မြန်မာ့လက်ဝှေ့ ကမ္ဘာကို လွှမ်းစေရမယ်ဆိုတဲ့ ဘောလုံးပွဲတပွဲ (ဘောလုံးမကန်ဘဲ လက်ဝှေ့ထိုးကျင့်ကြခြင်း)
မနေ့ (၂၆-၁၁-၂၀၂၂) ရက်နေ့ သုဝဏ္ဏအားကစားပြိုင်ကွင်းမှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲအကြောင်းကိုတော့ အွန်လိုင်းပေါ်မှာ လူပြောများလျက် ရှိပါတယ်။
နောက်ဆုံးဗိုလ်လုပွဲစဉ်မှာ MIU အသင်းနဲ့ VUC အသင်းတို့ ယှဉ်ပြိုင်ကစားချိန်မှာ VUC အသင်းက ၅-၄ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲသွားခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲပြီးချိန်မှာ MIU အသင်းက အသင်းသားတွေနဲ့ တာဝန်ရှိသူတွေက ကွင်းလယ်ဒိုင်တွေကို လိုက်လံ ထိုးကြိတ်ခဲ့ရုံသာမက ကြားထဲက ဖြန်ဖြေတဲ့ ပရိသတ်တဦးကို ဝိုင်းဝန်း ထိုးကြိတ်တဲ့ ဗီဒီယိုဖိုင်တွေ အွန်လိုင်းပေါ် ပျံ့နှံ့နေပါတယ်။
ဗီဒီယိုဖိုင်ကို ကြည့်မိတဲ့သူတွေကတော့ MIU အသင်းရဲ့ လုပ်ရပ်ကို အားကစားစိတ်ဓာတ် မရှိတဲ့ လုပ်ရပ် အဖြစ် ဝေဖန်နေကြာပြီး MIU အသင်း ပရိသတ်တွေကတော့ ဒိုင်လူကြီးက ဘက်လိုက်တဲ့ ဆုံးဖြတ်တွေ ချမှတ်ခဲ့တာကြောင့်လို့ စောဒက တက်နေကြပါတယ်။
MIU အသင်း တာဝန်ရှိသူတွေဟာ ပွဲပြီးတဲ့နောက် ဒိုင်လူကြီးတွေ ထိုင်နေတဲ့ စားပွဲခုံနဲ့ ကွန်ပျူတာ အပါအဝင် ကွင်းအတွင်းရှိ ပစ္စည်းအချို့ကို ဖျက်ဆီးနေတဲ့ ဗီဒီယိုဖိုင်လည်း ထပ်မံ ပေါ်ပေါက်လာပါတယ်။ MIU အသင်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှာတော့ ဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တဲ့သူတွေကို အသင်းမှ ထုတ်ပယ်လိုက်ပြီး လိုအပ်တဲ့ အရေးယူမှုတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
ယခုလို ဘောလုံးအဖွဲ့ချုပ် အဆင့် ပြိုင်ပွဲမှာ ရုပ်ပျက်ဆင်းပျက်တွေ ဖြစ်ခဲ့ရတဲ့အပေါ် ပရိသတ်တွေကလည်း ဝေဖန်မှု မြင့်တက်နေပါတယ်။ ပရိုအဆင့် ကစားသမားတွေအနေနဲ့ ရပ်ကွက်ထဲမှာ ကန်နေတဲ့သူတွေလောက်တောင် စိတ်ခံစားမှုကို မထိန်းချုပ်နိုင်ကြောင်း၊
ဘောလုံး မကန်ဘဲ လက်ဝှေ့တို့၊ အမ်အမ်အေတို့ ဝင်ကစားရင်တောင် ချန်ပီယံ ဖြစ်နိုင်ကြောင်း၊ အရှုံးကို လက်မခံဘဲ ထစ်ကနဲဆို ပေါက်ကွဲလွယ်တာက နိုင်ငံတကာမှာ ဝင်မဆန့်နိုင်ကြောင်း စသဖြင့် ဝေဖန်နေကြပါတယ်။
မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမယ်ဆိုတဲ့ ဆောင်ပုဒ်ကို ချမှတ်ပြီးချိန်မှာပဲ မြန်မာ့အားကစား အဆင့်အတန်းဟာ အားကစားနည်း အသီးသီးမှာ ကမ္ဘာ့အောက်ဆုံးနားကို ရောက်ရှိနေပါတယ်။ ယခုလို မနိုင်ရင် ရှုံးမဲ မဲမယ်ဆိုတဲ့ တာဇံ စိတ်ဓာတ်တွေ ရှိနေသရွေ့ကတော့ မြန်မာ့အားကစား အဆင့်အတန်းဟာ အဝီစိမှာပဲ ဆက်ရှိနေပါဦးမယ်ဆိုတာ အကြံပြုရင်း…