လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်က မြန်မာပြည် အညာဒေသမှာ ဖြစ်ပွားခဲ့တဲ့ ကပ်ရောဂါကြီးတခုအကြောင်း

မျက်ခမ်းစပ်ရောဂါဟာ တချိန်ကမြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားရပ်ဝန်းဒေသမှာ အတော်ဒုက္ခပေးခဲ့ပါတယ်။ မျက်တောင်မွှေးစူးခြင်းကြောင့် မျက်ကြည်လွှာအနာဖြစ်၍ မျက်စိကွယ်ကုန်သည်အထိဖြစ်ကြရတယ်။

မျက်ခမ်းစပ်တိုက်ဖျက်လုပ်ငန်းများကို မြန်မာဆရာဝန်များက တစိုက်မတ်မတ်အားထုတ်လုပ်ဆောင်မှုကြောင့် နောက်ပိုင်းမှာ UNICEF လို ကမ္ဘာ့အဖွဲ့အစည်းကြီးကပါ ကူညီပံ့ပိုးထောက်ပံ့ ပေးခဲ့ရတယ်။

ယခုအခါမှာ အသက်(၃၀)ကျော်အရွယ်များမှာ မျက်ခမ်းစပ်ရောဂါကို မသိကြတော့ပါ။ အသက် (၆၀) အထက် လူကြီးတွေလောက်သာ သိရှိမှတ်မိ ပေလိမ့်မယ်။

မျက်ခမ်းစပ်ရောဂါကြီး မြန်မာ့မြေပေါ်က ပျောက်ကွယ်သွားအောင် စွမ်းဆောင်ခဲ့ကြတဲ့ ဆရာဝန်တွေထဲမှာကျွန်မရဲ့ အမျိုးသားကလည်း အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် လုပ်ဆောင်ခဲ့ပါတယ်။

“ကျေးလက်ဆရာဝန်(သို့မဟုတ်) ပြည်သူ့ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ခဲ့စဉ်က” (၁၉၇၈-၁၉၈၄)

ကျွန်မရဲ့ ခင်ပွန်းသည် Dr.Tin Ohn Kyaw ရေးသားတဲ့ မျက်ခမ်းစပ်တိုက်ဖျက်ရေးရောဂါသမိုင်းလည်းဖြစ် ဗဟုသုတရစရာများနှင့် စိတ်ဝင်စားစရာတွေဖြစ်လို့ အနှစ်ချုပ် မျှဝေပေးလိုက်ပါတယ်ရှင်။

ကျွန်တော် မျက်ခမ်းစပ်ရောဂါတိုက်ဖျက်ရေးဆရာ၀န်

ကျွန်တော်၏ နိုင်ငံ၀န်ထမ်းဘ၀ (၃၃)နှစ် တာ ကာလအတွင်း မျက်ခမ်းစပ်တိုက်ဖျက်ရေး ဆရာ၀န် ရာထူးကိုလည်း ထမ်းဆောင်ဖူးပါ၏။ မျက်ခမ်းစပ်ရောဂါ တိုက်ဖျက်ရေးဆရာ၀န်၏ လုပ်ငန်းသဘောသဘာ၀ အတွေ့အကြုံ များမှာလည်း မတူကွဲပြားသော စိတ်၀င်စားဖွယ် အကြောင်းအရာများ ဖြစ်နေခဲ့ပါသည်။

ကျွန်တော်၏ အတွေ့အကြုံများကို ဆက်လက် မရေးသားမီ မျက်ခမ်းစပ်ရောဂါ တိုက်ဖျက်ရေး စီမံကိန်း၏ သမိုင်းနောက်ခံများကို တင်ပြရန် လိုအပ်ပေလိမ့်မည်။

တချိန်က မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားရပ်၀န်း ဒေသတွင် မျက်ခမ်းစပ်ရောဂါ ဖြစ်ပွားမှုနှုန်း မှာ ၈၀% အထက်တွင် ရှိခဲ့သည်။ (၁၉၆၂)ခုနှစ် မတိုင်မီ က ဤရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာ ဟု မည်သူမျှ မမြင်ခဲ့သေးပေ။

မျက်စိအထူးကု ဆရာ၀န်ကြီး ဒေါက်တာဦးကိုကြီး နှင့်အဖွဲ့သည် မြင်းခြံ၊ ပခုက္ကူ ၊ ချောက်၊ ကျောက်ပန်းတောင်း ဒေသများကို ကွင်းဆင်းလေ့လာခဲ့ရာ မျက်ခမ်းစပ်ရောဂါသည် အထက် တွင် ဖော်ပြခဲ့သည့်အတိုင်း ကြောက်ခမန်းလိလိ ဖြစ်ပွားနှုန်း ၈၀% အထက်တွင်ရှိနေကြောင်း တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့သည်။

မျက်ခမ်းစပ်ရောဂါသည် သာမန်အားဖြင့် လူတစ်ယောက်၏ အမြင်စွမ်းအားကို မဖျက်ဆီးနိုင်ဘဲ မျက်စဉ်းခတ်လျှင် ပျောက်သော ရောဂါဖြစ်သည်။ သို့ရာတွင် ဆေးမကုသဘဲထားပြီး အကြိမ်ကြိမ် ထပ်တလဲလဲရောဂါဖြစ်ပါက အပေါ် မျက်ခွံ၏ အတွင်းသားတွင် အမာရွတ်များ ဖြစ်ပေါ်ပြီး ထိုအမာရွတ်များ၏ ဆွဲကျုံ့သော ဒါဏ်ကြောင့် မျက်ခွံသည် အတွင်းကုပ်၀င်လာ၏။

မျက်တောင်မွေးတို့မှာ မျက်ကြည်လွှာကို တံမြက်လှည်းသကဲ့သို့ အမြဲပွတ်တိုက်နေသဖြင့် မျက်ကြည်လွှာ ပျက်စီး၍ ပွန်းပဲ့လာသောကြောင့် အပြင်တိမ် ဖြစ်ပြီး မျက်စိကွယ်ရလေသည်။

ထိုအချက်သည် မျက်ခမ်းစပ်ရောဂါ၏ အဓိက ပြည်သူ့ကျန်းမာရေးပြဿနာဖြစ်လာတော့သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံးမျက်ခမ်းစပ်ရောဂါ တိုက်ဖျက်ရေး စီမံကိန်းကို စတင်တည်ထောင်ခဲ့ရာ လုံး၀ ကိုယ်ထူကိုယ်ထ စံနစ်ဖြင့်ဆောင်ရွက်ခဲ့သည်။ ရန်ကုန်မြို့တွင် ဌာနချုပ်ရုံးကိုတည်ထောင်သည်။

ရန်ပုံငွေ မှာ ရန်ကုန်မြင်းပွဲမှ လှူသော ငွေဖြစ်ပြီး ထိုစဉ်က ရန်ကုန်မြင်းပွဲများ မပိတ်ပင်သေးပေ။ နောက်ပိုင်းကာလတွင် မြန်မာနိုင်ငံ၏ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေ မျက်ခမ်းစပ် တိုက်ဖျက်ရေးလုပ်ငန်းများကို Unicef အဖွဲ့ကြီးမှ ပညာရှင်များ၊ မျက်စိအထူးကု ဆရာ၀န်ကြီးများ အကြိမ်ကြိမ် လာရောက်သောလေ့လာပြီး သဘောကျကျေနပ်ခဲ့သည်။

ထို့ကြောင့် Unicef အဖွဲ့ကြီးမှ လိုအပ်သော အကူအညီများ ကို ပေးမည်ဟု ကြေငြာ၍ မျက်စဉ်းများ အလျှံပါယ်ကိုလည်းကောင်း၊ ခရီးသွားယာဉ်မော်တော်ကားများမော်တော်ဆိုင်ကယ်များနှင့်စက်ဘီးများကိုလည်းကောင်း ၊ မျက်တောင်ကုပ်၍ မျက်တောင်မွေးစူးသော လူနာများအား အသေးစား ခွဲစိပ်မှု ဆောင်ရွက်နိုင်ရန် အတွက် မျက်ခမ်းစပ် တိုက်ဖျက်ရေး ဆရာ၀န် များကို သင်တန်းပေးခြင်း၊

လိုအပ်သော ခွဲစိပ်ကိရိယာအစုံအလင်များ ထောက်ပံ့ပေးခြင်းအပြင် ခွဲစိပ်စဉ် အသုံးပြုသော မှန်ဘီလူး(Binomag) များ၊ အားပြန်သွင်း၍ ရသော ဂျပန်နိုင်ငံလုပ် Sanyo လက်နှိပ်ဓါတ်မီးကြီးများကို ပါလိုလေသေးမရှိ ထောက်ပံ့ခဲ့သည်။ ထိုခေတ်အခါက အထက်ပါ အားပြန်သွင်း၍ ရသော (Rechargeable) ဓါတ်မီးများမှာ အပြင်စျေးကွက်တွင် မရှိသေးပေ။ မျက်ခမ်းစပ်ရောဂါတိုက်ဖျက်ရေး သမိုင်း၏ အကျဉ်းမျှဖော်ပြခဲ့ခြင်း ဖြစ်ပါ၏။

Dolly Tin

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page