ယနေ့ခေတ် အဖေ တသိန်းမှာ တယောက် မရှိနိုင်တဲ့ အဖေတဦးရဲ့ ချစ်စရာ့ မှာတမ်းတခု

သားဟူသော ချစ်ခြင်းမေတ္တာထက်သာလွန်သည့် အဖေတယောက်၏ ခံစားချက်၊ သားကြီးနဲ့ ကောင်းမြတ်ထူး မနေ့က လက်ထပ်ကြတယ်။ အယ်လ်ဂျီဘီတီကျူ ဂျန်ဒါးများကို တရားဝင်အသိအမှတ်ပြုတဲ့ ဩစတြေလျနိုင်ငံမှာပေါ့။

မိဘအနေနှင့် ကျွန်တော်တို့ လင်မယား လိုက်ချင်င်သော်လည်း တိုင်းပြည်ရဲ့ ခေတ်အခြေအနေနှင့် ကျနော့် ဘဏ္ဍာရေးက ခွင့်မပြုခဲ့ပါဘူး။ သူတို့ ၂ ယောက်တင်ထားတဲ့ ဓါတ်ပုံတွေ ကြည့်ပြီး အဖေနဲ့အမေ ကျနော်တို့ ပျော်တာပေါ့။ လူတွေပျော်ရင် ပျော်တတ်တဲ့ကျနော် သားပျော်တာကိုမြင်ပြီး မပျော်ရှိပါ့မလားဗျာ။

နောက်ကို ပြန်ဆုတ် ၁၀ နှစ်ယုတ်လို့ လွန်ခဲ့သော ၁၀ နှစ်ကျော်ကာလ တခုကို ပြန်သွားကြည့်ရအောင်၊ သားကြီးကို ဂရုတစိုက် တိတ်တဆိတ် အကဲခတ်လာတာ၊ သူ ၁၀ တန်းအောင်ထဲကနေ စင်ကာပူရောက်လာတဲ့ထိ အရိပ်တကြည့်ကြည့်ပေါ့။ ဒီကောင် တခုခုတော့ ဖြစ်နေပြီဆိုတာ သေချာတယ်။ ငါထင်တာ မဖြစ်ပါစေနဲ့လို့ လည်း စိတ်ထဲကြိတ်ဆုတောင်းနေမိတာ အခါခါ၊ မိန်းမကိုတောင် ဖွင့်မပြောခဲ့ဘူးလေ။

ည တရေးနိုးချိန် ၂၊ ၃ နာရီလောက်မှာ အပေါ့ထသွားရင်း သူအိပ်တဲ့ကုတင်ကို ကြည့်လိုက်ရင် ရည်းစားနဲ့ စကားပြောတဲ့အမူအယာတွေ မြင်ရတော့ သူမသိအောင် အနားကိုတိုးနိုင်သမျှတိုးပြီး သူ့အသံကို သူခိုး ချောင်းချောင်းနားထောင်ဘူးတာတွေကလည်း အခါခါမကပေမယ့် တခါမှ သဲသဲကွဲကွဲ မကြားခဲ့ရပါဘူး။

ငါ့ရင်ထဲ ဖြစ်နေတဲ့ သံသယ ရှင်းမှ ရမယ်ဟလို့ သံဓိဌါန်ချရင်း တနေ့မှာ သားကြီးနဲ့ကိုယ်နဲ့ ၂ ယောက်ထဲ ကိုယ်တို့ အိပ်ခန်းမှာ စကားပြောကြတယ်။ လိုရင်းကိုဘဲ မေးလိုက်တဲ့အခါ သူဝန်ခံပါတယ်။ ကျနော်အဖေ တယောက်အနေနဲ့ ဘယ်လိုခံစားရမယ်လို့ ခင်ဗျထင်လဲ

ထင်ကြည့်လိုက်ပေါ့ ခင်ဗျထင်တာနဲ့ မလွဲပါဘူး။ ဘဝမှာ အယ်လ်ဂျီဘီတီကျူ တယောက်ရဲ့ အဖေဖြစ်လာလိမ့်မယ်လို့ ဘယ်တုံးကမှ မျှော်လင့်မထား ပြင်ဆင်မထားတဲ့ ကျနော်။ ဘဝကို စရိုက်ကြမ်းကြမ်းနဲ့ ကြီးပြင်းခဲ့တဲ့ကျနော်။ ကားမောင်းရင်တောင်မှ ခပ်ကြမ်းကြမ်းကားတွေကို သဘောကျတဲ့၊ အက်ရှင်ကားတွေ၊ ဖိုက်တင်ကားတွေ ကြိုက်ခဲ့တဲ့ မြန်မာပြည်ဖွား မိတ်အင်ဘားမား၊ ဂျန်-ီး ကျနော်။ ယောက်ျားဖြစ်မှ မြတ်တယ်ဆိုတဲ့ လွဲချော်တဲ့အယူအဆနဲ့ကျနော်လေ။ ဘာပြောကောင်းမလဲ။ ဆတ်စလူး နတ်ပူး တဖြတ်ဖြတ်လူးနေတော့တာပါဘဲ။

သို့သော်လည်းလေ ငါဟဲ့အဖေ၊ ငါ့သားကို ငါမချစ်ဘူးလား (ချစ်တာပေါ့)၊ ဒါဆိုနားလည်အောင်ကြိုးစား (ဟာ ဒါတွေ လာမပြောနဲ့ဦး)၊ စိတ်ထဲမှာ လှတင်နဲ့ဘတင် အပြန်လှန် Chat နေကြတာ ထားပါတော့။ တရားဝင် စသိတဲ့နေ့က စိတ်တင်းပြီး စကားတခွန်း သူ့ကို ချက်ခြင်းမှာလိုက်တယ် “သားကြီး လောကမှာ ဂျန်ဒါး က အရေးမကြီးဘူး။ သူ ဘာပြောလဲ ဘာလုပ်လဲဆိုတာက ပို အရေးကြီးတယ်သား”

အဲဒီကနေမှ လတွေနှစ်စားလို့ အချိန်တွေကို ကျော်ဖြတ်၊ ခေတ်တွေကို ကျော်ဖြတ် အတွေးအခေါ်တွေကို ကျော်ဖြတ်လာလိုက်တာမှာ အခုလည်း ဒီစကား ဘဲထပ်ပြောပါတယ်သား၊ Emotional ကွာတာက အရင်ပြောခဲ့တဲ့စကားမှာ တိမ်တွေညို့နေပေမယ့် ဒီနေ့ပြောတဲ့စကားမှာတော့ ပန်းတွေပွင့်နေပြီ ငါ့သားရေ။

အနှစ်ချုပ်ပါ့မယ်၊ ကျနော့်သားကြီး လက်ထပ်သည့်ကိစ္စအား တရားဝင်ကြေငြာတာမို့ သိလိုသည်များကို ပွင့်လင်းစွာ မေးမြန်းနိုင်ပါသည်။ အဖေ တယောက်အနေဖြင့် ပျော်ရွှင်ရိုးသားစွာ ဖြေပေးပါမည်။

ဤနေရာမှသည် အယ်လ်ဂျီဘီတီကျူ သားငယ် သမီးငယ်တို့ကို ကျနော်ပြောလိုသည်မှာ ဂျန်ဒါးကို မေ့ပစ်ပါ (မမေ့လည်း ကိစ္စမရှိပါ)၊ လောကကြီးကို ရဲရဲရင့်ရင့် တိုးဝင်ထိုးဖေါက်ပါ။ လိုအပ်လျှင် အန်ကယ့်အနေဖြင့် ကူညီရန်အဆင်သင့်ပါ သားတို့၊ သမီးတို့။ ကောင်းမြတ်ထူးကိုလည်း ကျေးဇူးအထူးတင်တယ် သား။ သက်သေအဖြစ် လက်မှတ်လိုက်ထိုးပေးတဲ့ သမီးကိုလည်း ကျေးဇူးတင်တယ်။ သားကြီးတို့ သူငယ်ချင်းအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်

ကိုယ့်သားကြီးကို အထူးပြောလိုသည်မှာ မင်း ငါ့ထက်သတ္တိရှိတယ်၊ အဖေ့ထက် ငွေပိုရှာနိုင်တယ်၊ အဖေမသိ၊ မတတ်တဲ့ပညာတွေ တတ်တယ်။ ခလေးဘဝက ပြောခဲ့ဘူးတဲ့ အဖေ့စကား “အဖေ့ထက်သာအောင်ကြိုးစား” အဖေရှုံးတာကို ပျော်ပျော်ကြီးကျေနပ်ပါတယ်။ နောက်ဆုံးမှာချင်တာကတော့ “လောကကို စောင့်ရှောက်ပါ သားကြီး” ဒီကနေ့ ကျနော့် ပန်းခင်းမှာ ပန်းတွေပွင့်နေပြီဗျို့ (ဘတင်)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page