ပျောက်ကွယ်သွားခဲ့ပြီဖြစ်တဲ့ စိမ်းပြာရေညှိနဲ့ တွင်းပိုး (ဘယ်တော့မှ ပြန်မရနိုင်တဲ့ မြန်မာ့သယံဇာတခု)
မြစ်ရေတက်ရင် တွင်းကြီးထဲရေကျ၊ မြစ်ရေကျရင် တွင်းကြီးထဲရေပြည့်တဲ့ တွင်းကြီးတစ်တွင်း
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာရှိတဲ့ အကျယ်အဝန်း ၄မိုင်ခန့်ရှိသော မီးတောင်ဟောင်းတစ်ခုဖြစ်တဲ့ တွင်းတောင်ကြီးပါပဲ…ကျနော် သွားမယ်ဟု ရည်ရွယ်စာရင်းထဲက နေရာလေးတစ်ခု..
အရင်နှစ်တွေတုန်းက ကျနော်အလုပ် လုပ်သော နိုင်ငံခြားသား ဇိမ်ခံသဘော်ကြီးဖြင့် မိုးတွင်းဆို ချင်းတွင်းမြစ်တစ်လျှောက် အဆုန်အဆန် သွားကာ နာမည်ကြီး မုံရွာအထက် အင်မတန်လှသော မြစ်ကျဉ်းက ရွှေစာရေးဝဲကြီးနား ဖြတ်ရင်ဖြင့်… “အော်… ဒါ တွင်းတောင်ကြီနားလေးပဲလေလို့..” ဆိုကာ ခဏခဏတွေးမိသော်လဲ အကြောင်းအမျိုးမျိုးကြောင့် မရောက်နိုင်ခဲ့… ခုတော့ မအောင့်နိုင်တော့ပဲ ဖတ်ထားသမျှလေး ပြုတုစု ကိုးကားကာ ချရေးမိတာပါ …
မုံရွာမြောက်သွားရင် ဘုတလင်မြို့ရောက်၊ အဲဒီကမှ အနောက်ဖက် ၃မိုင်ခန့်အကွာမှာ တွင်းရွာဆိုတာ ရှိပြီး ရွာကလေးဟာ ယာလုပ်ငန်း၊ ကွမ်းစိုက်ပျိုးခြင်း၊ တွင်းပိုးဖမ်းခြင်း လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းပြုကြပါတယ်၊ တွင်းရွာမှ အနောက်ကို ၂ ဖာလုံကျော်ကျော်ကလေး ဆက်သွားလျှင် တွင်းတောင်ကို ရောက်နိုင်ပါတယ်ဗျ။
တွင်းတောင်၏ အကျယ်အဝန်းသည် ပတ်လည် ၄မိုင် နှင့် ရေပါတ်လည် အကျယ်မှာ ၃မိုင်ခန့်ပုံမှန်ရှိတယ်၊ ကန်ဟာ ၁၆၈ ပေထိ နက်တယ်လို့ သိရတယ်၊ အပြင်လှမ်းလှမ်းမှ ကြည့်လျှင် တောင်ကြီး တစ်လုံးပုံဖြစ်ပါတယ်၊ အပေါ်ရောက်ရင် ဒယ်အိုး ပုံကဲ့သို့ ချိုင့်ဝှမ်းကြီး ဖြစ်နေတာတွေ့ရတယ်၊ တွင်း အခြေဆင်းတဲ့လမ်းသည် မတ်စောက်လှပြီး တွင်းတောင်ထဲတွင် စိမ်းပြာပြာ ကျိချွဲချွဲ နှင့် ရေတွေရှိ, ထိုရေမှ အဖိုးတန် စိမ်းပြာရေညှိ(ခေါ်) ကျနော်တို့ သိကြတဲ့ စပီရူလိုင်းနား တွေထုတ်လုပ်ကြတယ်…
တွင်းတောင်ထဲမှ ရေသည် – ချင်းတွင်းမြစ်ရေ တက်နေချိန်မှာ တွင်းထဲက ရေများသည် ကျ၍၊ ချင်းတွင်းမြစ်ရေ ကျချိန် နွေအခါမှာ တွင်းရေက တက်လာသည်။ အခြားရေကန်များနှင့် မတူပေ၊ ညိုညစ်တယ်၊ နီစပ်တယ်၊ ရေညှိအရောင်နှင့် ကြည်လင်ခြင်းမရှိပဲ ချွဲပျစ်ပျစ်ဖြစ်နေတယ်။
ရေကငန်နေပြီး ကန်အတွင်းရေဆင်းချိုးရင် ဆပ်ပြာတိုက်ရန်မလိုပဲ တိုက်ပြီးသကဲ့သို့ ဖြစ်နေတယ်ဟုသိရတယ်။ လက်နှီးစုတ်တစ်ခု ချကြည့်လျှင် ဆပ်ပြာတိုက်လျှော်ပြီးသကဲ့သို့ ဖွေးဖြူသွားတတ်သည်ဟု ပြောကြတယ်၊ ဤကန်ထဲမှာ ငါး ဖား လိပ် ပုဇွန် မနေနိုင်ပဲ ပိုးလောက်လန်းနဲ့တူတဲ့ တွင်းပိုး နှင့် ဖြုတ်လိုပိုကောင်ငယ်လေး၂မျိုးသာနေနိုင်ပါတယ်၊ တွင်းတောင် တစ်လျှောက်ဟာ ရေချိုတွင်းတွေတူးကြပြီး ကွမ်းစိုက်တော့ တွင်းကွမ်းဆိုပြီး နာမည်အင်မတန်ကြီးတယ်။ တွင်းပိုး နှင့် တွင်းကွမ်းဟာ အလွန်နာမည်ကြီးတဲ့ ဒေထွက်ကုန်တွေပေါ့။
တွင်းပိုး – ဒေသခံတွေပြောတဲ့ ထူးဆန်းတာက တွင်းပိုးတွေဟာ ဥပုသ်နေ့မှာသာ ပေါ်တယ်တဲ့ တစ်နှစ်မှာ တစ်လသာ ကောင်းကောင်းရနိုင်တယ်ပြောကြတယ်.. မိုးအုံ့ပြီဆိုရင် တွင်းပိုးတွေ ကမ်းစပ်ကို ပေါ်လာတတ်ကြတယ်၊ အဲလိုအချိန်ဆို လက်ပိုက် သို့ ဆန်ကာနဲ့ ဆယ်ကာ တွင်းပိုးကို ရေနွေးဖြော အချည်ထည့်ကြတယ်၊ အစိုတိုင်းလဲစားနိုင်တယ်၊ နေလှမ်းအခြောက်ခံကြော်စားတာတော့ ခုခေတ်ပေါ်ပြူလာဖြစ်လာတာပေါ့။ လိုင်းပေါ်မှာ ရောင်းနေကြတယ်။
တွင်းပိုး၏ပုံသဏ္ဌာန်မှာ လက်မ လက်သဲခွံ ပမာ ဝိုင်းပြားပြား ပုံစံ ရှိကြတယ်၊ တွင်းပိုးအမျိုးအစားမှာ အခြားသတ္တဝါများကဲ့သို့ အဖိုနှင့် အမရှိ၊ အဖိုမှာ လောက်လန်းသဖွယ်ဖြစ်ပြီး၊ အမမှာ လုံးဝိုင်းသော ပုံရှိပါတယ်တဲ့၊ တွင်းပိုးတို့သည် ရေစပ် ကျောက်တုံးများမှာ ဥ ပုံမှန်ချကြတယ်၊ မိုးရွာကာနီး အချိန်မှာဆို တွင်းပိုးပေါက် များ ထွက်လာလေ့ရှိပါတယ်၊ လောက်လန်း ပုံစံလေးတွေပါ၊ ညအခါ ရေစပ်မှာ မီးခွက်ထွန်းထားလိုက်ရင် မီးရှိရာကို ကူးခတ်လာတတ်တော့ ဆန်ကာခုံးနှင့် စစ်ခပ်ကာဖမ်းယူကြတယ်လို့ သိရတယ်။
ဒေသခံတွေဟာ အကောင်ကြီးတဲ့ အဖို အမများကို ဖမ်းမိရင် မျိုးမတုန်းစေရန် အတွက် ပြန်လွှတ်ပေးလေ့ရှိကြပြီး ရလာသော တွင်းပိုးအကောင် ကလေးများကို နေရိပ်တွင် အခြောက်လှမ်း၍ ခြောက်လျှင် သည်အတိုင်း စားလို့ရတယ်ပြောပါတယ်၊ အပေါ်ကပြောသလိုကြော်စားလဲရပါတယ်တဲ့၊ လက်ဖက်သုပ်ထဲ ထည့်စားလျှင် ဆိမ့်သော အရသာရှိ၍ စားလို့ ကောင်းပြီး တွင်းပိုးကြော် နှစ်ဇွန်းနှင့် နွားနို့ တစ်ခွက်သောက်လိုက်ပါက ကုန်ခမ်းသွားသော အားအင်များ ချက်ချင်း ပြန်လည်ပြည့်ဖြိုး လာသည်ဟု ဝီကီမှာ မှတ်သားရပါတယ်။ နောက်တစ်ခုက တစ်လက်စထဲ ဗဟုသုတအနေနဲ့ …
စိမ်းပြာရေညှိ(ခေါ်) စပီရူလိုင်းနာ
တွင်းတောင်ထဲမှ ရေများသည် စိမ်းပြာရေညှိ(ခေါ်) စပီရူလိုင်းနား အားဆေးများ(ပရိုဗီမင်အားဆေး၊ အာဗာမင်အားဆေး၊ စိမ်းပြာရေညှိအဆီ)ကို ထုတ်ယူနိုင်တယ်၊ ထိုအရာဟာ လူကြီးများအတွက်သာမက၊ လူငယ်များအတွက်ပါ အားအင်ပြည့်ဖြိုးစေတာ လူတိုင်းသိထားကြပါတယ်…
စပီရူလိုင်းနား ခေါ် စိမ်းပြာရေညှိ ဟာ အပူပိုင်းဒေသ မီးတောင်ဟောင်းများတွင် ရှင်သန်ပေါက်ပွားလေ့ရှိပြီး ကမ္ဘာပေါ်တွင် သဘာဝစပီရူလိုင်းနား ထွက်ရှိသောနိုင်ငံ (၆)နိုင်ငံရှိသည်။
မက္ကဆီကိုနိုင်ငံ, တက်ကိုကိုကန်(Lake Texcoco)၊ ချက်ရီပါ့ဘလစ်, ချက်ရေကန် (Lake Chad) နှင့် ဘိုဒူရေကန် (Lake Bodou)၊ ရောင်ဘူရေကန်၊ ကင်ညာနိုင်ငံ, နာကူရူးရေကန် (Lake Nakuru)နှင့် အယ်လီမန်တီရှားရေကန် (Lake Elementeitia)၊ အီသီယိုးပီးယားနိုင်ငံ, အရာဂွတ်ဒီရေကန်(Lake Arangudiadi)နှင့် ကီလိုတီးစ်ရေကန် (Lake Kilotes)၊ တရုတ်နိုင်ငံ, ချန်ကိုင်းရေကန် (Chenghai Lake)
မြန်မာနိုင်ငံမှာတော့ ဘုတလင်မြို့နယ် တွင်းတောင်၊ ကနီမြို့နယ် တောင်ပျောက်အင်း, တွင်းမအင်း၊ စစ်ကိုင်းရှိ ရေခါးအင်း တို့မှာ စပိရူးလိုင်းနား ထုတ်ယူနိုင်ကြတယ်ဟု မှတ်သားရပါတယ်။ မှတ်ရန် – နေရာအချို့ယခု ရေညှိမထုတ်လုပ်နိုင်တော့ပါ။
တွင်းတောင်ရေဟာ ဓာတ်၁၆မျိုး ပါဝင်နေတယ်လို့ နယ်သာလန် နဲ့ ဂျပန်သုတေသီတွေက ဆိုကြတယ်.. ထိုနေရာမှ ထွက်တဲ့ ရေညှိဟာ အခြား ပရိုတင်းဓါတ်ပါသော အသားငါး အသီးအရွက်တွေထက် အရည်သွေးပိုကောင်းပြီး ပရိုတင်း၈၀% ကြွယ်ဝတယ်ဟုသိရတယ်၊ အခြားနိုင်ငံက ရေညှိတွေထက် ၃၀% သာလွန် အကျိုးပြုတယ်လို့လို ဖတ်ရပါတယ်၊
တွင်းတောင်တွင် ရေညှိကို ဖေဖဝါရီ၊ မတ်၊ ဧပြီမှာ အဓိကရကြလေ့ရှိသော်လဲ ၂၀၁၅ မှစ၍ သိသာစွာ ရေညှိထုတ်လုပ်နိုင်မှု ကျဆင်းပြီး ယခု ရပ်ဆိုင်းလိုက်ရသလို ဖြစ်နေပါတယ်၊ အကြောင်းကတော့ ဂေဟစနစ်ပျက်ယွင်းလာတာပါ …
အဓိက ၂ချက်ကတော့ – တွင်းတောင်နဲ့ ၅မိုင်ပါတ်လည်မှာရှိတဲ့ စစ်ကိုင်းတိုင်းရဲ့ ရေဘုတလင် လို့ခေါ်တဲ့ အကြီးဆုံး မြစ်ရေတင်စီမံကိန်းမှ ရေပေးတဲ့ မြေသာတူးမြောင်းတွေက မြေအောက်ထဲ ရေချိုစိမ့်ဝင်မှုကြောင့် တွင်းတောင် ရေညှိရှင်သန်နိုင်တဲ့ ရေ PH level အယ်ကာရီပါဝင်နှုန်းကျလာရတာ အဓိကပါ…
ဒါ့ကြောင့် တွင်းတောင် ၅မိုင်ပါတ်လည်ဟာ ခြောက်သွေ့ဇုံဖြစ်ကို့ဖြစ်ရပါ့မယ်လို့ research လုပ်သူတွေဟာ ထောက်ပြကြပါတယ်… ဒေသခံတွေကတော့ စိုက်ပျိုးရေးဟာမြစ်ရေတင်ကို မှီခိုရတော့ ထိုမြစ်ရေတင်ရပ်တန့်မှာကို စိုးရိမ်သော်လဲ alternative idea ဖြစ်တဲ့ ၅ မိုင်ဝန်းကျင်ကို မြေအောင်ရေချိုမစိမ့်စေရန် သံပိုက်လုံးဖြင့် အသုံးပြုရေတင်ပေးဖို့ အဆိုတင်သွင်းခဲ့ကြဖူးပါတယ်…
နောက်တစ်ခုက ရေညှိရှင်သန်ရေးဆိုပြီး ယူရီးယားခေါ်တဲ့ ဓါတ်မြေဩဇာ အလွန်ကြွံသုံးစွဲမှုကြောင့် Dominic acid ထွက်လာပြီး အဲဒီအဆိပ်က ရေညှိရှင်သန်ပေါက်ဖွားမှုကို ကျဆင်းစေတာလို့ ပညာရှင်တွေ ထောက်ပြကြတယ် (သူ့ဖက် ကိုယ့်ဖက် မဟုတ်ဘူးလဲ ငြင်းဆိုကြပါသေးတယ်) ဒါဟာ အစိုးရ ကနေ ပုဂ္ဂလိကကုမ္မဏီအကူးပြောင်းမှာ ဖြစ်တဲ့ ပြသနာလို့လဲ ဒေသခံတွေပြောခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ နှစ်အနဲငယ်ကတော့ ပညာရှင်တွေဟာ ဂေဟစနစ် တစ်ခုခု ချွတ်ယွင်းတာဖြစ်လို့ သေချာ လေ့လာ ဂေဟကို ပြန်ထိန်းနိုင်ရင် တွင်းတောင်သဘာဝ ပြန်ရနိုင်တယ်လို့ ပြောခဲ့ကြပေမယ့် ထိန်းနိုင်လား မထိန်းနိုင်လားဆိုတာတော့ စာရှည်မယ်ဆိုးလို့ နောက်တစ်ခေါက်မှ ဆက်ကြတာပေါ့ဗျာ၊ ကျနော့ သူငယ်ချင်းက ပြောတယ် စာရှည်ရင် ဟုန်တယ် မကောင်းဘူးတဲ့… ကျနော်ကလဲ မနဲ ဘရိတ်အုပ်မှတန်ကာပါဗျာ ….
အမှားပါဖြည့်၊ စားလုံးပေါင်းသည်းခံပေးပါဗျ။ ပြန်လည်ပြုစုတင်ပြရေးသူ – ကိုစိုးကျော်သူ(ဧည့်လမ်းညွှန်-ပုဂံ)
ကိုးကား- အငြင်းပွား အမှတ်လွဲ အသိနည်း မြန်မာ့ဖြစ်ရပ် ၁၀၀ (မောင်ကြည်သန့်) ၊ မြန်မာ့စွယ်စုံကျမ်း၊ မြန်မာတိုင်း အောင်ဖေကြည်စိုး စာတမ်း။