ပုဂံမှာ တန်ဖိုးမသိတဲ့သူတွေကြောင့် ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ ရှေးဟောင်းအမွေအနှစ် ပစ္စည်းများ
ရေးသားသူ – Zay Myo Lin၊ ပုဂံ နတ်ထောင့်ကျောင်းဝင်းထဲမှာ နှစ်ရာချီသက်တမ်းရှိတဲ့ ပွတ်လုံးတွေကို ဖြုတ်ပီး ဒီအတိုင်းမြေပေါ်ပုံထားတာတွေ့ရတယ်။ ကျနော်တို့လို restoration သမားတွေအတွက်ခုလို သစ်အဟောင်းထည်တွေဟာ သိပ်ကိုတန်ဖိုးကြီးပါတယ်။ ရှေးပစ္စည်းသစ်သားထည်ကို အစားထိုးရတဲ့အခါ ၊ ပုံတူလုပ်ရတဲ့အခါ သစ်အဟောင်းကိုသာ အသုံးပြုရပါတယ်။ အဟောင်းဟာ အသားသေပီးသားဖြစ်လို့ပါ။
အသစ်ဟာ ကြွ-တယ်၊ ရုန်းတယ်၊ အက်တယ်၊ ကွဲတယ်။ ပေါင်းသားပင်ဖြစ်ပစေဦးတော့ ရာသီဥတုဒါဏ်ကို အဟောင်းလောက်ခံနိုင်ရည်မရှိတတ်ဖူးရယ်။ သစ်လုံးရဲ့ အကာသား၊ အနှစ်သား စသဖြင့် မတူတဲ့အခါ ရာသီဥတုဒါဏ် ခံနိုင်ရည်ရှိပုံခြင်းလည်း မတူပါဘူး။
ဒါကြောင့် restoration လုပ်မယ်ဆိုတဲ့အခါ သစ်အဟောင်းသားကို မဖြစ်မနေ အသုံးပြုကြရပါတယ်။ ပွတ်လုံးတွေ အစားထိုးတဲ့အခါမှာလည်း မူလတစ်လုံးကိုဖြုတ်ယူပီးမှ vernier clipper နဲ့ အသေချာအတိုင်းယူပီး အတိကျပြန်လုပ်ယူရတာ။
ဒီအချိန်မှာ ကျွန်းပွတ်လုံး အကြမ်းထည်ဟာ ၄၀၀၀ ဝန်းကျင်ရှိတတ်တယ်။ ကော်ပတ်မစားရသေးဘူး။ ဆေးမသွင်းရသေးဘူး။ လက်ခ မပါသေးဘူး။ ဆိုဒ်ထဲအရောက်ပို့ခမပါသေးဘူး။ အားလုံး အပြီးစီးဆို ပွတ်လုံးတစ်လုံးကို ၆၀၀၀ ဝန်းကျင်ကုန်ကျတယ်။ ဒါတောင် ဒါက တရားမဝင်သစ်စျေးနဲ့ တွက်တာ။ တရားဝင်သစ်စျေးနဲ့ဆို အနည်းဆုံး ၂ ဆ-၃ ဆ တက်သွားမှာ။
ခုလို ရှေးလက်ရာအတိုင်းဆို ပွတ်လုံးအပ်ဖို့မလွယ်တော့ဘူး။ အနည်းဆုံး လုံးပတ် ၅ လက်မပတ်လည်ကနေ ပွတ်ယူရမှာဖြစ်လို့ ဒီဘက်ခေတ် သစ်ရှာရတာ အင်မတန်ခက်သွားဘီ။ သစ်ရှိရင်တောင် ဒီလိုလက်ရာရဖို့က မလွယ်သေးဘူး။
ခုတော့ မြေပေါ်မှာပုံထားတယ်။ ဘယ်က ဖြုတ်လာလဲဆိုတော့ အနီးဆုံးဘုန်းကြီးကျောင်း သစ်သားကျောင်းတွေလိုက်ကြည့်ရမှာဘဲ။ တောင်ဘီရွာထဲမှာ ဒီလိုဘဲ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်တဲ့ ဘုန်းကြီးကျောင်းလက်ကျန်တွေ ဘယ်လောက်ရှိလဲ ကျနော်မသိဘူး။
တကယ်ဆို အသေချာဖြုတ်ပီး ပြန်တပ်ဖို့ စုဆောင်းထားရမှာ။ ဘုန်းကြီးကျောင်းဝင်းထဲမှာ သစ်အဟောင်းပုံတွေတွေ့ရတယ်။ သေချာရှာကြည့်ရင် ပြန်သုံးလို့ရမယ့် သစ်ထည်တွေ အများကြီးထွက်လာမှာ။ ချစားပီး မြန်မြန်ကုန်လည်းအေးတာဘဲဆိုပီး ပစ်ထားလိုက်ကြပုံဘဲ။ မြန်မြန်ကောက်သိမ်းထားရင် နောက်များကျိုးပဲ့ ပျက်စီးတာရှိရင် အလွယ်တကူအစားထိုးလို့ရတာပေါ့။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)