ကားဈေး မတန်တဆ မြင့်တက်လာမှုနဲ့အတူ လှုပ်ခတ်လာမယ့် အိမ်ခြံမြေဈေးကွက် အလားအလာ
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တိုက်ခန်းထက် မြေကွက်နဲ့ လုံးချင်းတွေ ပိုအရောင်းအဝယ်ဖြစ်နေပြီး ဈေးနှုန်းတွေကလည်း အနည်းငယ်မြင့်တက်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်ဈေးကွက်က သိရပါတယ်။
အမှန်တကယ် နေအိမ်လိုအပ်ချက်ရှိသူအများစုက တိုက်ခန်းထက် မြေကွက်နဲ့ မြေကွက်ပါလုံးချင်းအိမ်တွေကို ဝယ်ယူလာကြပြီး တိုက်ခန်းတွေကတော့ အရောင်းအဝယ် လုပ်ဆောင်ရတာလွယ်ကူတာကြောင့် ဝယ်ရောင်းသမားတွေက အဝယ်ပိုများတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်လောက်ကတည်းက အေးစက်ခဲ့တဲ့ ရန်ကုန်အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်ဟာ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး ပြန်လည်လှုပ်ခတ်လာတာပါ။ အခုလို ဈေးကွက် ပြန်လှုပ်ခတ်လာတာနဲ့အတူ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဈေးတွေကလည်း မြင့်တက်လာတာတွေကြောင့် ရန်ကုန်မှာရှိတဲ့ အိမ်ခြံမြေတိုက်ခန်းဈေးနှုန်းတွေဟာ အရင်နှစ်တွေကထက် ဈေးနှုန်းတွေ မြင့်တက်လာနေပါတယ်။ အခုရက်ပိုင်းမှာ မြေကွက်အရောင်းအဝယ်ရှိပေမယ့် တိုက်ခန်းအရောင်းအဝယ်တွေက အနည်းငယ်အေးနေတယ်လို့ တောင်ဥက္ကလာပမြို့နယ်က အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဆင်ခြေဖုံးမြို့နယ်က မြေကွက်တွေ ပိုမိုအရောင်းအဝယ်ဖြစ်နေပြီး အနိမ့်ဆုံးကျပ်သိန်း ၆၀၀ ကနေ အမြင့်ဆုံးကျပ်သိန်း ၅သောင်း/ ၆သောင်း တန်ဖိုးရှိတဲ့ မြေကွက်နဲ့လုံးချင်းတွေ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ကျပ်သိန်းနှစ်ထောင်ကနေ ကျပ်သိန်းသုံးထောင်အထက် ဈေးနှုန်းမြင့်တဲ့ တိုက်ခန်းတွေကတော့ အရောင်းအဝယ်လုပ်ဖို့ အခက်အခဲရှိနေသးတယ်လို့ အိမ်ခြံမြေဈေးကွက်က သိရပါတယ်။
မြန်မာပြည်မှာ ကားဈေးတက်လာရင် အိမ်ဈေးတွေလည်း တက်လာလေ့ ရှိတာကြောင့် ယခုလို ကားဈေးတွေ အဆမတန် တက်လာချိန်မှာ အိမ်ခြံမြေဈေးကွက်အပေါ် သက်ရောက်လာတဲ့ အခြေအနေတွေနဲ့ ဘယ်လို လှုပ်ရှားပြောင်းလဲမှုတွေ ဖြစ်လာမလဲဆိုတာ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။