နေမကောင်းတာကို ပရိတ်ရွတ်ပြီး ကုနိုင်တယ်လို့ မြတ်စွာဘုရား ဟောကြားခဲ့သလား?
ဗုဒ္ဓဘာသာကို အတိုဆုံး စကားတစ်လုံးထဲနဲ့ ရှင်းပြပါဆိုရင် ‘အနတ္တ’ လို့ပဲ ပြောရပါမယ်။
ဗုဒ္ဓပွင့်တော်မူခဲ့ရခြင်းရဲ့ အဓိက အကြောင်းက လူတွေ အားလုံး ထင်ယောင်မှားနေတဲ့ အတ္တဆိုတာ ငါဆိုတာကြီး မရှိဘူးဆိုတာကို အလင်းပြဖို့ပဲ။
ဒီ ငါ စွဲဆိုတာကြီးဟာ စိတ်အလျဥ်ရဲ့ အတွင်းအကျဆုံးအထိ စွဲနေလို့ ‘အနတ္တ’ ကို မြင်ဖို့ဟာ အင်မတန် ခက်ခဲလှတယ်။
တနည်းအားဖြင့် ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတွေ အားလုံးရဲ့ အနှစ်သာရဟာ အနတ္တပါပဲ။ ဗုဒ္ဓရဲ့ သားတော် ရဟန်းတွေဟာလည်း တရားဟောရင် အဲဒီ့ အနတ္တအကြောင်းကိုပဲ ဟောကြားရမှာ ဖြစ်တယ်။
လူသိများတဲ့ တရားတော်တွေ အားလုံးကို စဥ်းစားကြည့်လိုက်ပါ။ ‘ငါ’ မရှိဘူးဆိုတာကို ဘက်ပေါင်းစုံကနေ ရှုထောင့်ပေါင်းစုံကနေ ထင်သာ မြင်သာအောင် ဟောပြထားတာချည်းပါပဲ။ အခက်ခဲ အနက်နဲဆုံးဆိုတဲ့ ပဌာန်းကျမ်းကြီးကိုပဲ ကြည့်ပါ။
ပဌာန်းကျမ်းကြီးဟာ တကယ်တော့ လောကကြီးမှာ နိယာမတွေ အကျိုးအကြောင်းတွေ ဘယ်လို ဖြစ်နေသလဲဆိုတာကို ရှင်းပြထားတဲ့ ကျမ်းဖြစ်ပါတယ်။ အနှစ်ကတော့ ခန္ဓာငါးပါးဟာ တစ်ခုနဲ့တစ်ခု ဘယ်လို အကျိုးကျေးဇူးပြုပြီး ဖြစ်ပျက်နေတာလဲဆိုတာကို သိနိုင်ဖို့ပါ။
ပဌာန်းကျမ်းကို သေချာနားလည်သွားတဲ့အခါ ငါဆိုတာဟာ လောကြီးဟာ သူတပါးက ဖန်တီးထားတာမဟုတ်ဘဲ သူ့အကြောင်းတွေ အကျိုးတွေကြောင့် လည်ပတ်နေတာပဲ ဆိုတာကို နားလည်သွားတဲ့အတွက် ငါ စွဲပြုတ်သွားနိုင်ပါတယ်။
ဒါကြောင့် ပဌာန်းကျမ်းအပါအ၀င် ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတော်တွေ အားလုံးဟာ ရွတ်ဖတ်ဖို့မဟုတ်ဘဲ ‘ငါ’ စွဲပြုတ်အောင် နားလည်ဖို့ဖြစ်ပါတယ်။ ဆင်ခြင်သုံးသပ်ဖို့ဖြစ်တယ်။ ဥပမာ – သင်္ချာဆရာတစ်ယောက်က ရူပဗေဒအကြောင်းရှင်းပြနိုင်ဖို့ သင်္ချာညီမျှခြင်းရေးပြတာကို အဲဒါကို နားလည်ဖို့ မကြိုးစားပဲ လူတွေစုပြီး အဲဒီ ညီမျှခြင်းကို လေယူလေသိမ်း ပိုင်ပိုင်နိုင်နိုင်နဲ့ လူကြားထဲမှာ ရွတ်ဆိုနေသလို ဖြစ်နေပါလိမ့်မယ်။ ဒီဥပမာကို စဥ်းစားကြည့်ရင် ဘယ်လောက် လွဲချော်နေသလဲဆိုတာကို သိနိုင်တယ်။
နောက်ပြီးတော့ ပရိတ်ကြီး ၁၁ သုတ်ဆိုရင်လည်း ထိုနည်းလည်းကောင်းပဲ။ ဗောဇ္စျင်သုတ်ဆိုတာ ဗောဇ္စျင် ခုနစ်ပါးအကြောင်းကို ရှင်းပြထားတာပါ။ ဗောဇ္စျင်ခုနစ်ပါးဆိုတာဟာ တရားအားထုတ်ရာမှာ နီ၀ရဏ ငါးပါးနဲ့ ဆန့်ကျင်ပြီး တရားထိုင်ယောဂီကို အကျိုးပြု အထောက်အကူပြုနိုင်တဲ့ ကောင်းမြတ်တဲ့ တရားခုနစ်ပါး ဖြစ်ကြောင်းကို ရှင်းပြထားတာဖြစ်ပါတယ်။
ဘုရားခေတ်မှာ ဒီ ဗောဇ္စျင်ခုနစ်ပါးကို သံဃာတော်တွေ နာမကျန်းဖြစ်ရင် အခြား သံဃာတွေက ရွတ်ဆိုပြပြီး နာမကျန်းတဲ့ သံဃာက နာကြားကာ တရားနှလုံးသွင်းခဲ့တဲ့ သာဓကတွေတော့ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒါဟာ နားမလည်ပဲ ရွတ်ဆိုကြတာမဟုတ်ဘဲ နာသူက နှလုံးသွင်းမိစေနိုင်ဖို့ ပြန်ပြီး ရွတ်ပြတဲ့ ပုံစံမျိုးပါပဲ။ ဒါကို ရွတ်ဆိုမှုကို အားပေးတဲ့ နောက်ပိုင်း အဌကထာဆရာတွေက ပိုပြီး သာသာထိုးထိုး ရေးပြခဲ့တယ်လို့ပဲ ယူဆမိတယ်။ အမြဲဖောက်ပြန်နေတတ်တဲ့ ရုပ်ခန္ဓာကြီးကို ပရိတ်ရွတ်ပြီး နေကောင်းအောင် လုပ်နိုင်တယ်ဆိုတဲ့ အယူအဆဟာ ဗုဒ္ဓအယူအဆ မဟုတ်ပါဘူး။
ဗုဒ္ဓတရားတော် စစ်သလား မစစ်သလား သိချင်ရင် အဲဒီတရားတော်ဟာ ‘အနတ္တ’ ကို ဦးတည်နေသလားလို့ ဆန်းစစ်ကြည့်ရပါမယ်။ ဘုန်းကြီးတစ်ပါး တရားဟောနေတာ နာရီ၀က်လောက်ကြာတဲ့အထိ အတ္တ ကို နည်းပါးစေမဲ့ စကားလုံး မပါခဲ့ရင်တော့ အဲဒီတရားကို ဆက်မနာသင့်တော့ပါဘူး။ ဗုဒ္ဓဟာ ဘုရားအဖြစ်ကို ရောက်တော်မူချိန်ကစပြီး ပရိနိဗ္ဗာန်ပြုသည်အထိ ‘ငါ’ ဆိုတာ မရှိဘူး။
‘ငါ’ ဆိုတဲ့ အိပ်မက်ကနေ နိုးထဖို့ကိုပဲ စက္ကန့်မလပ် ဟောခဲ့တာပါ။ ဗုဒ္ဓဘာသာရဲ့ အဓိက ရည်ရွယ်ချက်ကလည်း အဲဒီ ငါစွဲကို နည်းပါးစေဖို့ ကျမ်းဂန်တွေနဲ့ နည်းလမ်းပေါင်းစုံနဲ့ သုံးပြီး ကျင့်ကြံရမှာဖြစ်ပါတယ်။ ကျန်တဲ့ ဦးတည်ချက် ရည်ရွယ်ချက် ရှိနေလို့ကတော့ ဒါဟာ အယောင်ဆောင် ဗုဒ္ဓဘာသာသာ ဖြစ်ပါလိမ့်မယ်။
Ko Chan