သိန်း ၃၀၀ ကျော်တန် တံတားကြီး ဖွင့်ပွဲလုပ်ပြီး ၃ ရက်အကြာမှာ အက်ကွဲလာတဲ့ အဖြစ်

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ သိုက်ချောင်းကျေးရွာမှာ ငွေကျပ် သိန်း ၃၂၀ နဲ့ဆောက်လုပ်ခဲ့တဲ့ ချောင်းကူးတံတားမှာ အက်ကွဲကြောင်းတွေ ဖြစ်ပေါ်လာနေတာကြောင့် ပြန်လည်ပြုလုပ်ပေးဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။

သိုက်ချောင်းရွာအပါအဝင် ရွာပေါင်း ၆၀ ခန့် အသုံးပြုသွားလာနေရတဲ့ ဒီတံတားကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ တံတားကိုဖွင့်လိုက်တာ ၃ရက်ပဲ ရှိသေးတယ်လို့ အမည်မဖော်လိုတဲ့ သိုက်ချောင်းရွာခံသားတဦးက ပြောပါတယ်။

“တံတားရဲ့အောက်ပိုင်းက ဘိလပ်မြေလောင်းတဲ့နေရာမှာ အက်ကွဲနေတာဗျ။ တံတားကိုလုပ်တဲ့သူတွေက မိုးရာသီကို မရောက်ခင် ပိတ်ထားပြီးတော့ ပြန်ပြင်ပေးမယ်တဲ့။ ဒါပေမဲ့ ဒီတံတားက လုံးလုံးဖျက်ပြီးတော့ ပြင်မှအဆင်ပြေမှာ။ ဒီအတိုင်းပဲပြင်မယ်ဆိုတော့ ကျနော်တို့ဒေသခံတွေအတွက် မိုးရာသီမှာ အန္တရာယ်ရှိလာနိုင်တယ်။ ဒါကို ရွာသားတွေအားလုံးက စိတ်ပူနေကြတယ်” လို့ ဆိုပါတယ်။

ဒီသိုက်ချောင်းတံတားကို ဆောက်လုပ်ရတာဟာ မိုးရာသီမှာ ကျေးရွာကို ချောင်းရေမနစ်မြုပ်ဖို့နဲ့ ဒေသခံတွေရဲ့သွားလာရေးအဆင်ပြေစေဖို့ တင်ပြတောင်းဆိုခဲ့တာကြောင့် ဘက်ဂျက်ငွေ သိန်း ၃၂၀ ချပေးလိုက်တာဖြစ်တယ်လို့ အထက်ပါဒေသခံ ကပြောပါတယ်။

“တံတားဒီလိုဖြစ်နေတော့ လုံးဝအဆင်မပြေဘူးဗျ။ တံတားကို ဆောက်လုပ်နေတဲ့အချိန်မှာလည်း လုပ်တဲ့သူတွေက ကုမ္ပဏီကနေချပေးတဲ့ သံတွေ၊ ဘိလပ်မြေတွေကို ရောင်းစားတယ်ဗျ။ ဘိလပ်မြေဆိုရင် အလုံး ၅၀ လောက်ကို ရောင်းစားလိုက်တာ။ ကျနော်တို့မျက်စိရှေ့ကနေ ရောင်းစားတာဗျ။ သူတို့ ဒီတံတားကို လုပ်တာ သိန်းတရာကျော်ပဲ ကုန်ခဲ့မယ်။ ကျန်တဲ့ဟာတွေတော့ သူတို့စားတာပဲ” လို့ဆိုပါတယ်။

အဆိုပါတံတားမှာ ပေ ၂၀ ကျော်ခန့်ရှည်ကာ ကွန်ကရစ်ခင်းဆီမန်းတံတားဖြစ်ပြီး တံတားကို တာဝန်ယူဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီရဲ့နာမည်ကို မသိရှိပေမယ့် ကုမ္ပဏီအနေနဲ့ ပြန်လည်ဆောက်လုပ်ပေးဖို့ကိုလည်း ဒေသခံတွေက လိုလားနေကြပါတယ်။

မြန်မာကန်ထရိုက်တွေနဲ့ မြန်မာ အင်ဂျင်နီယာတွေရဲ့ အစွမ်းကတော့ ပြည်သူ့ဘဏ္ဍာတွေကို အိပ်ကပ်ထဲ ရောက်အောင် ပြုလုပ်နိုင်တဲ့ အစွမ်းပဲ ဖြစ်ပါတယ်။ စီမံကိန်းတွေ ဆောင်ရွက်ရမှာ ကန်ထရိုက်၊ အင်ဂျင်နီယာ၊ စစ်ဆေးသူ အားလုံး တဖွဲ့တည်း ဖြစ်နေမှတော့ ဒီလို ဖြစ်လာတာ မထူးဆန်းဘူးလို့ပဲ ဆိုရမှာပဲ ဖြစ်ပါတယ်။ ဒီလို အဖြစ်အပျက်တွေ အမြန်ဆုံး ပြောင်းလဲသွားမှသာ ပြည်သူတွေအတွက် အကျိုးရှိမှာ ဖြစ်ပါတယ်လို့ ဖော်ပြလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page