မြန်မာ့ကွမ်းသီးအနုတွေကို တရုတ်ဖက်က ဈေးကောင်းပေးဝယ်ယူနေ (ဈေးကွက်ပျက်မှာ စိုးရိမ်နေရ)

မွန်ပြည်နယ်ထွက် အရည်သောက်အရွယ် ကွမ်းသီးအနုတွေကို တရုတ်ဘက်က ဈေးကောင်း ပေးဝယ်ယူနေတာကြောင့် လာမယ့် ကွမ်းသီးပေါ်ချိန်မှာ ကွမ်းသီး အရင့်ရှားပြီး ဈေးကွက် ပျက်မှာကို စိုးရိမ်နေရတယ်လို့ ကွမ်းသီးပွဲရုံလုပ်ငန်းရှင်တွေက ပြောပါတယ်။

အရည်သောက်အရွယ် ကွမ်းသီးအနုတွေကို တရုတ်ကုန်သည်တွေက ဒီနှစ်ပိုင်းအတွင်း ကျေးရွာတွေ အထိ ဆင်းပြီး ဈေးကောင်းပေး ဝယ်ယူလာတဲ့အတွက် မွန်ပြည်နယ် ကွမ်းသီးဈေးကွက်မှာ ကွမ်းသီး အရင့်တွေ ရှားပြီး ဈေးနှုန်း မြင့်တက်လာပါတယ်။

လက်ရှိမှာတော့ ဈေးကွက်အတွင်း ကွမ်းသီးအရင့် လက်ကျန်နည်းနေတဲ့အတွက် ကွမ်းသီး တစ်ပိဿာကို ကျပ် ၄၉၀၀ ကနေ ၆၀၀၀ ကျော်ထိ ဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။ ကွမ်းသီး ပွဲရုံလုပ်ငန်းရှင် တစ်ဦးက တရုတ်က ကွမ်းသီးအနု ဝယ်ယူမှု များပြားလာတာကြောင့် လာမယ့် ကွမ်းသီးပေါ်ချိန်မှာ ကွမ်းသီး အရင့်ရှားပြီး ဈေးကွက် ပျက်မှာကို စိုးရိမ်နေရတယ်လို့ ပြောပါတယ်။

“တရုတ် ဈေးကွက် မနှစ်ထဲက ဝင်နေပြီး၊ ဒီနှစ်ကတော့ ပထမဆုံး ပေါ်တဲ့ အစိမ်းသီးတွေကို ယူတာ ပိုများတယ်၊ သူတို့က ဟို့တောထိ သွားဆင်း ဝယ်တာလေ၊ ကွမ်းသီးဟာ အခုဟာ အဲ့ဒီ အနုသီးလည်း သွားတယ်၊ ဒီ အမှည့်လုံးလည်း ဈေးမြင့်တယ်လေ အခုသူတို့ ဝယ်တာ၊ အမှည့်လုံးလည်း ဈေးမြင့်တယ် အစိမ်းလုံးလည်း ဈေးမြင့်တော့လေ အခုဒီ အခြောက်လုံးတွေပါ ဈေးလိုက်တက်တာပေါ့ အဲ့လိုတွေ ဖြစ်နေတယ်၊ ဒါပေမယ့် နောက်နှစ်ခါ ထွက်မယ့် ကွမ်းသီးကတော့ နည်းသွားရင်တော့ ဈေးကွက် ပျက်မှာ ကြောက်ရတာပေါ့နော်”လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာ အခုကာလဟာ ကွမ်းသီး ရာသီကုန်ချိန်ဖြစ်တာကြောင့် ဈေးကွက်အတွင်း ကွမ်းသီးလက်ကျန် နည်းပါးလာတဲ့အတွက် ဈေးနှုန်းဆက်လက် မြင့်တက်လာပြီးနောက် အရောင်းအဝယ် အေးနေတယ်လို့ ဆိုပါတယ်။

အခုလို အခြေအနေတွေကြောင့် ကွမ်းသီး အရင့်တွေ ဈေးကွက်အတွင်း ပြတ်လပ်မှု မရှိဖို့အတွက် ပြည်တွင်း လိုအပ်ချက်ကို တွက်ချက်ပြီး သိုလှောင် ထားရှိဖို့ လိုအပ်သလို တရုတ် ဝယ်ယူမှုကိုလည်း ဈေးကွက် တစ်ခု ထားရှိပြီး ထိန်းချုပ်ဖို့ လိုအပ်တယ်လို့ ကွမ်းသီး ပွဲရုံ လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

မွန်ပြည်နယ်မှာတော့ ကွမ်းသီးတွေကို ရေးနဲ့ သံဖြူဇရပ်မြို့နယ်တို့မှာ အဓိက ထွက်ရှိတာ ဖြစ်ပြီး ရန်ကုန်၊ မန္တလေးနဲ့ ရခိုင်ပြည်နယ်တွေကို အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပြီး ပြည်ပတင်ပို့အနေနဲ့ အိန္ဒိယနိုင်ငံကို တင်ပို့ရောင်းချခဲ့ပေမယ့် ဒီနှစ်မှာတော့ အိန္ဒိယက ဝယ်ယူတာ မရှိသေးဘူးလို့ သိရပါတယ်။

တရုတ်ကုန်သည်များအနေနဲ့ ယခင်တုန်းကလည်း မြန်မာပြည်ထွက် စိုက်ပျိုးသီးနှံများကို အများအပြား ဝယ်ယူပြီးတဲ့နောက် ဈေးကွက်ပျက်စီးသွားတဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့ဖူးပါတယ်။

အထင်ရှားဆုံးကတော့ ဖရဲ၊ သခွား သီးနှံများ ဖြစ်ပြီး အစပိုင်းနှစ်တွေမှာ အများအပြား ဝယ်ယူခဲ့ပေမယ့် နောက်ပိုင်းမှာ ဈေးနှိမ်ဝယ်ယူမှုတွေ ရှိခဲ့တာကြောင့် မြန်မာ့ဖရဲဈေးကွက် ပျက်စီးပြီး ဖရဲတောင်သူတွေ အရှုံးပေါ်ကာ မျက်ရည်ကျခဲ့ရတဲ့ သာဓက တွေ ရှိခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page