မြန်မာအတွက် ဆုတောင်းနေဆဲ ချန်ပီယံကြီး အောင်လနဲ့ မရမ်းကုန်းက အိပ်ယာပျောက်သွားတဲ့ ပြည်သူတွေ

ယနေ့ စင်ကာပူနိုင်ငံမှာ ကျင်ပပြုလုပ်တဲ့ ဝမ်းချန်ပီယံရှစ် ပြိုင်ပွဲရဲ့ မစ်ဒယ်ဝိတ်တန်းပွဲစဉ်မှာ မြန်မာ့စပါးအုံးလို့ ဘွဲ့နာမည်ရတဲ့ အောင်လအန်ဆန်းက ဂျပန်နိုင်ငံသား ယူရှင်း အိုကာမီကို ပထမအချီ ၁ မိနစ်ကျော်မှာပဲ အလဲထိုး ပြီးအနိုင်ရရှိသွားပါတယ်။

ဂျပန်နိုင်ငံသားကို အနိုင်ယူပြီးနောက် အောင်လအန်ဆန်းက “မြန်မာနိုင်ငံရေ ငါမင်းအတွက် ဆုတောင်းပေးနေပါတယ်။ ဒီနောက်ဆုံး ၂နှစ်ဟာ အားလုံးအတွက် ခက်ခဲတဲ့နှစ်တွေဖြစ်တယ်။ မင်းတို့ကို ငါချစ်ပါတယ်။ ငါတို့နိုင်ငံအတွက် ခက်ခဲမှုတွေ ရှိခဲ့တယ်။ ဆက်ပြီးတော့ဆုတောင်းပေးနေပါတယ်။ ဘုရားသခင်က ငြိမ်းချမ်းမှုပေးလိမ့်မယ်လို့ ယုံကြည်စွာပြောလိုပါတယ်။ အားလုံးကိုချစ်တယ်” လို့ အောင်လအန်ဆန်းက ပြောပါတယ်။

အဲဒီလို ချန်ပီယံကြီး အောင်လက ဆုတောင်းပေးနေစဉ်မှာပဲ မရမ်းကုန်းမြို့နယ်က ရာပေါင်းများစွာသော အိမ်တွေကို စကစက စက်ယန္တရား အများအပြားနဲ့ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အိမ်ခြေမဲ့သွားပြီး အိပ်စရာ နေရာ မရှိတော့တဲ့ ပြည်သူတွေဟာ အပျက်အစီးတွေ ကြားထဲမှာ တဝဲလည်လည်နဲ့ ဖြစ်နေတယ်လို့ သိရပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ထင်ရှားကျော်ကြားသူတွေ ပြောတဲ့စကားမှာ အများဆုံး ပါဝင်တဲ့ စကားလုံးကတော့ ဆုတောင်းပေးနေတယ်ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ ဆုတောင်းတိုင်းသာ တကယ် ဖြစ်ခဲ့ရင်ဆိုတဲ့ ကိစ္စဟာ လောကကြီးမှာ မဖြစ်နိုင်တဲ့ ကိစ္စတခု ဖြစ်ပါတယ်။

မြန်မာပြည်သူတွေ တကယ်လိုအပ်နေတာ ထိရောက်တဲ့ အကူအညီ ဖြစ်ပါတယ်။ ဆုတောင်း စကားတွေ မဟုတ်ပါဘူး။ ဂရုဏာစိတ်ထက် ပိုတဲ့ မြေပြင်အကူအညီတွေ ဖြစ်ပါတယ်။

လုပ်စားလို့ ကောင်းရုံ၊ အပြကောင်းရုံ၊ လူကြားကောင်းရုံ ဆုတောင်းပေးနေတယ်ဆိုတဲ့ စကားလုံး လှလှလေးတွေထက် တကယ်အလုပ်ဖြစ်တဲ့ အကူအညီမျိုးကို ပိုလိုအပ်တယ်ဆိုတာ ချန်ပီယံကြီး အောင်လ သိအောင် ဒီနေရာကနေ အကြံပေးလိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page