လူမမာကို အရိုးပြုတ်ရည်တိုက်ရင် အားရှိတယ်လို့ အခုထိ ထင်နေကြတုန်းပဲလား
ကြက်ရိုးပြုတ်ရည်နှင့် ဝက်ရိုးပြုတ်ရည်မှာ ဘယ်ဟာက ပိုပြီး အာဟာရပိုရှိလဲ၊ အဖြေ။ နှစ်ခုစလုံး အသားပါမှ အာဟာရဖြစ်ပါတယ်။
ကျွန်တော်တို့ လူမမာကို နေမကောင်းရင် ကြက်စွပ်ပြုတ် ဝက်စွပ်ပြုတ် အမဲရိုး ဆိတ်ရိုး စွပ်ပြုတ် စတာတွေ တိုက်ကြပါတယ်။ ဒီစွပ်ပြုတ်တွေက အသားမပါဘူးဆိုရင် ရိုးတွင်းချဉ်ဆီထဲက အဆီဓါတ် တချို့သာ စွပ်ပြုတ်ထဲပါပါတယ်။
အရသာ ခပ်ထားတော့ ဆားဓါတ်ပါပါတယ်။ အသားဓါတ် များများ စားစား မပါတော့ အာဟာရ မပြည့်ပါဘူး။ လူမမာကို တိုက်ပြန်ရင်လဲ ဗိုက်ပြည့်သွားပြီး တခြား အာဟာရဓါတ် မယ်မယ်ရရ မရပါဘူး။ ဒါဆိုရင် လူမမာ အသားသိပ်မစားနိုင်ဘူးဆိုရင် စွပ်ပြုတ်ကို အသားနူးနေအောင်ပြုတ်ပါ။ အသားနူးပြဲ နေရင် အသားတွေ နွှင်ပြီး ထပ်ပြုတ်ပါ။
အသားတွေ အတော်အတန်လေး ဟင်းချို နှင့် တသားတည်း နီးပါး ဖြစ်လာပြီ ဆိုရင် တော့ ဒီစွပ်ပြုတ်ဟာ အတော်လေး အာဟာရ ဓါတ် ကြွယ်ဝလာပါပြီ။ အဲ့လိုမျိုးကျွေးပါ။ ကြက်တကောင်လုံးပေါင်းပြီး အရည်လေးပဲ တိုက်တာ၊ အရိုး စွပ်ပြုတ် တိုက်တာဟာ အာဟာရ သိပ်မပါတော့ လူနာ အတွက် နာလန်ထ ဖို့လဲ မလွယ်ပါဘူး။
အသား ဘာအသား သုံးရမလဲ ဆိုရင်တော့ အဖြူရောင် အသား ငါး၊ ကြက်သား ပိုသုံးစေချင်ပါတယ်။ အနီရောင်အသား ဝက်သား၊ အမဲသား၊ ဆိတ်သားကတော့ တပါတ် နှစ်ရက် ဆိုရင်တောင် လုံလောက်ပါတယ်(မစားလဲ ရပါတယ်) လေးစားစွာဖြင့် ဒေါက်တာ ညီညီကျော် (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)