ရန်ကုန်ရွှေလုပ်ငန်းရှင်များ အသင်းကလည်း ကြားရွှေ (၁၀) ပိဿာ အရှုံးခံရောင်းပေးတော့မယ်

မန္တလေး ရွှေလုပ်ငန်းရှင်များ အသင်းက ၇ ရက်နေ့မှာ ကြားရွှေ (၇) ပိဿာ ရောင်းချပေးပြီးနောက် ယနေ့ (၈) ရက်နေ့တွင်လည်း (၇) ပိဿာကျော် ထပ်မံရောင်းချပေးမယ်လို့ သိရပါတယ်။ အဲဒါကြောင့် ရန်ကုန် ရွှေလုပ်ငန်းရှင်းများ အသင်းကလည်း အားကျ မခံ ကြားရွှေ (၁၀) ပိဿာကို ထပ်မံပြီး အရှုံးခံ ရောင်းချပေးမယ်လို့ သိရပါတယ်။

ရန်ကုန် ရွှေလုပ်ငန်းရှင်များ အသင်းရဲ့ ကြေညာချက်ကို ထပ်မံဖော်ပြလိုက်ပါတယ်။ မည်သူမဆို ရန်ကုန်ရွှေလုပ်ငန်းရှင်များ အသင်းမှ ရွှေအတုံးအခဲများဝယ်ယူနိုင်တော့မည်။ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း မှာ ရွေအတုံး/အခဲ (၁၀) ပိသာကျော် ရောင်းချပေးတော့မယ်နော်။

အသင်းဝင်များမှအပ မည်သူမဆို မှတ်ပုံတင်မိတ္တူ သန်းခေါင်စာရင်းမိတ္တူနဲ့တကွ လူတစ်ဦးလျှင် ၁ ကျပ်သားမှ ၁၀ ကျပ်သားအထိ တစ်ကြိမ်စီ ဝယ်ယူနိုင်မှာဖြစ်ပါတယ်၊ အသေးစိတ်ကို ထပ်မံဖော်ပြပေးပါ့မယ်နော်။ ရွှေဝယ်ဖို့ အားမွေးထားကြပါဦး လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

မန္တလေးရွှေလုပ်ငန်းရှင်များ အသင်းက ရောင်းချပေးတဲ့ ရွှေတွေဟာ အကယ်ဒမီအဆင့် အခေါက်ရွှေ မဟုတ်ဘဲ ကြားရွှေတွေပဲ ဖြစ်တာကြောင့် အွန်လိုင်းပေါ်မှာ ဝေဖန်မှုတွေ များပြားနေပါတယ်။ ဝယ်ယူထားတဲ့ ရွှေများကို ပြန်ရောင်းချမယ်ဆိုရင် ရွှေဆိုင်တွေက ဈေးနှိမ်ဝယ်ယူမှာကိုလည်း စိုးရိမ်နေကြပါတယ်။ လူတဦးကို တဆယ်သားပဲ ရောင်းချနေပြီး မနေ့က ဝယ်ယူပြီးသူတွေကို ယနေ့ ထပ်မံ မရောင်းချဘူးလို့ သိရပါတယ်။

ရန်ကုန် ရွှေလုပ်ငန်းရှင်များအသင်းက ရွှေဈေး ယနေ့ပေါက်ဈေးကို ၁၉ သိန်း ၈ သောင်း ၈ ထောင် ရှိတယ်လို့ ကြေညာထားတာကြောင့် အဆိုပါဈေးနဲ့ ရောင်းချမှာလား၊ မန္တလေးက ရောင်းဈေးအတိုင်း ၂၅ သိန်း ၄ သောင်းနဲ့ ရောင်းချမှာလားဆိုတာ မထုတ်ပြန်သေးဘဲ ပဟေဠိသဖွယ် ဖြစ်နေပါသေးတယ်။

ပြင်ပပေါက်ဈေးမှာတော့ အခေါက်ရွှေ ဈေးနှုန်းဟာ ၂၆ သိန်း ၁ သောင်း ဈေးနှုန်း ဖြစ်နေပါတယ်။ ရန်ကုန် ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌကတော့ ရွှေဈေး မကျမချင်း အရှုံးခံ ရောင်းချပေးမယ်လို့ တရားဝင် ထုတ်ဖော်ပြောကြားထားပါတယ်။

ထိုသို့ အရှုံးခံ ရောင်းချပေးနေပေမယ့်လည်း ပြင်ပရွှေဈေးက ထပ်မံတက်လာတာကို တွေ့ရပါတယ်။ အခုလို ရွှေဈေးနှုန်းကို ပုံသေသတ်မှတ်ပြီး စားအုန်းဆီ ရောင်းသလို တန်းစီ ရောင်းချပေးတာဟာ ရွှေဈေးကွက်ကို ပိုမို ကမောက်ကမဖြစ်စေမှာ ဖြစ်ပြီး ဈေးကွက် အလုံးစုံ ပျက်စီးသွားစေနိုင်တယ်လို့ စီးပွားရေး ပညာရှင်များက မှတ်ချက်ပေးနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page