ရွှေတိဂုံဘုရားပေါ်က မာဖီးယားနာမည်နဲ့ ထူးထူးဆန်းဆန်း တန်ဆောင်းတခုအကြောင်း

ရွှေတိဂုံဘုရားပေါ် မာဖီးယားဂိုဏ်းက လှုခဲ့ဖူးသလား၊ ရွှေတိဂုံသမိုင်းအဟောင်းစာအုပ်တွေကို ပြန်ဖတ်ရင်း မာဖီယားတန်ဆောင်း ဆိုတဲ့ အမည်ကို ဖတ်မိတော့ ကျောချမ်းမိပါတယ်။ ကျနော် သိထားတာက မာဖီယားဆိုတာ ကမ္ဘာကျော် ဒုစရိုက်ဂိုဏ်းရဲ့ အမည်မို့ပါ။

ဒီတန်ဆောင်းဟာ မာဖီးယားဂိုဏ်းနဲ့ ဘယ်လိုများ ပက်သက်နေပါလိမ့်ပေါ့။ ဒါနဲ့ သမိုင်းကျမ်းတွေ ပြန်လှန် ဖတ်ရှုရင်းက တန်ဆောင်းနေရာကို သိခဲ့ရတယ်။ ရွှေတိဂုံအောင်မြေ ရာဟုထောင့် ဓာတ်ပုံပြခန်းဘေး (ခေါင်းရင်း) မှာရှိတဲ့ တန်ဆောင်းပါ။

ဒါပေမယ့် အဲဒီ တန်ဆောင်းမှာ မာဖီယားဆိုတဲ့ နံမည်ကို လှည့်ပတ်ရှာပါတယ်။ ဘယ်မှာမှ မတွေ့ပါဘူး။ တန်ဆောင်း နဖူးစည်းမှာ ထိုးထားတဲ့ ကမ္ဗည်း၊ တန်ဆောင်းနံရံမှာ ထိုးထားတဲ့ ကမ္ဗည်းအားလုံး တွေ့ရတာကတော့ စံမဖီ-မဧမြ၊ ကိုသက်ရှည်-မအိမ်စောင့် ဆိုတဲ့ ကမ္ဗည်းတွေပဲ တွေ့ရပါတယ်။

စံမဖီဆိုတာ ချန်ပါပီဆိုတဲ့ တရုတ်သူဌေးကြီး နာမည်ကို မြန်မာတွေ အသံဖလှယ်ထားတာကိုး။ ချန်မာဖီမှာ ပါတဲ့ မာဖီကို ယူပြီး နီးစပ်ရာနဲ့ တွဲကာ မာဖီယား မာဖီးယား ဖြစ်လာရင်း ချန်မာဖီတန်ဆောင်းကနေ မာဖီးယားတန်ဆောင်း ဖြစ်လာတော့တာပဲ။

ဘာပဲဖြစ်ဖြစ် မူလ တန်ဆောင်းအလှုရှင်ကို အတိအကျ သိခွင့်ရလို့ ဝမ်းလည်းသာ ပျော်လည်းပျော်ပါတယ်။ ဒီတန်ဆောင်းဟာ ခုနစ်ရက်သားသမီးအသင်း၊ အထက်ပစ္စယံဝေယျာဝစ္စအသင်း စတဲ့ ဆိုင်းဘုတ်တွေ ချိတ်ထားတဲ့ ဦးဆောင်မူလ အလှုရှင် စံမာဖီ (ခေါ်) မာဖီယားတန်ဆောင်း ဖြစ်ပါကြောင်း။

ရာဟုထောင့် ဓာတ်ပုံပြခန်း၏ဘေးမှ တန်ဆောင်းဖြစ်ပါသည်။ စံမာဖီဆိုသော ချန်ပါပီ တရုတ်သူဌေးကြီးက လှုထားခဲ့သော တန်ဆောင်းဖြစ်ကာ မြန်မာတို့က ချန်မာဖီအား အသံဖလှယ်ပြီး မာဖီယာတန်ဆောင်းဟု ခေါ်ရာက မာဖီးယား တန်ဆောင်းဟု ခေါ်ကြသည့်အတွက် ရွှေတိဂုံဘုရားသမိုင်း မှတ်တမ်းထဲတွင် မာဖီးယားတန်ဆောင်းဟု စာရင်းတွင်လျက် ရှိနေလေတော့သည်။

တရုတ်သူဌေးကြီး ချန်မာဖီနေခဲ့သောလမ်းကို ချန်မာဖီလမ်းဟု ခေါ်ခဲ့ရာမှ ယခုအခါ နှင်းဆီလမ်းဟု ခေါ်လျက်ရှိသည်။ အလုံမြို့နယ် အောက်ကြည့်မြင်တိုင်လမ်းပေါ်မှ နေ၍ အမျိုးသမီးသားဖွားဆေးရုံ ဂျမ္မခါနာသွားရာ လမ်းဖက်တွင် ရှိသည်။ (ဥုးခန္တီ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page