ထောင်ထဲက သန်းရွှေကြီးကို နောက်ဆုံး နှုတ်ဆက်ခြင်း (ဘဝတကွေ့က သံယောဇဉ် တခုအကြောင်း)
ဇန်နဝါရီ (၁၃)ရက် မနက် ၃ နာရီခွဲခန့်တွင် ထောင်မှူးကြီးက “ထထ ဦးဇင်းတို့လွတ်တဲ့ Fax ဝင်ပြီ”ဆိုပြီးလာ ပြောပါသည်။ ထူးကဲဝမ်းသာသလားဆိုတော့ ကြားကြားချင်းဝမ်းသာမိပါသည်။ သို့သော် မည်သူတွေလွတ်သလဲ၊ ထောင်မှာ အတူနေရသူတွေအတွက်လည်း လွတ်စေချင်စိတ်ကြောင့် အမှန်တိုင်းဝန်ခံရလျှင် ပျော်ရသည်ထက် စိတ်မကောင်းဖြစ်တာက ပိုများပါသည်။
ခဏနေတော့ အခန်း(၆)မှဦးဇေယျ (သားကြီးဇေယျ) ရောက်လာသည်။ “ဦးဇင်းဒီတခါတော့ သေချာပါပြီ” ပြောသာပြောသည် သူဆီကလည်း အပျော်ရိပ် လုံလုံလောက်လောက်မတွေ့ရ ချေ။ ဘယ်ကသတင်းရလိုက်လဲမသိ သန်းရွှေကြီး ကဆုန်ပေါက်ရောက်လာပါတော့သည်။
သန်းရွှေကြီးဆိုတာက ထောင်ထဲမှာ မိမိမွေးထားသည့်ခွေးအမည်ပါ။ နို့မပြတ်ခင် အမေဆုံးသွားလို့ နို့ဆီဖျော် တိုက် မွေးထားတဲ့ခွေးပါ။ အလွန်အသိဉာဏ်မြင့်မားပြီး အလွန်လိမ္မာသည့်ခွေးကြီးပါ။ ငယ်စဉ်က သူ့ဝှေးစေ့ကို လင်ဇီးဒဏ်ကြေလိမ်းဆေး သုတ်ပေးရာ မိမိအလစ်တွင် ထိုလင်းဇီးဗူးကို ကိုက်ချီသွားပြီး ထောင်မကြီးဘက်သွား လွှင့်ပစ်သည်ကိုသာတွက်ကြည့်ပါတော့၊
မနက်တန်းဖွင့်လျှင် သဇစ်ဘီစကစ် ၃ ခု၊နှင့် ကျဆိမ်တခွက်တိုက်ရသည်။ မတိုက်လျှင် အိပ်ယာထဲဝင်အိပ်သည်။ သိုမဟုတ် စာအုပ်ထူထူတအုပ် ကိုက်ချီသွားတတ်သည်။ ထားတော့ ပြော ချင်တာက မိမိတို့လွတ်သည်ဆိုသည်ကို သန်းရွှေကြီး သိနေခြင်းဖြစ်သည်။
သန်းရွှေသည် ခါတိုင်းလိုမဟုတ်၊ ခေါင်းနှင့် ခွေ့နေသည်။ မတ်တပ်ရပ်ပြီး လည်ပင်းကိုလှမ်းနမ်းသည်။ ခြေဖမိုးပေါ် လူးလှိမ့်နေသည်။ မိမိရော ဦးဇေယျပါ စိတ်မကောင်းဖြစ်ပြီး တွေဝေနေကြသည်။ ဒီကောင်ကြီး သယ်သွားမလား၊ မိမိတို့ပင် ဘယ်လိုပြန်ရမှန်းမသိရသေး၊ အကောင်ကလည်း ကြီးနေပြီ ဖြစ်၍ သယ်သွားဘို့မဖြစ်နိုင်ကြောင်း ဆုံး ဖြတ်လိုက်ရသည်။ ဘီစကစ်ချကျွေးတော့လည်း မစားတော့။
“သန်းရွှေ … ငါတို့တကယ်ပြန်ရတော့မယ်” မမှိတ်မသုံကြည့်နေသော သန်းရွှေ၏ မျက်လုံးတွင် မျက်ရည်များ ဝဲနေသည်ဟုပင်ထင်မိသည်။ သန်းရွှေ မျက်ရည် လည်မလည် မသေချာပေမင့် မိမိကတော့ မျက်ရည်များရစ်ဝဲပြီး ကျလာပါသည်။ သန်းရွှေကြီးမေးကို မိမိပုခုံးမှာ ချိတ်ပြီး ဖက်ထားမိသည်။ ၃ နှစ်ကျော်လုံးလုံး သားသမီးပမာ ပိုးမွေးသလို မွေးခဲ့ရသည်မို့ သံယောဇဉ်ကြီးမိတာ အမှန်ပါ။ သန်းရွှေကြီးကလည်း သားသမီးလို နွဲ့သည်၊ ချွဲသည်၊ ဆိုးသည်၊ မထီလေးစား လုပ်တတ်သည်မဟုတ်ပါ လား။
မနက် (၆) နာရီ တန်းဖွင့်တော့ ထောင်ပိုင်ကြီးနှင့်တာဝန်ရှိသူ အားလုံးရောက်လာသည်။ လွတ်ကြောင်း တရားဝင် လာအသိပေးခြင်းပင်ဖြစ်သည်။ ထောင်ပိုင်ကြီးက သန်းရွှေကြီးကိုမြင်သွားပြီး “ဦးဇင်းဒီကောင်ကြီး ဘယ်လိုလုပ်မလဲ” တဲ့၊ ထားခဲ့ရမှာပေါ့ဗျာဟု ဖြေသော်လည်း အသံကထွက်မလာ။ ထောင်ပိုင်ကြီးမှ သဘောပေါက်သွားပြီး မိန်းဂျေးရုံးမှ သူ့ကို အသားစများ ကျွေးနေကြ ဝန်ထမ်းကို ခေါ်လိုက်သည်။ တစ်ခန်းထဲ ပိတ်ထားရန်လည်း ညွှန်ကြား လိုက်သည်။
မိမိလည်း မတားဖြစ်တော့၊ အကယ်၍ ပိတ်မထားလျှင်လည် မိမိနှင့် ထပ်ချပ်မကွာလိုက်နေမှာ၊ ကား ထွက်သွားလျှင် ပြေးလိုက်လာမည်ကို ကြိုသိနေသည်။ မမြင်လို၊ မခံစားနိုင်တော့။ “ခင်ဗျားတို့ဂရုစိုက်မွေးကြပါဗျာ” ပြောမယ့်သာပြောရသည် တထောင်လုံးကို သူက ညာစားတတ်သည်။ ပူစရာမလို။ သို့နှင့် မိမိတွင်ရှိသော စောင်၊ အ နွေးထည်များ၊ စားစရာ တို့ကို ကျန်အကျဉ်းသားများကို ခွဲဝေယူကြရန် လှူလိုက်ကသည်။ ထောင်တွင် ငါးနှစ်လုံးလုံး စုဆောင်းထားသည့် စာအုပ်များအား ထောင်စာကြည့်တိုက်ကိုလှူလိုက်သည်။ သန်းရွှေကြီးအတွက် ဝယ်ထား သော ချက်နို့ဆီပုံးကို မိန်းဂျေးရုံးကို အပ်လိုက်သည်။ သေချာကျွေးရန်လည်း မှာမိသည်။
၉ နာရီထိုးတော့ လွတ်လူစာရင်းအရ လာခေါ်သည်။ ထောင်အပြင်ထွက်ရတော့မည်ဖြစ်သည်။ ပြန်ဝင်ခွင့်မရှိ၊ သန်းရွှေကြီးကို နောက်ဆုံးအကြိမ် နှုတ်ဆက်ချင်လာသည်။ သူရှိရာ တစ်ခန်းအပေါက်ဝမှ ချောင်းကြည့်လိုက်ရာ တံခါးဘက်လှည့်ပြီး ထိုင်နေသည်ကို တွေ့ရသည်။
“သန်းရွှေ” သန်းရွှေကြီးသည် တံခါးဆီအပြေးလာပြီး တအီအီးနှင့် ကုတ်ခြစ်နေသည်။ သူ၏ မြည်သံတွင် ငိုသံစွက်နေသည်။ မိမိလည်း မခံစားနိုင်တော့သည့်အဆုံး တံခါးပေါက်တွင် ထိုင်ကာ အားပါးတရ ငိုချလိုက်သည်။
”သန်းရွှေ… ငါနှုတ်ဆက်ခဲ့ပါတယ်ကွာ၊ ငါတို့ ဘယ်တော့မှ ထောင်ထဲမှာ ပြန်မဆုံပါရစေနဲ့” ရှေ့ဆက်မရေးနိုင်တော့ပါ။
Bhikkhu Issariya