မြန်မာ့စံချိန်တင် ရွှေဈေး၊ ပျက်သွားတဲ့ ဈေးကွက်နဲ့ ထိန်းကာမှ ပိုဆိုးသွားတဲ့ စကစရဲ့ အဖြစ်
ကျပ်ငွေတန်ဖိုး လျော့ကျလာသည်နှင့်အမျှ ရွှေဝယ်ယူလိုသူ ပိုမိုများပြားလာရာ ရွှေစျေးနှုန်းမှာ စံချိန်တင်စျေးမြင့် တက်နေပြီး ဝယ်လိုအားများပြားလွန်းနေသဖြင့် အရောင်းအဝယ်ရပ်နားထားရသည်အထိ ဖြစ်နေတယ်လို့ သိရပါတယ်။
ယနေ့ ဈေးအပိတ်တွင် အခေါက်ရွှေစျေးနှုန်းမှာ ၁ ကျပ်သားလျှင် ၃၂ သိန်းအထိ ပေါက်ဈေးရှိနေပြီး လက်ရှိ ဈေးကွက် အ ခြေအနေအရ ဈေးအတက်အကျကို ခန့်မှန့်ရန်ခက်ခဲနေကြောင်းလည်း ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းကပြောပါတယ်။
အရင်က ရွှေအသင်းအနေနဲ့ ဗဟိုဘဏ်ဒေါ်လာသတ်မှန်နှုန်းနဲ့တွက်ချက်ပြီး ရွှေ ရည်ညွှန်းစျေးထုတ်ပြန်ကာ အဲ့ဒီစျေးနဲ့ပဲ အရောင်းအဝယ်လုပ်ခဲ့ပေမယ့် အပြင်ရွှေစျေးနဲ့ ကွာဟချက်က ကျပ် ၈သိန်းလောက်ရှိနေလို့ မနေ့အစည်းအဝေးမှာ အပြင်ဒေါ်လာပေါက်စျေးနဲ့ပဲ အရောင်းအဝယ်လုပ်တော့မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
သြဂုတ် ၃၀ ရက် ပြင်ပဒေါ်လာပေါက်စျေးက တစ်ဒေါ်လာကို ကျပ် ၃၄၅၀ အထိ မြင့်တက်နေတာဖြစ်ပြီး ဗဟိုဘဏ်ရဲ့ ရည်ညွှန်းဒေါ်လာစျေး ကျပ် ၂၁၀၀ ထက် ၁၃၅၀ ကျပ် လောက်ကွာဟနေတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ဗဟိုဘဏ်နိုင်ငံခြားငွေဈေးနှုန်းဆွဲတင်နေတာတွေနဲ့ တရားမဝင်ရောင်းဝယ်နေတာတွေ မယုံကြည်ဖို့ စျေးကစားသူတွေကို ထိရောက်စွာအရေးယူမယ်ဆိုပြီးတော့ ထုတ်ပြန်ထားပါသေးတယ်။
“လေပတ်ကားတွေက တရားမဝင်။ လေပတ်ကားတွေ၊ ရွှေလည်းမရှိဘူး၊ ငွေလည်း မရှိဘူး။ ဈေးနှုန်းဆွဲတင်နေတာ။ အဲဒါတွေကတော့ တို့အသင်းကလည်း အတည်ပြုလို့မဘူး ။ အစိုးရကလည်း အတည်မပြုဘူး။ အဲဒါတွေကို အဲဒါတွေက ဖမ်းဆီးအရေးယူမယ့် သဘောရှိတယ်” ဟု ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။
ဘဏ်စနစ် အသုံးပြရန် ပျက်ကွက်ခြင်း၊ အရောင်းအဝယ် စာရင်း တင်ပြရန် ပျက်ကွက်ခြင်းများနှင့် မှောင်ခိုရောင်းဝယ်ခြင်းများ လုပ်ဆောင်မည်ဆိုပါက သက်ဆိုင်ရာမှ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းလည်း ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။
စကစအနေနဲ့ မြန်မာငွေကြေးတန်ဖိုး ကျဆင်းနေတာကို မထိန်းချုပ်နိုင်တာကြောင့် ရွှေဈေးကို အတင်းအကျပ် ထိန်းချုပ်ရန် ကြိုးစားနေပေမယ့်လည်း ကျပ်ငွေတန်ဖိုး အလွန်အမင်းကျဆင်းနေတာကြောင့် ရွှေဈေးက မြန်မာ့စံချိန်တင်ဈေးသို့ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။