မြန်မာတက္ကသိုလ်အသင်း ရွှေတံဆိပ် (၂) ခု ရပြီး ဇယားအောက်ဆုံးမှ လွတ် (အရှက်အနည်းငယ်ပဲကွဲ)

ထိုင်းနိုင်ငံ၊ အူဘွန်ရတ်ချဌာနီမြို့၌ ဇူလိုင် ၂၆ ရက်က စတင်၍ ကျင်းပလျက်ရှိတဲ့ အကြိမ် ၂၀ မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲ၌ မြန်မာက္ကသိုလ်အသင်းသည် ဝူရှူးအားကစားနည်းမှ ဒုတိယမြောက်ရွှေတံဆိပ်ဆုအား ထပ်မံဆွတ်ခူးနိုင်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဒုတိယမြောက် ရွှေတံဆိပ်ဆုအား သြဂုတ် ၆ ရက်ကကျင်းပသည့် ဝူရှူးပြိုင်ပွဲ၏ အမျိုးသမီး နန်းသောင်းပြိုင်ပွဲတွင် မအေးသစ္စာမြင့်က ရမှတ် ၉ ဒသမ ၆၉ မှတ်ဖြင့် ပထမရွှေတံဆိပ်ဆုရရှိခဲ့ခြင်းဖြစ်ပါတယ်။ မအေးသစ္စာမြင့်ဟာ ဒဂုံတက္ကသိုလ်၌ တက်ရောက်နေသူတစ်ဦးဖြစ်ပြီး မြန်မာတက္ကသိုလ်ဝူရှူးအားကစားအဖွဲ့မှ ဝူရှူးအားကစားနည်း ၄ မျိုးအားဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ် တစ်ခု ဆွတ်ခူးရရှိထားပြီးဖြစ်ကြောင်း သိရပါတယ်။

အကြိမ် ၂၀ မြောက် အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲတွင် မြန်မာတက္ကသိုလ်အသင်းသည် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ မြှားပစ်နှင့် ဝူရှူးအားကစားနည်း ၄ မျိုး၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်နှစ်ခု၊ကြေးတံဆိပ်နှစ်ခု ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာတက္ကသိုလ်အသင်းဟာ ပြိုင်ပွဲစတင်ပြီး အတော်ကြာသည်အထိ ဆုတံဆိပ်တခုမှ ဆွတ်ခူးခြင်း မရှိဘဲ ဇယားအောက်ဆုံးမှာပဲ ကျောက်ချနေတာ ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးဆုံးကာနီးမှ ရွှေတံဆိပ် ၂ ခု ရရှိကာ ၁၁ သင်း ရှိတဲ့အနက် နံပါတ် ၉ နေရာမှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ တက္ကသိုလ်အများအပြားမှာ ကျောင်းတက်ရောက်သူ အလွန်နည်းပါးနေတဲ့ အချိန်၌ တက္ကသိုလ်လက်ရွေးစင်အသင်းများကို အဖြစ်သဘောသာ ရွေးချယ်ခဲ့ကြပြီး အသက်မီတဲ့ လက်ရွေးစင် ကစားသမားတွေကို ထည့်သွင်း စေလွှတ်ခဲ့တယ်လို့ သတင်းရင်းမြစ်ကနေ သိရပါတယ်။ ဒါပေမယ့်လည်း အိမ်ရှင် ထိုင်းအသင်းက ရွှေတံဆိပ် ၁၀၉ ခု ရရှိချိန်မှာ မြန်မာအသင်းကတော့ ၂ ခုပဲ ရရှိပြီး အောက်ဆုံး ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page