော် ဆိုဒ်စုံရှိတယ်နော့ အစ်မအမျိုးသားရော အစ်မ သားသမီးတွေအတွက်ပါ ဝယ်ပေးပေါ့ ဘယ်လိုပြောရမလဲ ကိုရီးယား Family ဖြစ်ပြီပေါ့ ခ်ခ် ငွေရေးကြေးရေးက အဓိကမဟုတ်ပါဘူး အဓိကပိုက်ဆံ … အချင်းချင်းတွေပဲ ရပါတယ် ခဏနေမှ ညီမ ဝေဗ့်အကောင့် ထဲထည့်နော်” ကိုရီးယား ဆိုတဲ့စကားက အမေ့ အရှိုက်ကို တန်းကနဲထိစေပြီ အမေပဲ ဘယ်ရလိမ့်မလဲ မိသားစုလိုက် ဝတ်ဖို့ အနွေးထည် ၇ ထည်တိတိဝယ်ပစ်တာ စုစုပေါင်း ၁ သိန်း ၂သောင်းဖိုး

ကိုယ်ကရောင်းဖို့သွားတာ ဟိုကပြန်ရောင်းလိုက်လို့ ငုတ်တုပ်ပါမေ့ရော Deli လာပို့တော့ ကိုရီးယားကုတ်ဆိုလို့ ဝမ်းသာအားရ ဝတ်ကြည့်မိပါတယ် ဘယ့်နှယ့် မုဒုံစောင်ကို ပတ်ထားတာကမှ လှဦးမယ် တစ်မိသားစုလုံး မသိရင် ဘုရားပွဲစျေး လိုက်တောင်းတဲ့ အနူအဖွဲ့ကျနေတာပဲရယ် နဂိုရုပ်ပါပျောက်တယ်။

ဟိုတလောကလည်း အဲ့လိုပဲ ကျွဲကောသီး ဒူးရင်းသီး အွန်လိုင်းမှာ လိုက်ဖ် လွှင့်ရောင်းကြမယ်တဲ့။ ကိုယ်လည်း အဟုတ်မှတ်လို့ပေါ့ အမေက အရင်ထဲက ကြံရည်ဖန်ရည်ရှိတယ်မှတ်လား ယုံမိတယ် ဒါနဲ့ မသိမသာလေး စောင့်ကြည့်မိတယ်။

မှာတဲ့နေရာက တောင်ကြီး ရန်ကုန်ထိ Deli ခနဲ့ ဟော အိမ်လည်းရောက်ရော အသီးတွေက ရွှေထက်စျေးကကြီးနေပြီ အံမယ် အဲ့ဒါကိုတောင် ငါ့သစ်သီးက Original လုပ်နေသေး စဉ်းသာစဉ်းစားကြည့်… ကိုယ့်အနီးအနားက စျေးတွေမှာ တစ်လုံး ၁၀၀၀ / ၁၅၀၀ ပေးရင် ဝယ်လို့ရနေတဲ့ ကျွဲကောသီးကို အမေ အွန်လိုင်း မှာ ပြန်ရောင်းတာ ၃၅၀၀ တဲ့ သူ့ဘာသာ တောင်ကြီးသီးမကလို့ ဂျပန်က အသီးပဲဖြစ်ဖြစ် ဘယ်သူကဝယ်မလဲ။

ပထမတစ်ရက် အွန်လိုင်းမှာ ပုံနဲ့တကွ စျေးနှုန်းရေး တင်တယ် နဂို အမေ့ကို Like ပေးနေကျလူတွေပါ မပေးတော့ဘူး မသိမသာကျော်ကုန်ပြီ မကောင်းတတ်လို့ လိုင်းပေါ်မီးစိမ်းနေရင်တောင် အမေ့ Post မြင်ရော လိုင်း Out ကုန်တာ အဲ့သလောက် ချစ်ကြတာလေ

တစ်လုံးမှ စျေးဦးမပေါက်တာနဲ့ အမေ့ကျွဲကောသီး အမေပြန်ဝယ် ဘုရားဆွမ်းတော်ကပ်လိုက်ရတယ်… နောက်ရက် ကျွဲကောသီးက မှဲ့လာနေပြီ ဒီတိုင်းဆို နောက် ရက်တွေဆို ပုပ်ကုန်တဲ့အထိဖြစ် ရှုံးတော့မှာကိုး ဒါနဲ့ လိုက်ဖ် လွှင့်မယ် လုပ်ပြန်တယ် ကျွဲကောသီးတွေ တန်းစီခွဲထားပြီး သနပ်ခါးအဖွေးသားနဲ့ အမေတစ်ယောက် နာရီဝက်နီးပါး တစ်ယောက်ထဲစကားတွေပြော Only Me ကြီးလုပ် လိုက်ဖ်လွှင့်နေတာမြင်လို့ Public ပြန်ပြောင်းပေးလိုက်ရသေး လုပ်ပုံ.. OS သာလုပ်ချင်တာ Fb က မကျွမ်း.

၁ နာရီကျော်သာ အချိန်ကုန်သွားတယ် Viewer က စုစုပေါင်း ၈.ယောက်က တက်မလာ အဲ့ ၈ ယောက်ကိုကြည့်ဦး အိမ်က လူတွေချည်းပဲရယ်..။ စျေးရောင်းရ မရောင်းရတော့မသိဘူး အမေတစ်ယောက် ၃ ရက်လောက် အိပ်ယာထဲက မထနိုင်ဘူး ဘာလို့လဲ သိလား လိုက်ဖ် လွှင့်ရင်း ဝယ်သူလာလိမ့်နိုးနဲ့ ကျွဲကောသီးတွေ တစ်မွှာပြီးတစ်မွှာ ယောင်လို့စားမိတာ ၃ လုံးလောက် ပြိုက်ကနဲကုန်မှ သိပြီး ကမန်းကတန်း လိုက်ဖ် ပိတ် OS က ဂျင်းမိဝယ်ထားတဲ့ အဆီကျပိန်ဆေးကို ဝမ်းပိတ်ဆေးအမှတ်နဲ့ ပြေးသောက်တာလေ တက်သွားလို့ ခြေမချိုး မနည်းနှာနှပ်ယူရတယ်။

နောက်များတော့ အမေ OS လုပ်မယ် အသံကြားတာနဲ့ တစ်အိမ်သားလုံး ယူအီးစီ ကို ယူအက်စ်ဒီပီက ကန့်ကွက်သလို အသေအလဲ အုံနဲ့ကျင်းနဲ့ ကန့်ကွက်တော့တာပဲ အမေရယ် တော်ပါတော့ သားတို့ ပန်းရံပဲလုပ်ကျွေးပါ့မယ်လို့။

[Soe Moe Naing] (26, Dec, 2020)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page