ဂျာမနီက ရဲကြီးနဲ့ နေပြည်တော်က ဘဲဥတို့ရဲ့ အဓိက ကွာခြားချက် (မှတ်သားစရာ ရွှေမြန်မာတို့ပါ)
ဒီနေ့ နေပြည်တော်ဖက် ကိစ္စလေးတခု ရှိလို့ဆိုင်ကယ်လေးနဲ့သွားတာ အဲဒီကပြန်လာတော့ ကြာပွင့်အဝိုင်းနားလဲ ရောက်ရော ကိုကိုမော်တော်ပီကယ်က တားပါလေရောလား လိုင်စင်ပြပါတဲ့။
ဟုတ်ကဲ့ပေါ့။ ရော့အင့်။ လိုင်စင်ထုတ်ပေးတော့ သေသေချာချာကိုကြည့်တယ် လိုင်စင်ထဲက ကိုယ့်ပုံကပဲ သိပ်ချောလွန်းနေလို့လား မသိဘူး ပြီးတော့ခင်ဗျား လိုင်စင်ကသက်တမ်းလွန်နေပြီတဲ့ အဲ့တော့ဖမ်းတယ်တဲ့။
ဟင် အဲ့ဒါများဗျာ စောစောထဲက ပြောရောပေါ့ လိုင်စင်ထဲက ဓါတ်ပုံကို သေသေချာချာ စိုက်ကြည့်နေသေးတယ်လို့ ပြောတော့ ဒါကျနော်တို့အလုပ်ပါ မနှောင့်ယှက်ပါနဲ့တဲ့။
အော် ဟုတ်ကဲ့ပါပေါ့။ ကိုယ်လဲစဉ်းစားတယ် လိုင်စင်ဖမ်း ချလံဖြတ် ယာဉ်ထိန်းရုံးသွားဆောင် အလုပ်က ရှုပ်အုံးမယ် တခါထဲ ညှိကြည့်လိုက်တာ ကောင်းမယ်ဆိုပြီး ဆိုင်ကယ်ပေါ်က ဆင်းလိုက်တယ်။ အဲ့အချိန်မှာပဲ ဆရာမကြီးစောမုံညင်း ရေးတဲ့ဆောင်းပါးတစ်ပုဒ်ခေါင်းထဲ ပြေးသတိရမိတယ်
သူဂျာမနီမှာ နိုင်ငံတော်စရိတ်နဲ့ ကျောင်းသွားတက်တော့ လူကူးမျဉ်ကျားကနေ မကူးဘဲ သွားချင်တဲ့နေရာ အလွယ်ရောက်ဖို့ သတ်မှတ်နေရာ မဟုတ်တဲ့နေရာကနေ ကူးလိုက်တာ ရဲက ဖမ်းပါလေရော။ ရဲက ဂျာမန် မတ်ငွေ ၁၀ ဒဏ်တပ်ပြီး ဘောင်ချာဖြတ်ဖို့လုပ်တယ်။
ဆရာမကြီးက သူ့မှာ ၁၀ မတ် မပါကြောင်း သူက မြန်မာကျောင်းသူ ဖြစ်ပါတယ်။ နိုင်ငံတော်စရိတ်နဲ့ ကျောင်းလာတက်ရတာပါ။ သူ့မှာ ၄ မတ်တော့ပါကြောင်း ချလံမဖြတ်ပါနဲ့ ဦးရဲကြီးပဲ ယူလိုက်ပါဆိုတော့ ရဲကြီးက ပြုံးတယ်ပြီးတော့သူ့ဆီကနေ ၄ မတ်တောင်းတယ် သူ့အိတ်ထဲက ၆ မတ်ထုတ်စိုက်တယ်။ ပြီးတော့ အားလုံးပေါင်းပြီး ဒဏ်ကြေးဆိုတဲ့ အိတ်ရှုံ့လေးထဲ ၁၀ မတ်ထည့်လိုက်တယ်ပြီးတော့ဖြတ်ရမယ့် ချလံလဲဖြတ်ပါတယ်
ဒဏ်ကြေးနေရာမှာ ၁၀မတ်လို့ ရေးပြီးဆရာမကြီးကို ချလန် ပြန်ပေးတယ် ပေးရင်းနဲ့ ဦးရဲကြီးကဂျာမန်တွေ စည်းကမ်းမရှိလို့ ဥပဒေကိုချိုးဖောက်ခဲ့လို့ အကျင့်ပျက်ခဲ့လို့ စစ်ရှုံးပြီး ပြာပုံဘဝ ရောက်ခဲ့ရပြီးပါပြီ အခုတိုင်းပြည်ပြန်ထူထောင်ထားတဲ့အချိန်မှာ အကျင့်ပျက်မူတွေသာ ပြန်ယူလာခဲ့ရင် ဂျာမန်ဟာ ဘယ်တော့မှ ရှေ့ရောက်မှာမဟုတ်ဘူးတဲ့
အဲ့အကြောင်းကို တွေးမိတော့ကိုယ်လဲ ဆရာမကြီးဆောင်းပါး သတိရရင်း ဦးရဲကြီးကို ကပ်ပြီး ”လိုင်စင်တော့မဖမ်းပါနဲ့ ဆရာကြီးရယ် ဘော်ဒါကြေးလေးတော့ ယူပြီးလုပ်ပေးပါ ဆိုတော့ “အဲ့ဒါတော့မရဘူးကွ ဖမ်းမှာပဲ” ဆိုပဲ။
အဲဒါနဲ့မေးမိတယ် “ဒဏ်ကြေးက ဘယ်လောက်လဲဆရာကြီး” “၃သောင်း” “ရော့ပါဆရာကြီးရယ် ၁သောင်းတော့ယူပါ”
ဦးရဲကြီးက ပြုံးတယ် ခေါင်းကို ဖြည်းဖြည်းခါတယ်။ ဝထ္တုထဲက ဂျာမန်ရဲကြီးလို လိုတာ သူစိုက်ဆောင်မလားလို့တွေးနေတုန်း ကျနော့်နားနားကို တိုးတိုးလေး ကပ်ပြောလိုက်တယ်။
“၁ သောင်း ခွဲ တော့ လုပ်လိုက်ပါကွာ” တဲ့
မူရင်းရေးသားသူအား လေးစားမှုဖြင့်