တချိန်က ရွှေမရှား ငွေမရှား သင်္ဘောသားဘဝကနေ အခုတော့ ပလာတာ ရိုက်နေရတဲ့ သင်္ဘောသားဘဝ

အရာရှိတစ်ယောက် ဖြစ်ဖို့လွယ်သလား၊ ခက်သလား ဒါမှမဟုတ် ပလာတာတစ်ချပ် ရိုက်ရတာက ပိုလွယ်မလား၊ သင်္ဘောသားတစ်ယောက် ပလာတာရိုက်နေသည်။

သူငယ်ချင်းတစ်ယောက်၊ ကျနော့်သူငယ်ချင်းတစ်ယောက်၊ ကျနော်ရေးခဲ့ဖူးသော “သင်္ဘောသားလောကကို အောင်မြင်စွာစွန့်ခွာသွားကြသူများ” ဆောင်းပါးထဲက ဇာတ်ကောင်သုံးဦးတွင် တစ်ဦးအပါအဝင်ဖြစ်သော သင်္ဘောသားတစ်ယောက် ပလာတာရိုက်နေပါသည်။

သူဟာ တကယ်ပဲ စိတ်အားထက်သန်စွာ ပလာတာရိုက် ကျင့်နေလေသည်။ ကျနော်က မနက်နှင့်ညနေပိုင်းတို့တွင် ဖုန်းငွေဖြည့်ကဒ်လိုက်ပို့သော သင်္ဘောသား တစ်ယောက်၊ သင်္ဘောသားလောကမှ ခေတ္တအနားယူနေသော သင်္ဘောသားတစ်ယောက်ဦ သူက သင်္ဘောသားလောကကို အပြီးအပိုင် စွန့်ခွာသွားသော သင်္ဘောသားတစ်ယောက်။

သူဖွင့်ထားသော လက်ဖက်ရည်ဆိုင်သို့ ကျနော်က နေ့စဉ် ဖုန်းကဒ်သွားပို့သည်။ ကျောင်းကတည်းက ခင်မင်ခဲ့သည့် သူငယ်ချင်းဆိုင်မို့ ဖုန်းကဒ်ပို့လည်း သွားသည်။ လက်ဖက်ရည်သောက်ရင်းလည်း သွားသည်။ တစ်ခါတစ်ရံ ပျင်းပျင်းရှိနေလည်း တီဗီသွားထိုင်ကြည့်ဖို့ သွားပါသည်။

သူဖွင့်ထားသည့် လက်ဖက်ရည်ဆိုင်က လမ်းမတန်းတွင်တော့ မဟုတ်။ ရပ်ကွက်အတွင်း လမ်းလေးခွဆုံက လမ်းထောင့်မြေကွက်လပ်လေးကို ငှါး၍ဖွင့်ခြင်းဖြစ်သည်။ ဆိုင်လေးက သေးသေးလေးရယ်။ ဒါပေမဲ့ သူ့အိပ်မက်ကတော့ ကြီးပုံရသည်။

မနက်တိုင်း ညနေတိုင်းမှာလိုလို သူ့ဆိုင်လေးက လူစည်ကားလှသည်။ ရပ်ကွက်ထဲမှာပဲဆိုပြီး ပရမ်းပတာ ရွှီရှောင်မလုပ်။ သန့်သန့်ရှင်းရှင်း ရှိလှသည်။ စားသောက်စရာလေးတွေလည်း စုံလင်အောင်လုပ်ထားသည်။ ဖျော်ဆရာ ငှါးထားသော်လည်း ဆိုင်ရှင်ဖြစ်သည့် သူကိုယ်တိုင်လည်း လက်ဖက်ရည် ဖျော်ပေးတတ်သည်။ ကျနော် လက်ဖက်ရည်သွားသောက်လျှင်တော့ သူ့လက်ရာကိုသာ တောင်းတတ်သည်။ သူ့လက်ရာက မဆိုးလှ။

လွန်ခဲ့တဲ့ သုံးလေးရက်က ဖုန်းကဒ်သွားပို့ရင်း သူ့ဆိုင်ရှေ့မှာ မြင်ကွင်းသစ်တစ်ခုကို တွေ့ရသည်။ ပလာတာရိုက်သည့် ခုံအသစ်ရှေ့တွင် သူ့ဆိုင်မှ စားပွဲထိုးချာတိတ်နှင့်သူ၊ နှစ်ယောက်သား လက်ကိုင်ပဝါကိုယ်စီနှင့် လက်တွေလေပေါ်ဝဲရင်း ဒုံးယိမ်းကနေကြသည်။

“ဘာလဲဟ” သေသေချာချာကြည့်တော့မှ လက်ကိုင်ပုဝါတစ်ထည်စီနှင့် ပလာတာရိုက် ကျင့်နေကြခြင်းဖြစ်သည်။ စားပွဲထိုးချာတိတ်က အပြောင်အပျက် လုပ်နေခြင်းဖြစ်သော်လည်း သူကတော့ ချွေးတစ်လုံးလုံးနှင့်။ ပုဝါကိုကိုင်သည်။ လက်နှစ်ဖက်လုံးက အပေါ်မြောက်တက်သွားသည်။ ဘယ်ဘက်လက်က အောက် ညာဘက်လက်ကအပေါ် အနေအထားဖြင့် လက်နှစ်ဖက်လုံး ညာဘက်ကို ဝဲပြီးတက်သွားသည်။

ပြီးတော့ ဘယ်ဘက်ကို ပြန်ယိမ်းသည်။ ကိုင်ထားသည့် လက်ကိုင်ပုဝါက အပေါ်သို့ ဝဲပြန့်ပြီး တက်သွားသည်။ ပြီးတော့ ခေါင်းပေါ်ရောက်သည်နှင့် ခုံပေါ်သို့ အပြန့်လိုက်လေးကျအောင် ရိုက်ချလိုက်သည်။ ဘေးကကြည့်နေသည့် ကျနော်က လက်ကိုင်ပုဝါဟု မြင်နေသော်လည်း ပလာတာရိုက် ကျင့်နေသည့် သူ့အတွက်ကတော့ သူရိုက်ချလိုက်သော အရာသည် ဂျုံချပ်ပြန့်ပြန့်လေးသာ ဖြစ်နေပေလိမ့်မည်။

နောက်နှစ်ရက်အကြာ သူ့ဆိုင်ကို ပြန်ရောက်တော့ ကိုယ့်လူက ပလာတာခုံရှေ့ ရောက်နေပြန်သည်။ သူ့လက်ထဲ ကိုင်ထားသည်က လက်ကိုင်ပုဝါ မဟုတ်တော့။ တကယ့် ဂျုံလုံး။ ပလာတာရိုက်ရန် နှပ်ထားသည့်ဂျုံ။ ဆီပန်းကန်ထဲက ဆီနည်းနည်းယူပြီး ခုံပေါ်ကို အစက်လေးတွေချသည်။ ဂျုံရိုက်မည့် နေရာဝန်းကျင်ကို သူ့လက်ဝါးနဲ့ ပွတ်သည်။

ပြီးတော့ နှပ်ထားသည့်ဂျုံလုံးကို ယူသည်။ လက်ဖနောင့်ဖြင့် ဂျုံလုံးကို နည်းနည်းပြားအောင် ဖိလိုက်သည်။ ဂျုံလုံးက ဂျုံပြားအဝိုင်းလေး ဖြစ်သွားသည်။ စရိုက်ပါပြီ။ လက်ကိုင်ပုဝါနှင့် ကျင့်ခဲ့စဉ်ကအတိုင်း သူ့လက်နှစ်ဖက်က လေထဲကို မြောက်တက်သွားသည်။ ပြီးတော့ ခုံပေါ်သို့ ရိုက်ချသည်။ တစ်ချက်၊ နှစ်ချက်၊ သုံးချက် တစ်ချက်ရိုက်ချလိုက်တိုင်း သူ့လက်ထဲက ဂျုံချပ်က ဘေးသို့ ပြန့်ကားထွက်လာသည်။

နောက်ဆုံးအချက် ရိုက်ချလိုက်သည့် အချိန်မှာတော့ ဂျုံချပ်၏ အလယ်တွင် အပေါက်ကြီးဖြစ်သွားသည်။ သူ့ဘေးက သင်ပေးနေသည့် မုန့်ဆရာက ပြုံးလေသည်။ ဘေးမှာ စကားပြောနေသည့် လူတစ်ယောက်ကလည်း သူ့ကိုလှောင်သည်။ “သကြားနဲ့ နှစ်ချပ်လောက်” ဟုဆိုပြီး စက်ဘီးပေါ်က လူတစ်ယောက်က လှမ်းနောက်သွားသည်။

ကျနော်ကသူ့ကို စကားတစ်ခွန်းပြောခဲ့သည်။ ” ဟေ့ရောင် တခြားလူပလာတာရိုက်နေတာ မဟုတ်ဘူးကွ သင်္ဘောသားရိုက်နေတာ” သင်္ဘောပေါ်တွင် အလုပ်သင် သင်္ဘောသားဘဝကို အောင်မြင်စွာ ကျော်ဖြတ်ခဲ့ဖူးသည့် သူသည် ပလာတာရိုက်သင် ဘဝကိုလည်း ကျော်ဖြတ် နိုင်ပါလိမ့်မည်။

သင်္ဘောသားဘဝဖြင့် ကျွမ်းကျင်စွာ အလုပ်လုပ်ခဲ့ဖူးသည့် သူသည် ပလာတာတစ်ချပ်ကိုလည်း ကျွမ်းကျင်စွာ ရိုက်လာနိုင်ပါလိမ့်မည်။ သင်္ဘောသားတစ်ယောက် ပလာတာရိုက်နေပါသည်။ သည်စာရေးနေခိုက်မှာလည်း ကျနော်သည် ပလာတာရိုက်နေသည့် သူငယ်ချင်းဖြစ်သူကို မြင်ယောင်နေမိပါသည်။ နိုင်လင်း (ပင်လယ်ပျော် ) ကျနော်ကတော့ ဖုန်းကဒ်ပိုရောင်းကောင်းအောင် ကြိုးစားရပါဦးမည် (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page