စကစရဲ့ ဒေါ်လာပုံသေဈေး ဂယက်ကြောင့် စက်သုံးဆီနဲ့ စားအုန်းဆီတွေ တရှိန်ထိုး ဈေးတက်

ဗဟိုဘဏ်ရဲ့ အမေရိကန်တစ်ဒေါ်လာ ရည်ညွှန်းဈေးနှုန်းအဖြစ် ၂၁၀၀ ကျပ်အထိ တိုးမြှင့်သတ်မှတ်လိုက်ခြင်းကြောင့် နိုင်ငံခြားငွေသုံးစွဲ ဝယ်ယူနေရတဲ့ သွင်းကုန်ပစ္စည်းတွေအပေါ် သက်ရောက်မှု ကြီးကြီးမားမားရှိနေပြီး ဈေးနှုန်းကြီးမြင့်စွာနဲ့ ပေးဝယ်နေရတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဗဟိုဘဏ်ရဲ့ ဆုံးဖြတ်ချက်က အတက်ကြမ်းနေတဲ့ ဒေါ်လာငွေလဲနှုန်းကို ထိန်းညှိရာတွင် အပြုသဘောဆောင်တဲ့ တိုးတက်မှုတစ်ခုလို့ ပြောကြသလို ကြိုက်ရောင်း၊ ကြိုက်ဝယ်ဖြစ်နေတဲ့ ပြင်ပပေါက်ဈေးနဲ့ ဗဟိုဘဏ်တို့အကြား ကွာဟချက် မြင့်မားနေခြင်းကို ညှိယူခြင်းလို့လည်း သုံးသပ်ကြပါတယ်။

သို့သော် နိုင်ငံခြားသုံးငွေနဲ့ ဝယ်ယူနေရတဲ့ သွင်းကုန်တွေကို ယခုဈေးနှုန်းကြောင့် ပိုမိုဈေးကြီးပေးဝယ်ရနိုင်ပြီး ယနေ့ ဒေါ်လာလဲနှုန်း အသက်ဝင်တဲ့နေ့မှာပင် စက်သုံးဆီ အောက်တိန်း ၉၂ တစ်လီတာဈေးက ကျပ် ၁၈၀၀ အထက်ကို ရောက်ရှိလာခဲ့ပါတယ်။

ဩဂုတ်လ ၆ ရက်နေ့က တစ်လီတာ ၁၆၀၀ ကျပ်စွန်းစွန်းမှာသာ ပေါက်ဈေးရှိခဲ့ပေမယ့် ယခုအခါ တစ်လီတာ ကျပ် ၂၀၀ ကျော်အထိ မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး စင်ကာပူ MPOS ဈေး ထပ်မံမြင့်တက်လာမယ်ဆိုရင် ရန်ကုန်ပေါက်ဈေးလည်း ဒီထက်မက အတက်ကို ဦးတည်လာနိုင်ချေရှိနေပါတယ်။

ဒီနေ့ဩဂုတ်လ ၈ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ရန်ကုန်စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး နှုန်းကို တစ်ပိဿာ ၃၅၂၅ ကျပ်ပဲ ထပ်မံသတ်မှတ်ထားတယ်လို့ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးကြေညာထားပါတယ်။ ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့တဲ့နိုင်ငံတွေမှာ စားအုန်းဆီ ဈေးနှုန်းတည်ငြိမ်နေတဲ့အတွက်ကြောင့် ပြည်တွင်းစားအုန်းဆီ ရည်ညွှန်းဈေးနှုန်းကိုလည်း အရင်တစ်ပတ်ကအတိုင်း အပြောင်းအလဲမရှိဘဲ သတ်မှတ်ထားတာဖြစ်ပါတယ်။

စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက လက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ၃၅၂၅ ကျပ်လို့ သတ်မှတ်ထားပေမယ့်လည်း ဈေးကွက်အတွင်းမှာ စားသုံးသူတွေ ဝယ်ယူရတဲ့ လက်လီဈေးနှုန်းက လက်ကားဈေးနှုန်းထက် ၂ ဆကျော် မြင့်တက်နေပါတယ်။ တစ်ပိဿာကို ကျပ် ၈၂၀၀ အထက်မှာ ဝယ်ယူနေရတယ်လို့ သိရပါတယ်။ စားအုန်းဆီသာမက ပြည်တွင်းမှာ ထုတ်လုပ်နေတဲ့ မြေပဲဆီဈေးနှုန်းတွေလည်း မြင့်တက်လာနေပြီး တစ်ပိဿာ ကျပ် ၁၂၀၀၀ ပေါက်ဈေး ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိငွေလဲနှုန်းအခြေအနေကြောင့် စားသုံးသူတွေအနေနဲ့ ဈေးကျဆင်းသွားဖို့ထက် ပြောင်းလဲနေတဲ့ အခြေအနေတွေကြောင့် ထပ်မံဈေးနှုန်းမြင့်တက်မသွားဖို့ မျှော်လင့်နေရကြောင်းလည်း ပြောဆိုထားပါတယ်။ အထက်ပါ အချက်တွေကို ကြည့်ရင် စကစရဲ့ ဒေါ်လာပုံသေဈေးနှုန်း ဆေးမြီးတိုဟာ အလုပ်မဖြစ်ကြောင်း ပေါ်လွင်နေပါတယ်။ ဒေါ်လာနဲ့ သွင်းရတဲ့ စက်သုံးဆီနဲ့ စားသုံးဆီတွေ ဈေးဘယ်လောက်အထိ မြင့်လာဦးမှာလဲ ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page