“ပါးစပ်မှာ ခဲဖျက်မပါဘူး” လို့ ပြောခဲ့တဲ့ သီတဂူဆရာတော်ကြီးရဲ့ အမှောင်ဖက်ခြမ်း

မရေးချင်သော စာတစ်ပုဒ်။ စကားပြောမောက်မာသော သီတဂူ နှင့် ဦးကြည်စိုး (IC) (ဒုတိယပိုင်း)။ မှတ်ဉာဏ်၏ သဘောသဘာဝသည်ဆန်းကျယ်၏။ တခါတရံ မနေ့က ဘာဟင်းနဲ့ထမင်းစားခဲ့လည်းဆိုတာ မမှတ်မိ။ မှတ်မိနေသည့်ကိစ္စများကြတော့ နှစ်ပေါင်းဘယ်လောက်ကြာကြာ အဲဒီတုန်းက ဘယ်သူက ဘယ်လို လေသံနဲ့ ဘယ်လိုပြောဆိုခဲ့တယ်စတဲ့ စကားလုံးတစ်လုံးခြင်းစီတိုင်းကို အသေးစိတ်မှတ်မိနေတတ်သည်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၂၀၁၁ ခုနှစ်တုန်းက ဖလော်ရီဒါပြည်နယ် West Palm Beach မြို့မှာ သီတဂူ သံဃာ့ဝိဟာရလို့ အမည်ရတဲ့ ဘုန်းကြီးကျောင်းအသစ်ကို နယ်ခံ မြန်မာမိသားစုတွေရဲ့ စုပေါင်းငွေနဲ့ ဝယ်ယူ တည်ထောင်ခဲ့တယ်။ ဝယ်ယူပြီးသည့်အခါ အဲဒီကျောင်းကို သီတဂူကို လွှဲပြောင်းအပ်နှံခဲ့တယ်။ ကျောင်းအင်္ဂါရပ်နဲ့ပြည့်စုံပြီး အားလုံးအဆင်သင့်ဖြစ်တဲ့အချိန်မှာ ကျောင်းဖွင့်ပွဲအခန်းအနားလုပ်တယ်။

အဲဒီအခန်းအနားကို သီတဂူဆရာတော်ကြွလာတယ်။ မြန်မာပြည်က သံဃာအချို့နဲ့ လူပုဂ္ဂိုလ်အချို့လည်းပါလာတယ်။ အဲဒီကျောင်းက ပြသနာတွေနဲ့ ဖွင့်ပွဲစပြီး ပြဿနာတွေနဲ့ဘဲ အဆုံးသတ်ခဲ့တယ်။ အဓိက ပြောချင်တာက သီတဂူဆရာတော်ရဲ့ လူတွေအပေါ်ကို အပေါ်စီးနဲ့ မောက်မောက်မာမာ ပြောဆိုတတ်တဲ့အကျင့်။ မဆင်မခြင် ပြောဆိုတတ်တဲ့အကျင့်။ ငါ့အရှိန်အဝါနဲ့ ငါဘာဘဲပြောပြော ငါ့ကို ပြန်ခံပြောရဲတဲ့လူဆိုတာရှိမှာမဟုတ်။ ငါပြောလိုက်ရင် အားလုံးက ကြောက်ရွံ့ပြီး ခေါင်းငုံ့ငြိမ်ခံ နေကြမယ့် လူတွေကြီးဘဲဆိုတာ သိနေလို့လည်း ဒီလိုတွေ ပြောဆိုနေတာဖြစ်မယ်။

ပထမပိုင်းမှာ တင်ပြထားသလို Mental Health ဖြစ်နေတဲ့ လူငယ်တစ်ယောက်ကို “မင်းက အ-ူးအင်္ဂါသား” လို့ လူပုံအလည်မှာ မောက်မောက်မာမာ ပြောဆိုခဲ့မူ့တွေ။ အလှုရှင်က သူတတ်နိုင်တဲ့ အတိုင်းအတာနဲ့ ဝယ်လှုထားတဲ့ တိုရှီဘာတီဗီကို ဆိုနီနဲ့ သွားပြန်လဲခိုင်းခဲ့တဲ့ ကိစ္စတွေ။ ပြီးတော့ အဲဒီအခေါက်က ပြသနာတခုဖြစ်ခဲ့သေးတယ်။

မိုင်ယာမီက မြန်မာဆရာဝန်တစ်ယောက်က ဘာသာရေးနဲ့ပတ်သက်ပြီး သူနားမလည် မရှင်းတဲ့ ဗောဓိညဏ်နဲ့ ပတ်သက်တဲ့ အကြောင်းကို ရိုရိုသေသေမေးလျှောက်တယ်။ ဒါကို သီတဂူက ဘုန်းကြီးတစ်ပါးအနေနဲ့ ကောင်းကောင်းမွန်မွန် မရှင်းပြဘဲ သူစိတ်မကြည်တာနဲ့ ဘုတောတယ်။ အဲဒီဆရာဝန်က သူ့မေးခွန်းအပေါ်မှာ ဆရာတော် နားလည်အောင် ထပ်ရှင်းပြတယ်။ ဒါကို သူ့ကို ခွန်းတုန့်ပြန်တယ်။ အထွန့်တက်တယ်ဆိုပြီး လူပုံ အလည်မှာ အဲဒီဆရာဝန်ကို ထပ်ဟောက်တယ်။ အဲဒီဆရာဝန်ရဲ့ဘေးမှာ သူ့အမျိုးသမီး ဆရာဝန်လည်း ရှိနေတယ်။

လင်မယားနှစ်ယောက်လုံးက ဆရာဝန်တွေ။ လူတွေအများကြီးရှိနေတဲ့ လူပုံအလည်မှာ ယောင်္ကျားဖြစ်သူကို သီတဂူက ဘုတောပြီး ဟိန်းဟောက်နေတော့ မိန်းမဖြစ်သူ ဆရာဝန်အမျိုးသမီးက ရှက်ပြီး သီတဂူနဲ့ အခြေအတင်ဖြစ်နေတဲ့ သူ့ယောင်္ကျားကို ပြန်ကြဖို့ လက်တို့ပြီး အတင်းဆွဲခေါ်တယ်။ အဲဒီဆရာဝန် လင်မယားက ဘာသာရေးလည်းကိုင်းရိူင်းသလို အလှုအတန်းလည်းရက်ရောတယ်။ သီတဂူရဲ့ မောက်မာတဲ့ပြောဆိုမူ့တွေကြောင့် လူပုံအလည်မှာ အရှက်ရသွားတဲ့ အဲဒီဆရာဝန်လင်မယားရဲ့ စိတ်မကောင်းစရာ မြင်ကွင်းကို အခုချိန်ထိ မျက်လုံးထဲကမထွက်။

အဲဒီကျောင်းဖွင့်ပွဲမှာဘဲ လူပုံအလည်မှာ နောက်ထပ် အပြောအဆိုခံရပြီး အကြီးအကျယ် အရှက်ခွဲခံလိုက်ရတဲ့ ပုဂ္ဂိုလ်ကတော့ ရုပ်ရှင်သရုပ်ဆောင် (ဦး) ကြည်စိုး(IC) ပါ။ ဒီနေရာမှာ ဦးကြည်စိုး (IC) အကြောင်းကို နည်းနည်းရှင်းပြမယ်။ မိမိတို့ ကျောင်းအသစ်ဝယ်ပြီး သီတဂူဆရာတော် မလာခင် ကျောင်းအသစ်အတွက် လိုအပ်တာတွေကို နယ်ခံအလှုရှင်အသီးသီးက ဝယ်ထည့်ကြတယ်။ ဖွင့်ပွဲအခန်းအနားအတွက် နေ့မအား ညမနား ပြင်ဆင်နေကြတယ်။

သီတဂူနဲ့အဖွဲ့က မြန်မာပြည်က ကြွလာတော့မယ်။ အဲဒီအချိန်မှာ ဦးကြည်စိုး (IC) က သူနေထိုင်ရာ ကယ်လီဖိုးနီးယားပြည်နယ်ကနေ ဖလော်ရီဒါပြည်နယ်က သူ့မိတ်ဆွေ တစ်ဦး ထံကို အလည်ရောက်လာတယ်။ သူ့မိတ်ဆွေကလည်း ကျောင်းဖြစ်မြောက်ရေး ကော်မတီထဲမှာပါနေတော့ နေ့တိုင်း မိုးလင်းမိုးချုပ် ကျောင်းအသစ်မှာ လိုအပ်တာတွေ လာပြီးဝိုင်းလုပ်ပေးနေတဲ့အချိန်ဆိုတော့ သူ့မိတ်ဆွေ နဲ့ အတူ ဦးကြည်စိုးကလည်း ကျောင်းကိုအမြဲလိုက်လာပြီး သူတတ်နိုင်တာလေးတွေ ဝိုင်းလုပ်ပေးတယ်။

ကြာတော့ နယ်ခံမိမိတို့ အဖွဲ့နဲ့လည်း ရင်းနှီးသွားတယ်။ အဲဒီကာလတွေက မိမိတို့ ကျောင်းဖြစ်မြောက်ရေး တစ်ဖွဲ့လုံး ကိုယ့်စီးပွါးရေးလုပ်ငန်းတွေကို ပြစ်ပြီး အဲဒီကျောင်းအတွက် အချိန်တွေ ငွေတွေ ပေးဆပ်ပြီး တကယ်ကို ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ကြတယ်။ ဆေးသုတ်တဲ့လူကသုတ်။ မြက်ရိတ်တဲ့လူကရိတ်။ ကျောင်းအတွင်း ပစ္စည်းတွေနေရာချတဲ့လူကချ။ ထမ်းကြပိုးကြ။ သယ်ကြ မ ကြ။ လိုအပ်တာတွေ သွားဝယ်ရ။ သီတဂူအပါအဝင် ဘုန်းကြီးတွေနဲ့ မြန်မာပြည်ကပါလာမယ့် လူတွေ အိပ်ဘို့ ကုတင်မွေ့ယာတွေဝယ်ရ။ စားဘို့သောက်ဘို့ ဆွမ်းကပ်ဘို့ ကိစ္စတွေစီစဉ်ကြ။ ကြိုဆိုနေရာချထားရေးနဲ့ ဖွင့်ပွဲအခန်းအနားအတွက်ပြင်ဆင်ကြ။ တကယ့်ကို အရမ်းပင်ပန်းခဲ့တဲ့ကာလတွေပါဘဲ။ နေ့တိုင်းညမိုးချုပ်မှ အိမ်ပြန်ကြရတယ်။

တချို့ကလည်း ကျောင်းမှာဘဲ ညအိပ်ပြီးလုပ်ကိုင်ပေးကြတယ်။ နောက်ပိုင်း ဦးကြည်စိုး ကလည်း သူ့မိတ်ဆွေအိမ် ပြန်မအိပ်တော့ဘဲ မိမိတို့နဲ့အတူ ကျောင်းမှာဘဲ ညအိပ်ပြီး ဝိုင်းလုပ်ပေးရှာတယ်။ မိမိတို့နဲ့အတူ စားအတူ အိပ်အတူဖြစ်ပြီး ပိုပြီးရင်းနှီးခင်မင်သွားတယ်။ ရင်းနှီးသွားတော့ မိမိက သူ့ကိုမေးတယ်။ “အန်ကယ် ကယ်လီဖိုးနီးယားကို ဘယ်တော့လောက်ပြန်မှာလဲ“ သူကပြန်ဖြေတယ်။ “အန်ကယ်က အားနေတော့ ဖလော်ရီဒါမှာ အေးအေးဆေးဆေး နေဘို့ လာခဲ့တာပါ။ လေယာဉ်လက်မှတ်တောင် One Way ဘဲ ဝယ်ခဲ့တာ” လို့ သူကပြန်ဖြေတယ်။

“ဟာ အဲဒါဆို အတော်ဘဲ ဒီကျောင်းမှာ ကျောင်းထိုင်ပေးမယ့် ဦးဇင်းလေးကို သီတဂူဆရာတော်က သူနဲ့အတူ မြန်မာပြည်က ခေါ်လာမှာ။ ဆရာတော်နဲ့ ဧည့်သည်တွေက လည်း ၃/၄ ရက်နေပြီးရင်ပြန်ကြမှာ။ အဲဒီအခါ အမေရိကကို အခုမှ စရောက်လာမယ့် ဦးဇင်းလေးတစ်ပါးထဲ ဒီကျောင်းမှာကျန်နေခဲ့မှာ အန်ကယ်လ် က ဒီကျောင်းမှာ ခဏနေပေးမယ်ဆိုရင် ဦးဇင်းလေးအတွက်လည်း အဖေါ်ရသွားတာပေါ့ ။ စားရေးသောက်ရေး အတွက် ဘာမှ မပူနဲ့ ကျနော်တို့ တာဝန်ယူပေးမယ်” “ အမေရိကမှာ အားလုံးက အလုပ်တွေကိုယ်စီနဲ့ဆိုတော့ ဘုန်းကြီးကျောင်းမှာ ကပ္ပိယ လာလုပ်ပေးမယ့် လူလည်း တစ်ယောက်မှ မရှိကြဘူးလေ။ ရောက်ခါစ ဦးဇင်းတစ်ပါးအနေနဲ့လည်း အန်ကယ်ရှိနေတော့ ပိုအဆင်ပြေသွားတာပေါ့လို့ “ မိမိကပြောလိုက်တော့ သူကလည်း ကျောင်းမှာ ခဏနေပေးဘို့ လက်ခံလိုက်တယ်။

သူလက်ခံလိုက်တဲ့အတွက် မိမိတို့လည်း ဝမ်းသာသွားတယ်။ တစ်ပါးထဲသီတင်းသုံးကျောင်းထိုင်မယ့် ဦးဇင်းလေးအတွက်လည်း ပိုအဆင်ပြေသွားတာပေါ့။ ဒီလိုနဲ့ သီတဂူနဲ့ အဖွဲ့ရောက်လာတယ်။ ကျောင်းဖွင့်ပွဲအခန်းအနားလည်း ပြီးဆုံးသွားပြီ။ ၃/၄ ရက်လောက်နေတော့ သီတဂူ ပြန်ကြွမယ့် မနက် လေယာဉ်ကွင်း လိုက်ပို့ပေးကြမယ့်လူတွေ လာဖူးကြတဲ့ လူတွေနဲ့ ကျောင်းမှာ လူတွေပြည့်နေတယ်။

အဲဒီအချိန်မှာ သီတဂူက ဦးကြည်စိုးကို လက်ညိုးထိုးပြီး “ဟို ဒကာကြီး ခင်ဗျားကို ကျုပ်ကြည့်နေတာ ကြာပြီ။ ခင်ဗျားမပြန်သေးဘူးလား၊ ဒီမှာ ဘယ်နှစ်ရက် နေနေအုံးမှာလဲ“ ဦးကြည်စိုးလည်း မထင်မှတ်ဘဲ လူပုံအလည်မှာ လက်ညိုးထိုး အမေးခံလိုက်ရတော့ လန့်သွားတယ်။ အဲဒါနဲ့ အရင်ရက်က မိမိတို့ ပြောထားတဲ့စကားကို အခြေခံပြီး သူကဒီလိုဖြေလိုက်တယ်။ “တပည့်တော်က အားနေတော့ ဒီမှာကျောင်းထိုင်မယ့် ဦးဇင်းလေးအဆင်ပြေအောင် ခဏအတူနေပေးမလို့ပါဘုရား “ ဆိုပြီး လက်အုပ်လေးချီပြီး လျှောက်လိုက်တယ်။

ဒီစကားကြားတော့ သီတဂူက ပေါက်ကွဲပြီး ဒေါသနဲ့ ပြန်ပြောတယ်။ “ဟေ ဘာကွ ဦးဇင်းလေးအဆင်ပြေအောင် အတူနေပေးမယ် ဟုတ်လား ။ ငါခေါ်လာပေးတဲ့ ဦးဇင်းက အဆင်မပြေရအောင် ဘာဖြစ်နေလို့လဲ ဒီမှာ တစ်ပါးထဲလည်း နေနိုင်တယ် နေတတ်တယ်ကွ။ အခု ခင်ဗျား ဒီကျောင်းမှာရောက်နေတာဘယ်နှစ်ရက် ရှိပြီလဲ ပြော” “ တပည့်တော် ၅ ရက်လောက်ရှိပါပြီဘုရား “ ဦးကြည်စိုးက လက်အုပ်လေးချီပြီး အသံတုန်တုန်ရီရီနဲ့ပြန်လျှောက်တယ်။ သီတဂူက အသံခပ်မာမာနဲ့ ဆက်ပြောတယ်။ “နောက် ၂ ရက် နေခွင့်ပေးမယ်။ ၇ ရက်ပြည့်တာနဲ့ကိုယ့်အထုပ် ကိုယ်ဆွဲပြီးပြန်တော့ ဟုတ်ပြီလား“ လူပုံအလည်မှာ ဒီလို အပြောခံလိုက်ရတော့ ဦးကြည်စိုးခင်ဗျာ တော်တော်ရှက်သွားရှာတယ်။

တကယ်တော့ သူက အခြေမဲ့ အနေမဲ့ လူတစ်ယောက်မဟုတ်။ ကယ်လီဖိုးနီးယားမှာ သမီး နဲ့ သားနဲ့ မိသားစုနဲ့ အိမ်နဲ့ ယာနဲ့ နေနေတဲ့လူတစ်ယောက်။ ဖလော်ရီဒါက သူ့မိတ်ဆွေဆီကို အားလို့ အလည်ထွက်လာတာ။ သူ့မိတ်ဆွေအိမ်မှာလည်း စိတ်တိုင်းကျ ကြိုက်သလောက်နေလို့ စားလို့ရတယ်။ မိမိတို့က အမေရိကမြေကို အခုမှ စရောက်လာတဲ့ ဦးဇင်းလေး အတွက် ကပ္ပိယ အဖေါ်အဖြစ် ခဏနေပေးဘို့ အကူအညီတောင်းထားလို့သာ သူ့မျာ လက်ခံ နေပေးလိုက်တာ။

ဒါကို သီတဂူက မောက်မောက်မာမာ နဲ့ လူပုံအလည်မှာ ငေါက်ပြီး ပြောလိုက်တော့ သူ့ခမျာ တော်တော်ရှက်ပြီး မျက်ရည်တွေပါ ဝဲနေရှာတယ်။ ရုပ်ရှင်သရုပ်ဆောင်မှန်းလည်း လူတကာက သိနေတော့ ပိုရှက်သွားတာပေါ့လေ။ အဲဒါနဲ့ မိမိထံကို လာပြီး သူအခုဘဲ ကယ်လီဖိုးနီးယားကို ပြန်တော့မယ်တဲ့။ သူ့ကို ဒီနေ့ထွက်မယ့် လေယာဉ်လက်မှတ်ဝယ်ပေးပါ။ ဘယ်လောက်ဘဲကျကျ သူပေးပါ့မယ်တဲ့။ မိတ်ဆွေ အိမ်ကိုလည်း မပြန်ချင်တော့သလို လူပုံအလည်မှာ ဒီလို အပြောခံလိုက်ရလို့ ဖလော်ရီဒါက မြန်မာလူမျိုးတွေကြားမှာလည်း ရှက်လွန်းလို့ မျက်နှာ မဖေါ်ရဲတော့ပါဘူးဗျာ“ တဲ့

အဲဒါနဲ့ Online ကနေ လေယာဉ်လက်မှတ်ဝယ်ပြီး အဲဒီနေ့ဘဲ ကယ်လီဖိုးနီးယားကို ရှက်စိတ် ကြေကွဲခံစားမူ့တွေနဲ့ ပြန်သွားရှာတယ်။ အဲဒီနေ့က ရှက်စိတ် ဝမ်းနည်းစိတ်တွေနဲ့ သူ့မျက်နှာကို အခုချိန်ထိ ပြန်မြင်ယောင်နေမိတယ်။ ဪ – အခုတော့ အဲဒီ သီတဂူ သံဃာ့ ဝိဟာရ ကျောင်းလည်း မရှိတော့သလို ဦးကြည်စိုး (IC) လည်း မနှစ်က ရန်ကုန်မှာ ကိုဗစ်နဲ့ ဆုံးသွားရှာပြီလို့သိရပါတယ်။

သဗ္ဗေသင်္ခါရ အနိစ္စာ ။ “ပါးစပ်မှာ ခဲဖျက်မပါဘူး” ဒီစကားက သီတဂူအမြဲပြောနေကြစကား “စကားပြောရင် ဆင်ဆင်ချင်ချင် သတိထားပြောကြ” ဆိုပြီး ပလ္လင်ပေါ်ကနေ လူအများကို ဟောပြောသတိပေးနေတဲ့ သီတဂူဆရာတော်လည်း ကိုယ် ဖေါ်တဲ့ဆေး ကိုယ်ပြန်စားသုံးနိုင်ပါစေ။ ခဲဖျက်မပါတဲ့ ပါးစပ်ကနေ မဆင်မချင်ပြောခဲ့တဲ့စကားတွေကြောင့် တစ်တိုင်းပြည်လုံးက ပြည်သူတွေရဲ့ မုန်းတီး အဝေဖန်ခံခဲ့ရတာလည်း အကြိမ်ကြိမ်။

ဒါကိုလည်း အခုချိန်ထိ ပြင်ရကောင်းမှန်းမသိ။ ပြုပြင်တော့မယ်ဆိုတဲ့ စိတ်လည်းမရှိ။ ဪ- “ပါးစပ်မှာ ခဲဖျက်မပါဘူး” တဲ့ ပြီးရင် တပည့်ကျော် မအလကိုလည်းသတိပေးလိုက်ပါအုံး “ပါးစပ်မှာ ခဲဖျက်မပါဘူး “လို့ မှတ်ချက်- ပြသနာတွေနဲ့ ပြီးဆုံးသွားတဲ့ အောက်က ကျောင်းဖွင့်ပွဲ အမှတ်တရပုံရဲ့ နောက်ဆုံးတန်း ဘယ်ဘက်က ဒုတိယ ဂျာကင်အနက်နဲ့ လူက ဦးကြည်စိုး (IC) ပါ။ Henry Aung ( Florida ) Dec, 04,2022

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page