များပြားလာတဲ့ ကလေး ပျောက်ဆုံးမှုတွေနဲ့ ကလေး မိဘတွေ ဂရုပြုရမယ့် အခြေအနေ

လက်ရှိအချိန်မှာ မြန်မာနိုင်ငံတဝှမ်း ကလေး ပျောက်ဆုံးမှုတွေ ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ စုံစမ်း သိရှိရသလောက် ယခုရက်ပိုင်းအတွင်း ကလေး ပျောက်ဆုံးမှု (၄) ခု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လတ်တလော (၅-၁၂-၂၀၂၂) ရက်နေ့မှာ ခရမ်းမြို့နယ်က အသက် (၂၈) အရွယ် အမေဖြစ်သူနဲ့ အသက် (၄) နှစ်အရွယ် သမီး ဖြစ်သူတို့ ပျောက်ဆုံးနေပြီး ယနေ့အထိ ပြန်လည် မတွေ့ရှိသေးပါဘူး။ (၁၀-၁၁-၂၀၂၂) ရက်နေ့ကလည်း မြဝတီမြို့မှာ အသက် (၇) နှစ်အရွယ် သားလေး တဦး ပျောက်ဆုံးနေပြီး ယနေ့အထိ ပြန်လည် မတွေ့ရှိသေးပါဘူး။

(၁၁-၁၂-၂၀၂၂) ရက်နေ့ကလည်း မန္တလေးမြို့မှ အသက် (၅) နှစ် (၄) လအရွယ် သားငယ်လေးလည်း ပျောက်ဆုံးလျက် ရှိနေပြီး လက်ရှိအချိန်ထိ ပြန်လည် မတွေ့ရှိသေးပါဘူး။ (၁၄-၁၂-၂၀၂၂) ရက်နေ့မှာလည်း မန္တလေးမြို့မှာပင် အသက် (၁၂) နှစ်အရွယ် သမီးငယ်တဦး ပျောက်ဆုံးသွားခဲ့ပါသေးတယ်။ အဆိုပါ လူပျောက်မှု ဖြစ်စဉ်တွေရဲ့ ထူးခြားချက်ကတော့ နေ့လည်ပိုင်းတွေမှာပဲ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ယခင်ကာလတုန်းကလည်း ယခုကဲ့သို့ လူပျောက်မှုများ ရှိသော်လည်း အသက်ပြည့်သူများသာ ပျောက်ဆုံးမှု ဖြစ်ခဲ့တာပါ။ ယခုအချိန်မှာတော့ ကလေးသူငယ် ပျောက်ဆုံးမှုများ တစတစ များပြားလာတာကြောင့် ကလေးမိဘတွေအနေနဲ့ အထူးဂရုစိုက်ရမယ့် အခြေအနေ ဖြစ်နေပါပြီ။

ကလေးတွေ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ပြည်သူများ အကြား မှတ်ချက်ချမှု အမျိုးမျိုး ဖြစ်ပေါ်နေပြီး စိုးရိမ်မှုများလည်း မြင့်တက်လျက် ရှိပါတယ်။ ကလေးမိဘတွေ အနေနဲ့ မိမိအိမ်နားမှာပဲ ရှိနေရင်တောင် ကလေးကို မျက်ကွယ်မှာ မထားသင့်တော့ပါဘူး။ လူစိမ်းတွေ မိမိအိမ်နားမှာ ရှိ၊ မရှိကိုလည်း အထူး သတိထားသင့်နေပါတယ်။

လက်ရှိအချိန်မှာ ရဲတပ်ဖွဲ့အနေနဲ့ သူတို့ လုံခြုံရေးကို သူတို့တောင် ပြန်မယူနိုင်တဲ့ အခြေအနေ ဖြစ်နေတာကြောင့် ကလေးတွေ ပျောက်ဆုံးမှုကို ဂရုစိုက်နိုင်မှာ မဟုတ်ပါဘူး။ ပြည်သူတွေကသာ ကိုယ့်အချင်းချင်း ပြန်လည်စောင့်ရှောက်မှသာ ကလေးငယ်တွေ ပျောက်ဆုံးမှုမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ကလေးမိဘတွေ သာမက ရပ်ရွာထဲမှာ ရှိတဲ့သူတွေအနေနဲ့လည်း မိမိတို့ အနီးအနားမှာ လူစိမ်းတွေ တွေ့ရှိပါက သတိမပြတ်ထားပြီး အခြေအနေစောင့်ကြည့်သင့်ပါတယ်။ ကလေးတွေကို ပြန်တွေ့ရင် ဆုကြေး ဘယ်လောက် ပေးမယ်ဆိုတာကလည်း အခန့်မသင့်ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်နိုင်တာကြောင့် မပြုလုပ်သင့်ပါဘူး။

ကလေးတွေ ဆက်တိုက် ပျောက်ဆုံးလာတာဟာ ကလေးခိုးဂိုဏ်း တကျော့ပြန် ခေါင်းထောင်လာတာလားဆိုပြီး ပြည်သူတွေ အနေနဲ့ စိုးရိမ်စိတ်တွေ တဖြည်းဖြည်း များပြားလာပြီ ဖြစ်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ အခု ကိစ္စကို အမြန်ဆုံး အရေးယူ ဆောင်ရွက်သင့်ပြီ ဖြစ်ပါကြောင်း အသိပေး လိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page