မြန်မာ့သက်တမ်းအရှည်ဆုံး လက်ဖက်ရည်ဆိုင် (နှစ်ပေါင်း ၉၀ ကျော်၊ မျိုးဆက် (၄) ဆက် ရှိပါပြီ)

နှစ်ပေါင်း ၉၀ ကျော်က လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင်နဲ့ကျွန်တော် မိတ်ဆက်ပေးပါရစေ။ ဆိုင်ထဲကို ရောက်သွားရင် ကိုလိုနီခေတ်ဟောင်းက ပုံရိပ်တွေ ၊လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက လှုပ်ရှားမှုတွေ၊အဲဒီခေတ်က ထင်ရှားခဲ့တဲ့ သမိုင်းဓာတ်ပုံတွေနဲ့ ဖမ်းစားထားတဲ့ ဆိုင်လေးတစ်ဆိုင် အထက်ချင်းတွင်း မင်းကင်းမြို့မှာ ရှိပါတယ်။

မင်းကင်းမြို့အမှတ် ၁ ရပ်ကွက် ဖောင်တော်ဦး ဘုရားသွားလမ်းပေါ်မှာ ရှိ မြန်မာသင်္ဂဟ စတိုး ဆိုတဲ့ လက်ဖက်ရည်ဆိုင်လေးကို မိတ်ဆွေတွေရဲ့လမ်းညွန်မှုကြောင့် သွားထိုင်ဖြစ်တယ်၊ ဆိုင်ရဲ့ဆိုင်းဘုတ် စာလုံးကလည်း ၁၉၃၀ ခုနှစ်က ဒီဇိုင်းလက်ရာ အတိုင်း အခုထိ ထိန်းသိမ်းထားတာပါ။ လက်ရှိ ဆိုင်ရှင်ကတော့ လေးဆက်မြောက် မိသားစုဝင်ပေါ့၊ ဆိုင်ကို ဦးစံညိန်းဆိုတဲ့လူ က ၁၉၃၀ ဇူလိုင်လမှာ စတင်တည်ထောင်ဖွင့်လှစ်ခဲ့တာလို့ဆိုပါတယ်။

ဆိုင်ထဲမှာ လွတ်လပ်ရေးကြိုးပမ်းစဉ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နုတို့ရဲ့ လှုပ်ရှားမှု သတင်းဓာတ်ပုံများ၊ ဖဆပလခေတ်ပုံတွေ၊ ရန်ကုန် တိုင်းပြုပြည်ပြု လွှတ်တော်ပုံတွေ၊ ဂျူဗလီဟော ပုံရိပ်တွေ၊ ပြည်တော်သာ ညီလာခံ ပုံရိပ်တွေ၊ ဗမာပြည်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ လာစဉ် ပြည်သူက ကြိုဆိုနေပုံ၊ သီပေါမင်း၊ စုဖုရားလတ် ပုံတွေ။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းဓာတ်ပုံ၊ ဒေါ်အောင်ဆန်းစုကြည် လန်ဒန်သွားဓာတ်ပုံတွေ၊ အဲဒီခေတ်က နာမည်ကြီးခဲ့တဲ့ ဓာတ်ရှင် မင်းသား၊ မင်းသမီးပုံတွေနဲ့ ဆိုင်အပြင်အဆင်က ဖမ်းစားထားပါတယ်။ ခေတ်တစ်ခေတ်ကို နောက်ပြန်လှည့်သွားပြီး ခံစားနိုင်တဲ့ ဖီလင်မျိုးရအောင် အားထုတ်ထားပါတယ်၊ ဆိုင်ဖွင့်ထားတဲ့ အိမ်ကလည်း ၁၉၃၀ တုန်းက ဆောက်တဲ့အိမ်ပါပဲ၊ ခုထိ ပုံစံမပျက်ထိန်းသိမ်းထားနိုင်တာ ချီးကျူးမိပါတယ်။

ဆိုင်ထဲက ပုံရိပ်တွေ ကြည့်ပြီးရင် အစားအသောက်ဖက် လှည့်ရအောင်။ လက်ဖက်ရည်ကတော့ သိပ်မဆိုးရုံ ပါပဲ၊ ကိုယ်တွေက လက်ဖက်ရည်ကြိုက်တဲ့သူမဟုတ်တော့ သိပ်အာမတွေ့ဘူး၊ စားကောင်းတာတော့ မင်းကင်းရဲ့နာမည်ကျော် မုန့်တီ ပါပဲ။ ကြိတ်ခေါက်ဆွဲ ဆီချက်ကလည်း ထူးခြားတဲ့ အရသာ တစ်ခု ရှိတယ်။

ဒီဆိုင်က အကောင်းဆုံးကို ညွှန်းပါဆိုရင် ဆနွင်းမကင်း ပါပဲ၊ မင်းကင်းဒေသထွက် ဆန်က ကောင်းတာလည်း ပါမယ် ထင်တယ်၊ အချိုသိပ်မများပဲ အရသာက စီးစီးပိုင်ပိုင်ရှိတယ်၊ တတုံးဆို အီဆောင့် သွားတာ၊ စစ်ကိုင်းတိုင်းအထက်ပိုင်းက ချင်းတွင်းမြစ်ဆိပ်ကမ်း မြို့တစ်ခုဖြစ် မင်းကင်းမြို့ကို ရောက်ရင် ဒီဆိုင်လေးကို သွားဖြစ်အောင် သွားကြပါလို့၊

နောက်ပြီး ပုဂံခေတ် နရပတိစည်သူမင်း ကောင်းမှု တန်ခိုးကြီး စကားဘုရား ၁၀ ဆူထဲက ရွှေစကားဘုရား၊ ကျေးတောင်ဦးက သမိုင်းဝင်ဘုရားများလည်း ဖူးနိုင်ပါတယ်၊ အင်ဖက် လေးတွေနဲ့ ပြင်ပေးတဲ့ လက်ညှစ် မုန့်ဟင်းခါး၊ ကောက်ညှင်းဆန် ကောင်းကောင်းနဲ့ လုပ်ထားတဲ့ မုန့်ပေါင်း၊ ဖွက်ဥ၊ ရေကြက်၊ ရေဘဲ ၊ ဒေသထွက်ပေါင်းတင်း၊ သစ်ဥ သစ်ဖု၊ နန်ကထီး စတဲ့ မုန့်တွေ မြည်းစမ်းနိုင်တဲ့ မင်းကင်းမြို့ ဈေးကိုလည်း လည်ပတ်နိုင်ပါတယ်။ (ကိုသစ္စာ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page