တနာရီ မိုင်တထောင်နှုန်းနဲ့ ကမ္ဘာကြီးလည်နေတဲ့အကြောင်းကို လူတွေ မသိရတဲ့ အကြောင်းရင်း

ကမ္ဘာကြီးက လည်နေပါတယ်။ တစ်နာရီကို မိုင် ၁၀၀၀ နှုန်းနဲ့ လည်နေတာပါ။ အဲဒီတော့ ဒီကမ္ဘာကြီးပေါ်မှာ နေတဲ့ ကျွန်တော်တို့တွေလဲ တစ်နာရီကို မိုင် ၁၀၀၀ နှုန်းနဲ့ ခရီးသွားနေတာပေါ့။ ဒါ အသံထက် မြန်တဲ့ နှုန်းနော်။ ဒီလောက်မြန်တဲ့ အရှိန်နဲ့ ခရီးသွားနေတာဆိုရင် ဘာ့ကြောင့် ကမ္ဘာလည်နေတာကို ကျွန်တော်တို့ မခံစားရတာလဲ။

ကမ္ဘာကြီး လည်နေတာကို မခံစားရတာကို ရူပဗေဒ ပညာရပ်က အဖြေပေးနိုင်ပါတယ်။ ရထားစီးဖူးတဲ့သူတွေ၊ လေယာဉ်စီးဘူးတဲ့ သူတွေဆိုရင် တစ်ခုသတိထားမိပါလိမ့်မယ်။

အဲ့ဒါကတော့ ရထား၊ လေယာဉ် အရှိန်နဲ့ သွားနေချိန်မှာ လှုပ်နေသော်လဲ ဘယ်ဖက်ကို သွားနေလဲ ဆိုတာကို (မျက်စေ့မှိတ်ထားရင်၊ သို့မဟုတ် အပြင်ကို မကြည့်ရင်) မသိနိုင်ပါဘူး။

အကယ်လို့ လေယာဉ်က လေဝဲမရှိလို့ ငြိမ်နေမယ်၊ ရထားကလဲ သူများနိုင်ငံက ရထားလမ်းတွေလို အဖုအထစ် မရှိတဲ့ ရထားလမ်းမှာ မောင်းနေမယ် ဆိုရင် သွားနေမှန်းတောင် မသိနိုင်ပါဘူး။

ကမ္ဘာကြီး တစ်နာရီကို မိုင် ၁၀၀၀ နှုန်းနဲ့ လည်နေပေမယ့် ဒီလိုလည်နေတာကို ကမ္ဘာပေါ်က ကျွန်တော်တို့ မခံစား မသိရှိရတာလဲ ဒီသဘောပါပဲ။ ဒီလိုဖြစ်ရတာ ဘာကြောင့်တုန်းဆိုတော့ ရူပဗေဒ သဘောအရ ကျွန်တော်တို့ ရှိနေတဲ့ ယာဉ်၊ ရထား၊ လေယာဉ်၊ ကမ္ဘာဆိုတာတွေဟာ “မူလရည်ညွှန်းရပ်” (Frame of Reference) ဖြစ်လို့ပါ။

ဆိုလိုတာက ကျွန်တော်တို့ရဲ့ ဦးဏှောက်က ကျွန်တော်တို့ ရှိနေတဲ့ ယာဉ်ကို မူလအနေနဲ့ သတ်မှတ်ပြီး အခြားပတ်ဝန်းကျင်ကို ကြည့်ရှုလို့ပါ။ ဒါ့ကြောင့် ကျွန်တော်တို့ ရှိနေတဲ့ ယာဉ်က ရွှေ့နေပေမယ့် ကျွန်တော်တို့ရဲ့ ဦးဏှောက်က ကျွန်တော်တို့ ရှိနေတဲ့ ယာဉ်ဟာ ရပ်နေပြီး ပတ်ဝန်းကျင်က ရွှေ့နေတယ်လို့ ထင်နေပါတယ်။

ဒီ မူလရည်ညွှန်းရပ် (Frame of Reference) ဟာ ကြည့်နေတဲ့ သူကို လိုက်ပြီး ကွဲပြားပါတယ်။ ရထားဘူတာရုံမှာ ရပ်နေတဲ့ သူအတွက် မူလရည်ညွှန်းဟာ မြေပြင်ဖြစ်ပါတယ် (သူကမြေကြီးပေါ် ရပ်နေတာကိုး)။

ဒါပေမယ့် ရထားပေါ်က ခရီးသည် အတွက်ကတော့ မူလရည်ညွှန်းရပ်ဟာ ရထားဖြစ်ပါတယ် (သူက ရထားကြမ်းပြင်ပေါ် ရပ်၊ ထိုင် လိုက်လာတာကိုး)။ ဒီအတွက် ဘူတာကို ရထား ဖြတ်သွားချိန်မှာ ဘူတာထဲကသူက ရထား ရွှေ့နေတာကို မြင်ရပေမယ့် ရထားပေါ်က သူကတော့ ရထားက ရပ်နေပြီး ဘူတာက ရွှေ့သွားတာလို့ မြင်ပါတယ်။ (ကျွန်တော်တို့ရဲ့ ဦးဏှောက်က အသိဉာဏ်နဲ့ အတွေ့အကြုံ ရှိတဲ့အတွက် ဒါမဟုတ်ဘူး၊ ရထားက ရွှေ့နေတာလို့ ပြန်ပြီး ပြင်ပေးလို့ ကျွန်တော်တို့က ရထားရွှေ့နေတယ်လို့ အမှန်ကို သဘောပေါက်တာပါ။)

ကမ္ဘာနဲ့ အာကာသကောင်းကင်ကလဲ ဒီသဘောပါပဲ။ တကယ်က အာကာသ စကြာဝဠာကြီးက ငြိမ်နေပြီး ကမ္ဘာက လည်နေတာပါ။ ဒါပေမယ့် ကျွန်တော်တို့က ကမ္ဘာပေါ်မှာ ရပ်နေတာဆိုတော့ ကျွန်တော်တို့ရဲ့ မူလရည်ညွှန်းရပ်က ဒီလည်နေတဲ့ ကမ္ဘာကြီး ဖြစ်နေပါတယ်။

ဒီတော့ ကျွန်တော်တို့က ကမ္ဘာလည်တာကို မခံစားရပဲ အာကာသ မိုးကောင်းကင်ကြီးက လည်နေတယ်လို့ပဲ သိမြင်ခံစားရပါတယ်။ ကမ္ဘာအပြင်ဖက် အာကာသထဲ ထွက်ကြည့်တော့မှသာ ကမ္ဘာကြီး လည်နေတယ်ဆိုတာ ကျွန်တော်တို့ မြင်နိုင်မှာ ဖြစ်ပါတယ်။ (ကျွန်တော်တို့ရဲ့ မူလရည်ညွှန်းရပ်က အာကသ ဖြစ်သွားတာကိုး။)

ရထားဥပမာနဲ့ ကျွန်တော်တို့ ကမ္ဘာလည်နေတာနဲ့ အဓိက ကွာခြားချက်ကတော့ ရထားဟာ တချိန်လုံး အရှိန်နှုန်း တစ်ခုတည်းနဲ့ မရပ်မနား မျဉ်းဖြောင့်အတိုင်း သွားနေတာ မဟုတ်တာ ပါပဲ။ ရထား အရှိန် လျှော့တဲ့ အခါမျိုး၊ အရှိန် တင်တဲ့ အခါမျိုးတွေဆို ရွေ့လျားမှုကို ကျွန်တော်တို့ ခံစားရပါတယ်။

ဒီလိုပဲ ရထားကွေ့တဲ့ အခါမျိုးတွေမှာလဲ ရွေ့လျားမှုကို ကျွန်တော်တို့ ခံစားရပါတယ်။ ရထားပြတင်းတံခါးတွေ ဖွင့်ထားမယ်ဆိုရင် လေတိုက်တဲ့ အတွက် ရွေ့လျားမှုကို ကျွန်တော်တို့ သိနိုင်ပါတယ်။

ကမ္ဘာကတော့ တချိန်လုံး အရှိန်တသတ်မှတ်ထဲနဲ့ မရပ်မနား လည်နေတဲ့အတွက် ကမ္ဘာလည်တာကို သိနိုင်ဖို့ သဲလွန်စတွေ ကျွန်တော်တို့မှာ မရှိပါဘူး။ ဒါ့ကြောင့် ကမ္ဘာလည်တာကို ကျွန်တော်တို့ လုံးဝ ခံစားလို့ မသိနိုင်တာပါ။

Myanmar Scientist

Leave a Reply

Your email address will not be published.

x

You cannot copy content of this page