ဟာသသရုပ်ဆောင်ထဲမှာ အကယ်ဒမီ ၂ ဆု ရခဲ့တဲ့ “ဟာသထိပ်သီး ဖိုးပါကြီး” အကြောင်း

️မြန်မာ့ရုပ်ရှင်သမိုင်းမှာ ဟာသသရုပ်ဆောင်ထဲကနေ ပထမဦးဆုံး အကယ်ဒမီဆု ရရှိသူက ဖိုးပါကြီး ဖြစ်ပါတယ်။ ပြဇာတ်လူရွှင်တော်၊ ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင် ဒါရိုက်တာ၊ ရုပ်ရှင် ထုတ်လုပ်သူ အဖြစ် လုပ်ကိုင်ခဲ့တဲ့ ဖိုးပါကြီးကို ငယ်စဉ်က “အပါ” ဟု ခေါ်ခဲ့ကြပြီး နာမည်ရင်းက မောင်ညွန့်လှိုင် ဖြစ်ပါတယ်။

ဖိုးပါကြီး ဆိုတဲ့ နာမည်ကို ရုပ်ရှင်လောကထဲရောက်မှ ဒါရိုက်တာ ဆရာခန့်က ပေးခဲ့တာပါ။ ရုပ်ရှင်လောကထဲကို ရုပ်ရှင်ကင်မရာထမ်းဘဝဖြင့် အောက်ခြေသိမ်းလုပ်ပေးရသည့် အခြေအနေမှ စတင်ခဲ့တဲ့ ဖိုးပါကြီးဟာ ဖိုးပြုံးချို (၁၉၅၅)၊ တခါက တဘဝ (၁၉၇၈) ရုပ်ရှင်ဇာတ်ကားများဖြင့် အကယ်ဒမီဆု (၂) ကြိမ်တိုင်တိုင် ရရှိခဲ့ပါတယ်။

ဖိုးပြုံးချို ရုပ်ရှင်ဇာတ်ကားဟာ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုပေးပွဲ တလျှောက်မှာ ပထမဆုံး အထူးဆု (ကလေးသရုပ်ဆောင်ဆု) ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး၊ ယင်းဇာတ်ကားထဲတွင် ဖိုးပါကြီးနဲ့ သားအဖအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကလေးသရုပ်ဆောင် ဝင်းမာ က ရရှိခဲ့တာပါ။ ထို့ပြင် ဇာတ်ကားဆုလည်း ရရှိခဲ့ပါတယ်။

၁၉၅၈ ခုနှစ်မှာတော့ ဖိုးပါကြီးသည် နိုင်ငံတော်က ပေးအပ်တဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ကို ရရှိခဲ့ပါတယ်။ ဝဏ္ဏကျော်ထင်ဘွဲ့ကို မြန်မာအမျိုးသား ရုပ်ရှင်သရုပ်ဆောင်ထဲက‌နေ ရရှိသူ နောက်တစ်ဦးမှာ ၁၉၄၆ တွင် “ရွှေမန်းမောင်” ဘွဲ့ရခဲ့တဲ့ မင်းသား ဇေယျ ဖြစ်ပါတယ်။

ဖိုးပါကြီးဟာ အသံတိတ်ရုပ်ရှင်ခေတ်တွင် လူပျိုသိုး၊ လူ့လောက၊ ချစ်သွေးညီ၊ ရွှေမျက်မှန်၊ ရှက်လွန်းလို့၊ ပျို့ချစ်လင်၊ ဪ ဖူးစာ၊ ခင်နဲ့မောင်၊ လူလိုလူ၊ ဂလဲ့စား၊ တယူသန် စသည့် အသံတိတ် ဇာတ်ကားတို့တွင် ပါဝင်ခဲ့ပါတယ်။ ထို့နောက် ၁၉၅၃ ခုနှစ်တွင် “ဖိုးပါကြီးရုပ်ရှင်” ကို တည်ထောင်ကာ ကိုယ်တိုင်သရုပ်ဆောင်၊ ကိုယ်တိုင်ဒါရိုက်တာအဖြစ် ငါဟဲ့ ယောက်ျား၊ ပျော်သလိုသာနေ၊ ပြုံးပြုံးကလေး စသည့် အသံတိတ်ဇာတ်ကားများကို ရိုက်ကူးထုတ်လုပ်ခဲ့ပါတယ်။

ပထမဆုံး အသံထွက်ဇာတ်ကားအဖြစ် ၁၉၅၃ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ “အသွင်မတူ” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ ဒုတိယမြောက် အသံထွက်ဇာတ်ကားဖြစ်သော ဒါရိုက်တာ စာရေးဆရာ ဦးသုခ၏ “ဩော် မိန်းမ” ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် ပရိသတ်က သူ့ကို “ဟာသထိပ်သီး ဖိုးပါကြီး” ဟူ၍ ကင်ပွန်းတပ်ခဲ့ရတဲ့အထိ အားပေးနှစ်ခြိုက်မှုရရှိခဲ့ပါတယ်။ ဖိုးပါကြီးဟာ ဝင်းဦး၏ နာမည်ကျော် ဇာတ်ကားများဖြစ်တဲ့ တိမ်လွှာမို့မို့လွင်၊ မှုံရွှေရည်၊ ကျောက်မဲအကျဉ်းသား၊ မုန်းပါတယ်မောင့်ကို စသည့် ရုပ်ရှင်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

အကယ်ဒမီ မင်းသားကြီး ဝင်းဦးသည် ရုပ်ရှင်လောကသို့ မရောက်မီကပင် ဖိုးပါကြီးနှင့် ရင်းနှီးခဲ့ပြီး၊ မိတ်ဆွေလို၊ ဆရာသမားလို ဖိုးပါကြီးအား အလေးထားဆက်ဆံခဲ့ပါတယ်။ ဖိုးပါကြီးသည် သရုပ်ဆောင်ရာတွင် အလွန်တော်သူဖြစ်သောကြောင့် ဇာတ်ရုပ်မရွေး ကျရာကို ပီပြင်စွာ သရုပ်ဆောင်နိုင်ပါတယ်။ အခုငို၊ အခုဆန့်ကျင်ဘက် အမူအရာကို ချက်ချင်းလုပ်နိုင်စွမ်းရှိသောကြောင့် မင်းသားကြီး ဝင်းဦး ပါဝင်သော ဇာတ်ကားတိုင်း၌ ဖိုးပါကြီးကို ခေါ်ယူအသုံးပြုခဲ့ပါတယ်။

ဖိုးပါကြီး ပြဇာတ်စင်ပေါ်သို့ အခကြေးငွေဖြင့် ဦးစွာတက်ရောက်ကခွင့်ရခဲ့သော ပြဇာတ်မှာ ဂျပန်ခေတ် လွင်လွင်ရုံ (ယခုအာဇာနည်ကုန်းအနီး) တွင် တင်ဆက်ပြသခဲ့သော ဒါရိုက်တာ ဆရာခန့်၏ ‘ဤစစ်ကြီးမှာ’ ပြဇာတ်ဖြစ်သည်။ မင်းသားကျော်ဝင်း၊ မင်းသမီး ခင်ခင်တင့်၊ လူကြမ်း ဦးမောင်ကလေး၊ မင်းသားကြီး ဦးဘအုန်း၊ မင်းသမီးကြီး ဒေါ်ဖွားနှစ်တို့နှင့်အတူ ဖိုးပါကြီးသည် လူရွှင်တော်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့လေသည်။ ဗိုလ်ချုပ်အောင်ဆန်းကပင် ဖိုးပါကြီး ပါဝင်တဲ့ ဤစစ်ကြီးမှာ ပြဇာတ် ကြည့်ပြီးတော့ “ငါတော့ အမေရိကန်လူရွှင်တော် လော်ရယ်၊ ဟာဒီတို့ထက် သူက သာတယ်လို့ ထင်တာပဲကွာ” ဟူ၍ ချီးကျူးခံခဲ့ရပါတယ်။

ပြဇာတ်ပေါင်း ၃ဝကျော်၊ ရုပ်ရှင်ကားပေါင်း ၁ဝဝကျော် ရိုက်ကူးခဲ့သော အကယ်ဒမီ ရွှေစင်ရုပ်ရှင်ထူးချွန်ဆု နှစ်ထပ်ကွမ်းရ ဝဏ္ဏကျော်ထင် ဖိုးပါကြီးသည် ၁၉၈ဝပြည့်နှစ်၊ ဇန်နဝါရီလ ၁၄ရက်နေ့တွင် ရန်ကုန်မြို့တွင် ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်မြိုင်နှင့် ကလေးလေးယောက်၊ ကွယ်လွန်သူ မင်းသမီးဒေါ်မေချစ်နှင့် ကလေးနှစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page