ရွှေလာဝယ်ရင် ဈေးတင်ပြီး ရွှေလာရောင်းရင် ဈေးနှိမ်တဲ့ ရွှေဆိုင်ကြီးတွေရဲ့ လုပ်ရပ်ကို ဖွင့်ချလိုက်ပြီ

မနေ့က မန္တလေးကနေ စံပြစျေးနားမှာ ဆိုင်ခွဲလာဖွင့်ထားတဲ့ ရွှေဆိုင်တဆိုင်မှာ အခေါက်မီးလင်းလက်ကောက်လေး သွားဝယ်တယ်။ အဲ့ဆိုင်က မန်းလေးမှာနေတုန်းက အမြဲအားပေးနေကျ ပန်းတိမ်လုပ်တော့မှသာ ကိုယ့်ဘာသာ လုပ်တာ။

ငွေစျေးတွေတက်တုန်းကလည်း သူတို့ရဲ့ စံပြစျေးနားကဆိုင်မှာ အခေါက်ထည် တော်တော်များများ အားပေးဖြစ်သေးတယ်။ ဝယ်တုန်းကလည်း သေချာမေးပြီး ဝယ်တယ်။ အပြင်ပေါက်စျေးထက် ၂၀၀၀၀ ကျပ်သာခွာပြီး ပြန်ဝယ်ပေးမယ်လို့ ပြောထားတာ။

မနေ့က အခေါက်လက်ကောက်လေး သွားဝယ်တော့ အကျစ်ထည် မရှိဘူး။ အပွထည် အလုံးလေးတွေတော့ ရှိတယ်။ ကျွန်တော်က ကိုယ်တိုင်လည်း ပန်းထိမ်လုပ်ဖူးတော့ အပွထည်တွေဆိုရင် မကြိုက်ဘူး။ ဒါပေမယ့် ကိုယ်အားပေးနေကျ ဆိုင်ကပဲ ဝယ်လိုက်ပါတော့မယ်ဆိုပြီး စျေးမေးလိုက်တာ အလျော့တွက်က အပွ အပြောင် လက်ကောက်တစ်ကွင်းကို ၁ ပဲ ၄ ရွေးတဲ့။

ရွှေစျေးက အပြင်ပေါက်စျေး ရန်ကုန်မှာ မနေ့က ၂၈၁၀၀၀၀ ကျပ် ပေါက်ပါတယ်။ အဲ့ဆိုင်မှာက တစ်ကျပ်သားကို ၂၆၉၉၀၀၀ ဈေးဖြတ်ထားတယ်။ အလျော့တွက်နဲ့ အပြင်ပေါက်စျေး ညီရင် ယူလိုက်မယ်ဆိုပြီး တစ်ကွင်းစျေးကို တွက်ခိုင်းလိုက်တယ်။

၁ ကျပ်သားကို ၃ ရွေးကျော်လျော့တာ တစ်ကွင်းကို ၂၉၃၀၀၀၀ တဲ့ လျော့နေတဲ့ ၃ ရွေးကျော်က အပြင်ပေါက်စျေးနဲ့ဆိုရင် ၆၆၀၀၀ ကျော်ကျတော့ သူတို့ရောင်းတဲ့ စျေးက တစ်ကျပ်သားကို ၂၉၉၆၀၀၀ ကျော် ကျနေတော့ အပြင်စျေးနဲ့ ၁၈၀၀၀၀ လောက်ကွာနေပြီ။ တစ်ဆယ်သားဆိုရင် ၁၈ သိန်း ကွာနေမယ်။

ဒီနေ့မနက် အခေါက်မီးလင်း လက်ကောက်ရောင်းမယ်ဆိုပြီး အဲ့ဆိုင်မှာ စျေးမေးကြည့်လိုက်တော့ ၂၆၉၉၀၀၀ တဲ့။ သူတို့ဆိုင်မှာတင် အခေါက်တကျပ်သားမှာ ရောင်းစျေး ဝယ်စျေး ၃ သိန်းလောက်ကွာနေပြီ။ ဒီနေ့လည်း အပြင်ပေါက်စျေးက ၂၈ သိန်း တစ်သောင်းဆိုတော့ ပြန်ဝယ်တဲ့စျေးဟာ အပြင်ပေါက်စျေးထက် တစ်သိန်းကျော် ကွာနေသေးတယ်၊

အခေါက် အပွလက်ကောက်မို့ ပန်းတိမ်သမားကို အပ်ရင်တောင် အများနဲ့ အပ်ရင် အလွန်ဆုံး အလျော့တွက် ၂ ရွေး ခွဲပဲ ပေးရမှာ။ ထိပ်ပိတ်တွေ ဆော်ထားတာ နှစ်ဖက်အတွက် ဂဟေက ရွေးဝက် ဝင်ရင် ပန်းတိမ်သမားအတွက် ၃ ရွေးလောက်နဲ့ လက်ခ ကျန်တယ် ကျွန်တော်ဆို အများနဲ့ဆိုရင် အလျော့တွက် ၂ ရွေးရရင် ကပြီးတောင် လုပ်သေးတယ်။

အခေါက် လက်ကောက်ပြောင်တွေ ဆွဲကြိုးတွေက ရွှေ မလျော့တဲ့အပြင် ဂဟေ ဝင်သွားတဲ့အတွက် ရွှေတောင် ပိုလာသေးတာ။ ကောင်တာက ကောင်မလေးကို ပြောင်လက်ကောက်တစ်ကွင်းကို ဘာလို့ တစ်ပဲ လေးရွေးတောင် အလျော့တွက် ယူရတာလဲလို့ မေးကြည့်တော့ အခေါက် ပြောင်လက်ကောက် အပွတွေဟာ လုပ်ရခက်လို့ပါတဲ့။

ရယ်ချင်တာကို မနည်းထိန်း ထားရတယ်။ ကိုယ်က ပန်းတိမ်လုပ်ဖူးတာကို သူမှ မသိတာကို ပန်းတိမ်သမားကိုပေးရတဲ့ ၂ ရွေးခွဲအတွက် အပြင်ပေါက်စျေးနဲ့ ၅၅၀၀၀ ပြန်နုတ်ရင် အခေါက်တကျပ်သားး ရောင်းစျေး ဝယ်စျေးဟာ ၂၄၀၀၀၀ လောက်ကွာနေတယ်။ ဒါဟာ ကိုယ့်ဆိုင်ကို ယုံကြည်လို့ လာအားပေးသော နားမလည် မတွက်တတ်တဲ့သူတွေကို နားလှည့်ပါး-ိုက်ပြီး အမြတ်ကြီးစားကာ မတရားလုပ်တာ ဖြစ်တယ်။

နောက်ထပ် ဒီလိုလုပ်နေတဲ့ ရွှေဆိုင်ကြီးအချို့ ရှိသေးတယ်။ နာမည်နဲ့ လုပ်စားနေကြတာ၊ အချို့သော ရွှေဆိုင်ကြီးတွေဟာ နာမည်သာကြီးတာ သိက္ခာတရားက လိုက်မကြီးလာဘူး။ ရွှေဝယ်သူတွေ ဆိုင်ထဲဝင်လာရင် သံပုရာသီးကြီး ဆိုင်ထဲလှိမ့်ဝင်လာတယ် လို့သာ မြင်နေကြတာ။

ဒါကြောင့် အရင်တုန်းက ဝယ်နေကျ လှည်းတန်းက တာလီမှာပဲ သွားဝယ်လိုက်တယ် စျေးမှန်နဲ့ ရခဲ့ရလို့ စိတ်ချမ်းသာတယ်။ မန်းလေးက ကိုကျော်ကြီး (ကေတီဗီ ပရဟိတ ဥက္ကဌ) ​က ကိုတိုးလုပ်ချင်ရင် ဒီနေ့စျေးနဲ့ သူ့ကို ၂၈ သိန်းနဲ့သာ တွက်ပေးလိုက် လိုချင်တဲ့ အလေးချိန်ကို တစ်ပတ်အတွင်း အိမ်အရောက်ပို့ပေးမယ် လက်ခသာပေးပါတဲ့။

ကျေးဇူးတင်ရပါတယ်ဗျာ။ ခုလို ချစ်ခင် ကူညီတဲ့အတွက်၊ ဒါကြောင့် မိတ်ဆွေများ ရွှေဝယ်မယ်ဆိုရင် နာမည်ကြီးတာထက် မှန်မှန်ကန်ကန် နှစ်ရှည်လများ ရပ်တည် ရောင်းချပေးနေကြသော ရွှေဆိုင်များမှာသာ ဝယ်ကြဖို့ အကြံပေးလိုပါတယ်ဗျာ။

ရွှေဆိုတာက ရှိ တန်ဆာ မရှိ ဝမ်းစာလို့ ဆိုရိုး ရှိတာကြောင့် ပြန်ရောင်း ပြန်လဲတဲ့အချိန်တွေမှာ ပေါက်စျေးထက် မတရားနှိမ်ပြီးဝယ်၊ အလျော့တွက်တွေ မတန်တဆယူ၊ သူတို့ ရောင်းရင် ပေါက်စျေးထက် မတရားစျေးများတဲ့ ဆိုင်တွေမှာ ဝယ်မိရင် မိတ်ဆွေတို့ရဲ့ ချွေးနှဲစာများသာ ဆုံးရှုံးကြရမှာ ဖြစ်ပါတယ်ဗျာ။ မိတ်ဆွေများအားလုံး ကပ်သုံးပါးမှ ကင်းဝေးကြပါစေ၊ ချစ်ခြင်းအားဖြင့် ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page