စက်သုံးဆီ ဈေးကျပေမယ့် ကုန်ဈေးနှုန်း နှစ်ဆတက်လာခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်း

ပြည်တွင်းစက်သုံးဆီဈေးကွက်မှာ ဩဂုတ် ၆ ရက် ပေါက်ဈေးထုတ်ပြန်ချက်အရ စက်သုံးဆီဈေးနှုန်းတွေ အရင်နေ့ကထက် ကျသွားတာကိုတွေ့ရပါတယ်။ ဩဂုတ် ၆ ရက် ပေါက်ဈေးအရ ရန်ကုန်မှာ အောက်တိန်း (92)တစ်လီတာကို ၁၆၁၅ကျပ်၊ အောက်တိန်း95 တစ်လီတာကို ၁၆၆၅ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ကျပ် ၁၉၇၀နဲ့ ပရီမီယံဒီဇယ်တစ်လီတာကို ၂၀၂၅ ကျပ်ရှိနေပါတယ်။

ဒီဈေးနှုန်းတွေဟာ ဩဂုတ် ၅ ရက်ဈေးနှုန်းတွေနဲ့ယှဉ်ရင် အောက်တိန်း 92 တစ်လီတာကို ၆၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၇၅ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ကျပ် ၆၀နဲ့ ပရီမီယံဒီဇယ်တစ်လီတာကို ၆၅ ကျပ် ဈေးကျ သွားတာပါ။

နေပြည်တော်၊ မန္တလေးအပါအဝင် တခြားမြို့ကြီးတွေမှာလည်း စက်သုံးဆီဈေးအနည်းငယ်ကျသွား တာကို တွေ့ရပါတယ်။ စက်သုံးဆီဈေးက အခုရက်ပိုင်းမှာ တက်လိုက်ကျလိုက်ဖြစ်နေပြီး ဈေးနှုန်းတည်ငြိမ်မှု မရှိသေးတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒေါ်လာငွေလဲလှယ်နှုန်း ရည်ညွှန်းဈေးကို တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ်နှုန်းမှ ၂၁၀၀ ကျပ်နှုန်းသို့ ပြောင်းလဲသတ်မှတ် လိုက်သလို ပြင်ပငွေကြေးဈေးကွက်အတွင်း ငွေလဲနှုန်းများ အဆမတန် ဆက် လက် မြင့်မားလာမှာကို စိုးရိမ်နေကြတယ်လို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် အသိုက်အဝန်းမှ သိရပါတယ်။ အဆိုပါ ရည်ညွှန်းငွေလဲနှုန်းပြင်ဆင်သတ်မှတ်တာကို သြဂုတ် ၅ ရက်၊ ရက်စွဲနဲ့ ထုတ်ပြန်ထားတာ ဖြစ်သလို ပို့ကုန်ရရှိမှုမှ နိုင်ငံခြားငွေများရဲ့ (၆၅) ရာခိုင်နှုန်းကို ဗဟိုဘဏ်နူန်းထားဖြင့် လဲလှယ်ဖို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

“၁၈၅၀ နဲ့တောင်မှ အပြင်ဈေးမှာ ၂၆၀၀ ကျော်လောက်ဖြစ်နေတာ အခုလို ဆိုရင် ထပ်မြင့်သွားမှာကို စိုးရိမ်ပါတယ်၊ ဈေးကွက်ထဲမှာ ဒေါ်လာရောင်းဝယ် သူတွေကို ဖမ်းဆီးနေတာကလည်း တကယ်တမ်း အဖြေမဟုတ်ဘူး၊ ဖြစ်သင့် တာက ဒေါ်လာကိုဈေးကွက်ထဲမှာ အရင်လိုလွယ်လွယ်ကူကူနဲ့ ဈေးကွက် စီး ဆင်းမှုအတွက် အလုံအလောက်ဖြစ်အောင် စီမံနိုင်ဖို့ပဲ၊ ဒီလိုမဟုတ်ရင်တော့ ထုတ်ပြန်တဲ့မူဝါဒက ဈေးကွက်ကို သက်ရောက်မှုကအနုတ်လက္ခဏာမျိုး ဖြစ်နေဦးမှာပဲ”ဟုလည်း ငွေကြေးဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားထားပါတယ်။

ထိုထုတ်ပြန်ချက်မှာ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်နှုန်းထားဖြင့် လဲလှယ်ဖို့ သတ် မှတ်ထားပေမယ့် ကျန်တဲ့ ၃၅ ရာခိုင်နှုန်းနဲ့ပတ်သက်ပြီး တိကျတဲ့ရှင်း လင်း ထုတ် ပြန်မှုမျိုး မလုပ်ထားတဲ့အတွက် ဝေဖန်မှုတွေများစွာလည်း ပေါ်ထွက်ခဲ့ပါတယ်။

“ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ ၃၅ ရာခိုင်နှုန်းက အပြင်ဈေးနဲ့ပေးမှာလား၊ လုံးဝမထုတ်ပေးတော့ဘူးလား၊ ဘာလဲ ရှင်းရှင်းလင်းလင်းမရှိဘူး လေ”လို့ လည်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာ ပြင်ပဈေးကွက်ထဲ ၂၆၀၀ ကျော်နှုန်းဖြင့် အရောင်းအဝယ်လုပ် နေရသော်လည်း မှောင်ခိုဈေးကွက် ကဲ့သို့ လုပ်ဆောင်နေရတဲ့အ ခြေအနေမျိုး ကြုံရတယ်လို့ ရန်ကုန်ငွေကြေးဈေးကွက်ထဲမှ သိရပါတယ်။

စက်သုံးဆီ ဈေးတွေ စံချိန်တင် လျော့ကျနေပေမယ့် ဒေါ်လာတွေ စံချိန်တင် မြင့်တက်နေရတဲ့ အကြောင်းရင်းကတော့ စကစရဲ့ ဆေးမြီးတို စီးပွားရေး ကုထုံးတွေဟာ ရောဂါတခြား၊ ဆေးတခြား ဖြစ်နေတယ်ဆိုတာကို ဖော်ပြနေခြင်းပဲ ဖြစ်ပါတယ်။ ယခင်က စက်သုံးဆီ ဈေးကြောင့် ကုန်ဈေးနှုန်းတက်တာဆိုပြီး ဈေးတွေကို အမိန့်နဲ့ လျှော့ချခဲ့ပေမယ်လည်း လက်ရှိအချိန်မှာတော့ စက်သုံးဆီ ဘယ်လောက်ကျကျ၊ ကုန်ဈေးနှုန်းက လုံးဝ မကျဘဲ နှစ်ဆ ဖြစ်နေပြီ ဖြစ်ပါတယ်။

စကစရဲ့ ကသောင်းကနင်း စီးပွားရေးဗျူဟာတွေကြောင့် မြန်မာပြည် စီးပွားရေး ပြိုလဲပြီး ဒေဝါလီခံသွားရတဲ့ အခြေအနေ ရောက်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page