မြောင်းမြဒေါ်ချို မုန့်ဟင်းခါးခြောက်ထုပ်ကို စွဲစွဲမြဲမြဲ စားနေတဲ့သူတွေ ဂရုပြုရမယ့် အချက်

မုန့်ဟင်းခါးဆိုတာ မြန်မာအတော်များများ စားသုံးကြတဲ့ သည်းခြေကြိုက် စားစရာတခု ဖြစ်ပါတယ်။ မုန့်ဟင်းခါးကို တကယ်ကြိုက်နှစ်သက်တဲ့သူတွေက မနက်စာသာမက တနေ့လုံးပါ စားသုံးကြတဲ့ အစားအသောက်တခု ဖြစ်ပါတယ်။

ခေတ်မီလာတာနဲ့အမျှ မြန်မာ့ရိုးရာ အစားအသောက်တွေကို တာရှည်ခံပြီး ပြည်ပပို့နိုင်တဲ့အထိအောင် ပြုလုပ်လာကြတဲ့အထဲမှာ မုန့်ဟင်းခါးကိုလည်း အခြောက်ထုပ်အနေနဲ့ ထုတ်လုပ်လာကြပါတယ်။ မုန့်ဟင်းခါးခြောက်ထုပ်ကို တံဆိပ်အမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ ထုတ်လုပ်လာကြတဲ့ အထဲမှာ မြောင်းမြဒေါ်ချို မုန့်ဟင်းခါးခြောက်ထုပ် ဆိုတာ ပြည်တွင်းပြည်ပရောက် မြန်မာများ အထူးကြိုက်နှစ်သက်ကြတဲ့ တံဆိပ်တမျိုး ဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန်ရောက် သတင်းထောက်တဦး ဖြစ်တဲ့ ကိုရဲဝင့်သူက မနေ့က မြေင်းမြဒေါ်ချိုနဲ့ ပတ်သက်တဲ့ ဗီဒီယိုတခုကို မနေ့က သူ့အကောင့်မှာ တင်ခဲ့ပါတယ်။ ယင်းဗီဒီယိုထဲမှာ မြောင်းမြဒေါ်ချို မုန့်ဟင်းခါးခြောက်ထုပ်တွေ သက်တမ်းကုန်ဆုံးတာနဲ့ ပတ်သက်ပြီး ပြောသွားခဲ့ပါတယ်။

မြောင်းမြဒေါ်ချို ဆိုင်ပိုင်ရှင်ဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ စကစရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပြီး ထိုအချိန်ကတည်းက မုန့်ဟင်းခါးခြောက်ထုပ်တွေ ထုတ်လုပ်ခြင်းကို ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။ မုန့်ဟင်းခါးခြောက်ထုပ်တွေရဲ့ သက်တမ်းဟာ တနှစ်သာ ရှိပြီး လက်ရှိဈေးကွက်ထဲ ရောက်နေတဲ့ အထုပ်တွေဟာ သက်တမ်းကုန်ဆုံးနေတဲ့ အထုပ်တွေ (သို့) အတုတွေသာ ဖြစ်နိုင်ပါတယ်။

ပြည်ပကို တင်ပို့တဲ့ မုန့်ဟင်းခါးခြောက်ထုပ်တွေရဲ့ သက်တမ်းကို တနှစ်သာ ပြုလုပ်ထားပြီး ပြည်တွင်းဖြန့်ချိတဲ့ အထုပ်တွေရဲ့ သက်တမ်းကတော့ ၆ လသာ ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် လက်ရှိဈေးကွက်ထဲမှာတော့ မုန့်ဟင်းခါးခြောက်ထုပ် သက်တမ်းကို ၂၀၂၃ နိုဝင်ဘာအထိ ခံတယ်လို့ လေဘယ်စက္ကူနဲ့ ရိုက်နှိပ်ထားပါတယ်။

လက်ရှိအချိန် ဈေးကွက်ထဲမှာ ရောက်ရှိနေတဲ့ မုန့်ဟင်းခါးခြောက်ထုပ်တွေဟာ အရသာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပါတယ်။ သေချာတာတခုကတော့ မြောင်းမြဒေါ်ချို မုန့်ဟင်းခါးခြောက်ထုပ်တွေရဲ့ ထုတ်လုပ်မှုဟာ လက်ရှိအချိန်မှာ လုံးဝ ရပ်ဆိုင်းနေပြီ ဖြစ်ပါတယ်။

လက်ရှိဈေးကွက်ထဲ ရောက်နေတဲ့ မုန့်ဟင်းခါးခြောက်ထုပ်တွေ အားလုံးဟာ သက်တမ်းလွန်နေကြပါပြီ။ ပြည်သူတွေနဲ့ စားသုံးဖို့ လုံးဝ မသင့်တဲ့ အခြေအနေ ဖြစ်နေပါတယ်။ အဲဒါကြောင့် လက်ရှိအချိန်မှာ သက်တမ်းလွန် (သို့) အတုဖြစ်နိုင်တဲ့ မြောင်းမြဒေါ်ချို မုန့်ဟင်းခါးခြောက်ထုပ်တွေကို ဈေးကွက်ကနေ အမြန်ပြန်သိမ်းပြီး တာဝန်ရှိသူတွေအနေနဲ့ လိုအပ်တဲ့ ဖြေရှင်းမှုတွေ ပြုလုပ်သင့်နေပါပြီ။ အဲဒီလို မဟုတ်ဘဲ ဆက်လက် ဖြန့်ချိနေပါက ပြည်သူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်မှာ ဖြစ်ကြောင်း အသိပေး ရေးသားလိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page