နိုင်ငံခြားမှာ လမ်းပျောက်နေသူတွေအတွက် မြန်မာပြည် ပြန်လာသင့်သည့် အကြောင်းပြချက် (၃) ချက်
နိုင်ငံရပ်ခြားမှာ အလုပ်အကိုင်၊အနေအထိုင်အဆင်မပြေသူများ မြန်မာပြည်ကိုလာပါ လို့ဖိတ်ခေါ်ပါရစေ။
အရင်ဆုံး ပြောပြချင်တာက အလုပ်အကိုင်အကြောင်းပါ။
အလုပ်အကိုင်အရမ်းပေါများပါတယ်။ တနိုင်ငံလုံးကို ကြည့်လိုက်ရင် လုပ်ပေးစရာတွေချည်းပဲ။ ပိုက်ဆံကတော့ ကိုယ့်ဖာသာစိုက်ပါ။
နောက်တာပါ။ အစိုးရဝန်ထမ်းလုပ်မယ်ဆိုရင် နေ့ရောညပါ ဘဝကိုမြုပ်နှံထားရသလို ဖြစ်နေပေမယ့် အပြင်ကုမ္ပဏီဝန်ထမ်းဆိုရင်တော့ မိသားစုကုမ္ပဏီဆိုတာတွေမှာဝင်လုပ်ရင် သက်သာပါတယ်။ ဘာတွေသက်သာလဲဆိုတော့ ဟုတ်..အိမ်ပြန်တဲ့ကားခတို့၊အိမ်မှာချိုးမယ့်ရေတို့ပါ။
နောက်တာပါ။ မိသားစုကုမ္ပဏီတွေက ခိုင်းရင်သာ နားရက်မရှိခိုင်းတာပါနော်။ ခွင့်ယူရင်တော့ အလုပ်သမားဥပဒေ အတိုင်းသွားပါတယ်။ ပိတ်ရက်နဲ့ ကပ်တဲ့နေ့တွေ ခွင့်ယူရင် ပိုက်ဆံဖြတ်တာမျိုး။
စိတ်ဓာတ်မကျပါနဲ့။ ကိုယ်ပိုင်လုပ်ငန်းလုပ်လို့ ရပါသေးတယ်။ တက်စျေး၊ ကျစျေး မငြိမ်တဲ့ ဒေါ်လာရယ်၊ ဘဏ် ရာခိုင်နှုန်းတွေ ပေးရတာရယ်နဲ့သာ အဆင်မပြေတာပါ။ အခွန်ဆောင်ရတာရယ် ၊ ….ကို ဆတ်ကြေးပေးရတာရယ်နဲ့ သာယာပါတယ်နော်။
နောက်တာပါ။ ဘဏ်ဓားပြတိုက်ခံရရင် ဘုရားသာတထား။ ကိုယ့်နာမယ် ပါမပါ နားစွင့်ရရုံလောက်လေးပါ။ အောင်မြင်မှုနဲ့အတူ နာမယ်ကြီးမှုကိုပါ ပိုင်ဆိုင်ခွင့်ရတာပါနော်။
နောက်တာပါ။ အဆင်ပြေ စီးပွားဖြစ်သူတွေ တပုံကြီးပါ။ တစ်ခုပဲ ရှိတယ်။ ရလာတဲ့ ပိုက်ဆံကို ဘဏ်ထဲထည့်တော့လည်း စိတ်ပူရ၊ လက်ထဲထားဖို့လည်း ဘေးမကင်း၊ ရွှေဝယ်ထားတော့ စျေးမငြိမ်၊ မြေဝယ်ဖို့ကလည်းစျေးကြီး၊ ကားဝယ်ဖို့ကျတော့လည်း ဂျင်းကြောက်ရတာကလွဲရင် အကုန်အဆင်ပြေပါတယ်။
နောက်တာပါ။ စီးပွားရေးကတော့ အဲဒီလိုဆိုပေမယ့် စားရသောက်ရတာကျ အဟင်း..ဟင်း… အဆင်မပြေပါဘူး။ FDA approved ဆိုတိုင်းမယုံရပေမယ့် FDA တောင်မထောက်ခံတာကျတော့လည်းစိတ်မချရပြန်ပါဘူး။ “အသားစားရင် အလေးခိုး၊ အသီးစားရင် ဆေးဆိုး “ဆိုတဲ့ စကားလေးကိုမမေ့ဘူးဆိုရင် နေပျော်ပါတယ်။
အနေအထိုင်။ အမလေး အဲ့သဟာပြောချင်တာ၊ပြောချင်တာ။
စွန့်စားမှုနဲ့ သည်းထိတ်ရင်ဖိုတွေကို ကြိုက်ရင် အမြန်သာလှမ်းခဲ့ကြပါလို့။ နောက်ပြီး မြန်မာပြည်မှာ အမြဲထာဝရ ဟာသတွေပြောတတ်တဲ့ လူတွေလည်းရှိလို့ ရယ်ရတာများ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျရတဲ့အထိပါလို့။
အမေရိကန်စာတွေ မစားတတ်လို့ စိတ်ညစ်နေတဲ့အစ်မကြီးတို့၊ သြဇီမှာ ဘဝမျှော်လင့်ချက်ပျောက်နေတဲ့ ဘဒိုတို့၊ ဂျပန်မှာ မဟန်တဲ့ မောင်လေးတို့ ဒီစာလေးကိုဖတ်ပြီးရင် သင်တို့ကို ကြိုဆိုနေသူတွေရှိပါတယ်။ တောထဲက ပီဒက်လေးတွေက။