ဒေါ်အောင်ဆန်းစုကြည် တသက်လုံး ရင်ဆိုင်ခဲ့ရတဲ့ အာဏာရှင်တို့ရဲ့ ယတြာများ အကြောင်း
မှတ်မိသူတွေ မှတ်မိကြပါလိမ့်မယ်။ ၁၉၉၀ ရွေးကောက်ပွဲ မတိုင်မီ ကာလက မထသလိုင်းကား တမျိုး ပေါ်ခဲ့ဖူးတယ်။ ကားနဖူးစည်းမှာ စု-ပုံ-ရှင်းလို့ ပြူးနေအောင် ရေးထားတဲ့ လိုင်းကား၊ မှတ်တိုင်မှာ စုံပုံနေတဲ့ ခရီးသည်တွေကို ရှင်းပေးဖို့အတွက်လို့ အကြောင်းပြ ပေမယ့် ဘယ်အဓိပ္ပာယ်နဲ့ ဘာကို ရည်ရွယ်တယ်ဆိုတာကို ပြည်သူတွေက သိကြပါတယ်။
အဲဒါနဲ့တင် အားမရတော့ ” စုနိုင်မှ ချမ်းသာမည် ” လို့ တနိုင်ငံလုံးပဲ့တင်ရိုက်နေတဲ့အချိန်မှာ နိုင်ငံပိုင်သတင်းစာတေွကနေ ဆောင်ပုဒ်လိုလို ဘာလိုလိုစာသားတစ်ခုကို နေ့စဉ်ထည့်ပြန်လေရော.. ဘာလဲဆိုတော့… “မစုနိုင်က စိတ်ပူရ” ဆိုပြီး အောက်က ကွင်းစကွင်းပိတ်နဲ့ မြန်မာ့စီးပွားရေးဘဏ် တဲ့။
နောက်ပိုင်းကာလတွေမှာလဲ စုကြည်ဆိုတာကို ကက်ကင်းရိုက်ပြီး ကြက်ဆူတနိုင်ငံလုံးစိုက်ခိုင်းခဲ့ကြတာတွေ၊ အမျိုးသမီးအကြီးအကဲပေါ်မလာအောင် တဖွဲ့သားလုံးအမျိိုးသမီးဝတ်ချိတ်လုံခြည်တွေ ဝတ်ကြတာတွေ။
ပြီးခဲ့တဲ့ ၂၀၁၅ မတိုင်မီတုန်းကတောင် အောင်ဆန်းစုကြည်နဲ့ နေ့နာမ်တူတဲ့ အင်းစိန်ဈေးကြီးခေါင်မိုးမှာမှကျောက်ဖရုံးသီး သွားချိတ်ခဲ့ကြသေးတာမဟုတ်လား။ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့အမျိုးသမီးကို သူတို့တွေ … ကံချင်းလဲ ယှဉ်လို့မရဘူး၊ ဉာဏ်ချင်းလဲ ယှဉ်လို့မရဘူး၊ ဝီရိယချင်းလဲ ယှဉ်လို့မရဘူး၊ စေတနာမေတ္တာချင်းလဲ ယှဉ်လို့မရဘူး၊
အဲဒီတော့ သူတို့လုပ်နိုင်တာ တစ်ခုပဲရှိတယ်။ အောက်တန်းကျကျ တိုက်ခိုက်ဖို့နဲ့ ယုတ်ယုတ်မာမာ သတင်းတုလွှင့်ဖို့….။ သက်ငြိမ်