ခြေတော်ရာအတုနဲ့ စီးပွားရှာကြခြင်း (ဘုရားဂေါပကတွေ ကြီးပွားရခြင်း အကြောင်းရင်း)
ခြေတော်ရာ အစစ်, အတု။ “ခြေတော်ရာ အတုပဲ ဖြစ်ပါစေဦး၊ ပူဇော်ကိုးကွယ် ရိုသေတာက ဘာများ အကျိုးယုတ်လို့တုန်း? ကုသိုလ်ပြုလေလေ, အကျိုးရှိလေလေ၊ သဒ္ဓါတရားအားကြီးခြင်းရဲ့ လက္ခဏာမို့ ချီးကျူးရမှာပဲဥစ္စာ”လို့ ပြော။
တချို့က တကယ်လည်း ပြောကြပါတယ်။ ခြေတော်ရာတွေဟာ အစစ်မဟုတ်ဘူး, အတုဆိုတာလည်း လက်ခံတယ်။ လက်ခံသည့်တိုင် ယုံကြည်မှုဟာလည်း မှားသည့်တိုင် ဒီအမှားဟာ အကောင်းဘက်ကို တွန်းပို့တယ်-ပေါ့လေ။
ပညာရေးကို ထိခိုက်ပါတယ်။ ကိုယ်ပိုင်ဉာဏ် ဖွံ့ဖြိုးရေးကို ထိခိုက်ပါတယ်။ လောကီပညာရေးအတွက်ဖြစ်စေ, လောကုတ်ပညာရေးအတွက်ဖြစ်စေ, တိုင်းပြည်ဖွံ့ဖြိုးရေးအတွက်ဖြစ်စေ, ပညာတတ် ပေါများဖို့အတွက် ဖြစ်စေ- ကောင်းကျိုး မဖြစ်ပါ။
တစ်ယောက် ပြောသလို- ပူဇော်ရခြင်း ကုသိုလ်ကို Invisible Trading လို့ ခေါ်တဲ့ မမြင်ရတဲ့ အကျိုးပေးတရားတွေနဲ့ မက်လုံးပေး ဆွဲဆောင်တဲ့အခါ…. ခမျာတို့ နားလည်တဲ့ ဘာသာရေးက “အမ်အယ်လ်အမ်” ပိရမစ် စီးပွါးရေးသဖွယ် ဖြစ်လာလိမ့်မယ်။ ဘုရားတွေ ကျိကျိတက် ချမ်းသာကုန်မယ်။ စာသင်ကျောင်းတွေ ကပ်မိုး, ထရံကာ ဖြစ်ကုန်မယ်။ ဆေးရုံးဆေးခန်းတွေဟာ နံရံဆေး အလွှားလွှားကွာပြီး ထောက်ကူပစ္စည်း ရှားပါးတဲ့နေရာတွေ ဖြစ်ကုန်မယ်။
ပူဇော်ရခြင်းကုသိုလ်ဟာ ပူဇော်ထိုက်သူတွေဆီကို သွားတာကို မတားပါဘူး။ ကိုယ်ပိုင်ဉာဏ် မသုံးနိုင်တဲ့သူတွေကို “အစစ်ပဲ” “အစစ်ပဲ”လို့ ထင်အောင် ဇွတ်ပြောတာမျိုးကျတော့ လိမ်လည်မှုနဲ့ ညိစွန်းတယ်။ ဘာသာရေးရဲ့ ရိုးသားမှုကိုပါ ထိခိုက်တယ်။
အလှူငွေတွေ ရတဲ့ ပမာဏကို တွက်ချက်ပြီး “အောင်မြင်တဲ့ ဘုရားတစ်ဆူ”လို့ သတ်မှတ်တာကျတော့ စီးပွါးရေး ဆန်သွားပါတယ်။ အစစ်ဆိုရင် မပြောလိုပေမယ့် အတုဆိုရင် “ပူဇော်ပစ္စည်းတွေကို အလှူခံခဲ့ကြခြင်းအတွက် လိပ်ပြာလုံကြပါရဲ့လား”လို့ မေးခွန်းထုတ်ရမှာပါပဲ။
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး- ပစ္စည်းလေးပါး, ပရိက္ခရာ ၈-ပါးမှတပါး အခြားသိမ်းပိုက်ဖွယ် များစွာ မရှိပါဘူး။ သင်္ကန်းမှာတောင်မှ ဆောင်းတွင်း အချမ်းအေးဆုံးကာလမှာ ကိုယ်တော်တိုင် အအေးဒဏ်ကို ခံယူတော်မူရင်း တစ်လွှာချင်း ထပ်ပိုးခြုံရုံ စမ်းသပ်တော်မူခဲ့တယ်။
“သင်္ကန်း သုံးထည် (လေးလွှာ)ဆိုရင် အအေးဒဏ်အတွက် လုံလောက်ပြီ”လို့ ဆုံးဖြတ်ချက်ချ, သတ်မှတ်ပေးတော်မူခဲ့တယ်။ (ဝိနည်းပိဋကတ်, မဟာဝါ, စီဝရက္ခန္ဓက) ဘာလို့လဲ? “သာသနာ့ဝန်ထမ်းတွေဟာ ရောင့်ရဲခြင်းရဲ့ သင်္ကေတ ဖြစ်ရစေဖို့” “အတောင်ပံသာလျှင် ဝန်ထုပ် ပါရှိသော ငှက်သည် ပေါ့ပါးစွာ ပျံနိုင်သကဲ့သို့, ပရိက္ခရာသာလျှင် ဝန်ထုပ် ပါရှိသော ရဟန်းသည်လည်း ပေါ့ပါးစွာ….”
ခြေတော်ရာ အတုတွေနဲ့ စီးပွါးရှာတာကို ဘုရားရှင် ကိုယ်တော်မြတ်ကြီးကလည်း ကြိုက် မထင်ပါဘူး။ အဓိက,ကတော့ ရိုးဂုဏ်, “မလိမ်ပါဘူး”ဆိုတဲ့ ရိုးဂုဏ်။ (Uvi Mala)