ဆီဈေးကြီးမှုကြောင့် ရှမ်းပြည် ဂေါ်ဖီနှင့် မုန်လာထုပ်များ တထုပ်တကျပ်ဈေးဖြင့်တောင် ဝယ်သူမရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့နယ်တွင် ဝယ်သူမရှိပဲအရှုံးပေါ်နေသည့် ပန်းဂေါ်ဖီ နှင့် မုန်လာထုပ်စိုက်ခင်းများအား စိုက်ပျိုးသည့်တောင်သူများကိုယ်တိုင် ဖျက်ဆီးရှင်းလင်းနေရကြောင်း ဒေသခံများထံမှ သိရပါတယ်။

“တစ်ဧကကို ကုန်ကျစရိတ်က ၁၈ သိန်းဝန်းကျင်ရှိတယ်။ တစ်ဧကကို ပန်းဂေါ်ဖီနဲ့ မုန်လာထုပ် ၁ သောင်း ၃ ထောင် ဝန်းကျင်ထွက်တယ်။ တစ်ပွင့်ရောင်းရငွေ တစ်ရာကျပ် အရမ်းကောင်းရင် နှစ်ရာကျပ် ရောင်းရတာ ” ဟု ပင်းတယမြို့နယ် ဒေသခံ တောင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိတွင် စက်သုံးဆီစျေးနှုန်း အဆမတန်မြင့်တက်နေသည့်အတွက် ပန်းဂေါ်ဖီ နှင့် မုန်လာထုပ်များ သယ်ယူပို့ဆောင်ရောင်းချရန် အခက်အခဲများဖြစ်ပေါ်နေပြီး ဝယ်သူမရှိသည့်အပြင် ပိုးကျနေမှုကြောင့် တောင်သူများကိုယ်တိုင်က ပြန်လည် ဖျက်ဆီးနေကြရသည်ဟု ဒေသခံအချို့က ပြောပါတယ်။

“ဒီဘက်က ထွက်တဲ့ ပန်းဂေါ်ဖီ၊ မုန်လာထုပ်တွေက ကားနဲ့တင်ပြီး ရောင်းကြရတာ။ ဝယ်ပြီး ပြန်ရောင်းတဲ့သူတွေကလည်း ဒီဆီစျေးနဲ့ အမြတ်မကျန်တော့ မဝယ်ကြဘူး။ စိုက်ခင်းတွေလည်း ပိုးကျကုန်တာကြောင့် ကိုယ်တိုင်ဖျက်ဆီးနေရတယ်။ ရှမ်း – ကယားနယ်စပ် စစ်ဘေးရှောင်ပြည်သူတွေကို ကူညီနေသူတွေအနေနဲ့လည်း စစ်ရှောင်ပြည်သူတွေ စားဖို့ ဒီကပန်ဂေါ်ဖီ၊ မုန်လာထုပ်တွေ အခမဲ့ လာယူလို့ရပါတယ်” ဟု ပင်းတယမြို့နယ် ဒေသခံ တောင်သူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲများဖြစ်ပွားနေသည့် ရှမ်း – ကယားနယ်စပ်ဒေသရှိ စစ်ဘေးရှောင်ပြည်သူများအား ကူညီပေးနေသူများအနေဖြင့်လည်းရှမ်းပြည်နယ်(တောင်ပိုင်း)ပင်းတယမြို့နယ်က ပန်းဂေါ်ဖီထုပ် နှင့် မုန်လာထုပ်များကို စစ်ရှောင်ပြည်သူများအတွက် အခမဲ့ လာရောက်ယူဆောင်နိုင်ကြောင်း ပင်းတယတောင်သူများက ဖိတ်ခေါ်ထားပါတယ်။

ယခင်နှစ်များက ယခုနှစ်ကဲ့သို့ ပန်းဂေါ်ဖီ နှင့် မုန်လာထုပ်စိုက်တောင်သူများက ၎င်းတို့၏ စိုက်ခင်းများအား ပြန်လည်ဖျက်ဆီးရသည့် အဖြစ်မျိုး မကြုံခဲ့ဖူးကြောင်း စစ်အာဏာသိမ်းပြီး ၁ နှစ်ကျော် ကာလအတွင်းမှာ စက်သုံးဆီစျေးနှုန်း ၄ ဆ ကျော် မြင့်တက်နေသည့်အတွက် ပန်းဂေါ်ဖီ နှင့် မုန်လာထုပ်စိုက်တောင်သူများ အရှုံးပေါ်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။

ကိုယ့်လက်နဲ့ စိုက်ပျိုးထားတဲ့ သီးနှံတွေကို ကိုယ်တိုင် ဖျက်ဆီးနေရတာကြောင့် တောင်သူတွေအနေနဲ့ စိတ်ဆင်းရဲမှုတွေနဲ့ နေ့စဉ် ကြုံတွေ့နေရပါတယ်။ စက်သုံးဆီ ဈေးနှုန်း အဆမတန် မြင့်တက်မှုကြောင့် ကုန်စည်စီးဆင်းမှု ကမောက်ကမဖြစ်သွားပြီးတဲ့နောက်မှာ စိုက်ပျိုးရေးလုပ်တဲ့ တောင်သူလယ်သမားတွေအနေနဲ့ ဆုံးရှုံးမှုတွေ အများအပြားနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page