ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများ စာရင်းကနေ မလွတ်မြောက်နိုင်သေးတဲ့ မြန်မာပြည်နဲ့ ရှေ့အနာဂတ်
မနေ့က ကမ္ဘာ့သတင်းတွေထဲမှာ ထူးခြားတဲ့ သတင်းတပုဒ်ကတော့ မြန်မာ့အိမ်နီချင်း ၂ နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ လာအို နိုင်ငံတို့နဲ့ အာရှတိုက် နိုင်ငံတခုဖြစ်တဲ့ နီပေါ နိုင်ငံတို့ဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများ စာရင်းကနေ လွတ်မြောက်သွားပြီလို့ ကုလသမဂ္ဂ အဖွဲ့ကြီးက ကြေညာပေးလိုက်တာပဲ ဖြစ်ပါတယ်။
နိုင်ငံ တခုအနေနဲ့ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများ စာရင်းထဲ ရောက်သွားဖို့ အဓိက အချက် (၃) ချက်ကို မူတည်ပြီး တွက်ချက်ပါတယ်။
(၁) ဆင်းရဲမွဲတေမှု – ၂၀၁၈ ခုနှစ်တွင် သတ်မှတ်ချက်အရ နိုင်ငံထဲမှာ ရှိတဲ့ လူတဉီးရဲ့ တနှစ် ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၀၂၅ ထက် လျော့နည်းရင် စာရင်းထဲ ပါမှာ ဖြစ်ပါတယ်။ ဝင်ငွေက ဒေါ်လာ ၁၂၃၀ ထက် ပိုရင်တော့ စာရင်းကနေ လွတ်မြောက်မှာ ဖြစ်ပါတယ်။
(၂) လူသားအရင်းအမြစ် – ဒီအချက်မှာတော့ အာဟာရ ပြည့်ဝမှု၊ ပညာရေး၊ ကျန်းမာရေးနဲ့ စာတတ်မြောက်မှု နှုန်းတွေကို အခြေခံတာ ဖြစ်ပါတယ်။
(၃) စီးပွားရေး ခိုင်မာမှု အညွှန်းကိန်း – ဒီအချက်မှာတော့ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေး၊ ကုန်သွယ်ရေး၊ ဝန်ဆောင်မှုနဲ့ သဘာဝဘေးအန္တရာယ်ကြောင့် စီးပွားရေး ထိခိုက်မှု စတဲ့ အချက်တွေကို အခြေခံတာ ဖြစ်ပါတယ်။
အထက်ပါ အချက်တွေကို ၃ နှစ်တကြိမ် အခြေခံ တွက်ချက်ပြီး ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများ စာရင်းကို ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်တာ ဖြစ်ပါတယ်။ ၃ နှစ်အတွင်း ကောင်းမွန်တဲ့ အချက်အလက်တွေ ရှိခဲ့မယ်ဆိုရင် စာရင်းထဲက လွတ်မြောက်မှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံ စာရင်းမှာ စုစုပေါင်း (၄၃) နိုင်ငံ ရှိပါတယ်။ အာဖရိကတိုက်မှ (၃၃) နိုင်ငံ၊ အမေရိကတိုက်မှ (၁) နိုင်ငံ၊ အာရှတိုက်မှ မြန်မာအပါအဝင် (၆) နိုင်ငံနဲ့ ကျွန်းနိုင်ငံ (၃) နိုင်ငံတို့ ဖြစ်ပါတယ်။
အာရှတိုက်မှာ ယခင်က (၉) နိုင်ငံ ရှိခဲ့ပေမယ်လည်း ဘင်္ဂလားဒေ့ရှ်၊ လာအိုနဲ့ နီပေါနိုင်ငံတို့ စာရင်းထဲမှ လွတ်မြောက်သွားတာကြောင့် မြန်မာ၊ ဘူတန်၊ အာဖဂန်နစ္စတန်၊ ယီမင်၊ အရှေ့တီမော၊ ကမ္ဘောဒီးယား တို့ပဲ ကျန်ရှိနေတာ ဖြစ်ပါတယ်။
မြန်မာပြည်ဟာ ၁၉၈၇ ခုနှစ်မှာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများ စာရင်းထဲကို ကျရောက်ခဲ့တာ ဖြစ်ပါတယ်။ မဆလ ပါတီကို အယောင်ပြထားတဲ့ အာဏာရှင်ဉီးနေဝင်းရဲ့ အုပ်ချုပ်ရေး ညံ့ဖျင်းမှုကြောင့် တိုင်းပြည်ဟာ ဆင်းရဲတွင်းဆိုတဲ့ အသူတရာနက်တဲ့ ချောက်ထဲကို ကျရောက်ခဲ့ပြီး ယခုအချိန်အထိ နလံမထူနိုင်ခဲ့ပါဘူး။
၂၀၂၀ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ စစ်တမ်းများအရ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ စာရင်းက လွတ်မြောက်ဖို့ ထိပ်ဆုံးမှာ ရှိနေပေမယ့်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးတဲ့နောက် အညွှန်းကိန်းများ အားလုံး အနုတ်ပြခဲ့ပြီး ချောက်ထိပ်ရောက်ကာနီးမှ နောက်လန်ကျတဲ့ အဖြစ်ကို ရောက်ရှိခဲ့ပါတယ်။
ဇယားထိပ်က မြန်မာက အောက်ဆင်းသွားတဲ့ အတွက် နောက်မှာ ကပ်လိုက်လာတဲ့ နီပေါက ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းထဲကနေ လွတ်မြောက်သွားတာ ဖြစ်ပါတယ်။
အဲဒီစာရင်းထဲကနေ လွတ်မြောက်ရင် ရရှိလာမယ့် အခွင့်အရေးတွေကတော့ မက်လောက် စရာတွေပါပဲ။ ဂုဏ်သိက္ခာ တခုထဲတင် မကဘဲ ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ တခြား ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာ တိုးတက်မှုတွေ ရရှိလာမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့တော့ လှေလှော်ရင်း တက်ကျိုးရတဲ့ အခြေအနေနဲ့ ကြုံခဲ့ရတာပါ။ မတော်တဆနဲ့ တက်ကျိုးတာ မဟုတ်ဘဲ တမင်ရည်ရွယ်ချက် ရှိရှိနဲ့ ရိုက်ချိုး ခံလိုက်ရတာ ဖြစ်ပါတယ်။
မြန်မာပြည်ရဲ့ အနာဂတ်ဟာ ဆောင်းတွင်း မနက်ခင်းလို အုံ့မှိုင်းနေတဲ့ အခြေအနေ ဖြစ်နေတဲ့ အချိန်မှာ ကျွန်တော်တို့အနေနဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်ကို ပြတ်ပြတ်သားသား ထားပြီး ပန်းတိုင်ကို ရောက်အောင် လှမ်းရမှာ ဖြစ်ပါတယ်။
ပြိုင်တူတွန်းရင် ရွေ့နိုင်ပါတယ်…