အလောင်းတော်ကဿပဘုရားမှာ ဂေါပကတွေ ထည့်တဲ့ ဂျင်းများ (ဘုရားကိုမှီပြီး လုပ်စားကြသူများ)

ကိုယ်တွေ အသက်၂၀ ဝန်းကျင် ၂၀၁၀ ခုနှစ်လောက်က အလောင်းတော်ကဿပ ကိုရောက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက လမ်းပန်းဆက်သွယ်ရေးက အခုလိုမျိုး မကောင်းသေးပါဘူး။ တန်ခိုးကြီးဘုရား ဖူးရခဲတယ် အထင်နဲ့ သွားကြတာ။

ဘာပြောကောင်းမလဲ ခရီးကလည်းပမ်း လူကလည်းနွမ်းနဲ့ ဖုန်ကလည်းတထောင်းထောင်း လမ်းကလည်းကြမ်း၊ ကြမ်းဆို သစ်တောကြိုးဝိုင်းထဲက တောလမ်းကြီးကို ဟွန်ဒိုင်းကားစုတ်ကြီးနဲ့ သွားရတာကိုး။ စကောထဲ ဇီးဖြူသီးလိမ့်တယ် ဆိုတာ ဒီလမ်းမျိုး၊ ကျောက်ခဲဝါးသွားရင်တောင် အစာကြေတယ်ဆိုတဲ့ လမ်းမျိုး။

တကယ်ဘုရားစူး တသက်နဲ့တကိုယ် ဒီလောက်ကြမ်းတဲ့လမ်းခရီးမျိုး တခါမှမသွားခဲ့ဖူးပါဘူး။ ပင်ပန်းပေမယ့်လည်း ခက်ခက်ခဲခဲနဲ့ဖူးရတဲ့ ဘုရားက ကုသိုလ်ပိုရလိမ့်မယ်ဆိုတဲ့ မိုတီ နဲ့ဆိုတော့ စိတ်ဓာတ်ကတော့မကျဘူးပေါ့။

ရောက်ပါပြီ၊ တောတွင်းဆင်စခန်း။ ဒီကနေ မိနစ်သုံးဆယ်လောက် လမ်းလျှောက်သွားရအုန်းမယ်တဲ့။ မလျှောက်နိုင်တဲ့သူတွေက ဒီကဆင်တွေငှားပြီး စီးသွားလို့ရတယ်တဲ့။ (ဆင်ငှားပြီး ဂွင်ဖန်ကြတယ်ဆိုတာလေ)။

ဘုရားဖူးလာတဲ့သူတွေကလည်း တဖွဲဖွဲဆိုတော့ ကိုယ်တွေကတော့ တကယ့်တန်ခိုးကြီးဘုရားဖူးရတော့မယ်ဆိုပြီး စိတ်တကြွကြွနဲ့ပေါ့။ လူကလည်း လူငယ်တွေဆိုတော့ လမ်းလျှောက်ပြီးသွားကြတာ၊ လမ်းမှာ သစ်ဆွဲဆင်ကြီးတွေ လူတွေ ရိက္ခာတွေတင်ပြီး ခေါက်တုံ့ခေါက်ပြန်သွားနေကြတာ မြင်တော့သနားမိသား။

နောက်မှသိရတာက ကြိုးဝိုင်းထဲက သစ်မဆွဲနိုင်တော့နဲ့ ဆင်တွေကို ဒီမှာ အခကြေးငွေယူပြီးအသုံးချနေကြတာကိုး။ ဆင်တွေ ဆိုသည်မှာလည်း အသားအရေစိုစိုပြည်ပြည်မရှိ၊ မွဲခြောက်ခြောက်ဆင်အိုကြီးတွေ၊ ဟိုရောက်တော့ အောက်ဖက်ဂူဝဆိုတဲ့ နေရာကိုသွားဖို့ အလုအယက်တန်းစီ၊ ဝါးလုံးလက်ရန်းနဲ့ လုပ်ထားတဲ့ လှေကားအတိုင်းဆင်း၊ အမွေးတိုင်နံ့တွေ မီးခိုးတလူလူနဲ့ ဘယ်မှာလဲဘုရားဆိုတော့ ဂူထဲမှာတဲ့

ဝင်လို့မရဘူးလားဆိုတော့ တစ်နှစ်မှာတစ်ခါပဲ ပွင့်တယ်တဲ့။ ကံတအားထူးမှဆိုပဲ။ အဲဒီပွင့်တဲ့ တံခါးကနေချောင်းကြည့်ရင် အထဲမှာ ရွှေငွေကျောက်သံပတ္တမြား အပြည့်နဲ့ နောင်ပွင့်မယ့် အရိမေတ္တယျ ဘုရားကို ဖူးဖို့စောင့်နေတဲ့ အလောင်းတော်ကဿဖ ကိုယ်တော်ကိုမြင်ရတယ်တဲ့။

ကိုယ်တွေမှာလည်း တိုးလိုက်ရတယ်ဆိုတာ မြင်ချင်တာကိုး။ တကယ်တမ်းကျ ဘာမှမဟုတ်ဘူး သဘာဝအတိုင်းဖြစ်တည်နေတဲ့ ကျောက်နံရံက အက်ကွဲကြောင်းကြီးကို ရွှေချပြီး အလှူခံစားနေတယ်လို့ စိတ်ထဲက ခံစားမိလာတယ်။

ကျုပ်တို့မြန်မာလူမျိုးတွေဆိုတာကလည်း ဒါနအား အင်မတန်ကောင်းသကိုး။ လှူလိုက်ကြတာ ဝက်ဝက်ကွဲ၊ ကိုယ်တွေကတော့ အဲလိုခံစားမိပြီးကတည်းက လှူချင်စိတ် မဖြစ်ပေါ်လာတော့ပါဘူး။ နောက်ပြီး ဂေါပကလူကြီးတွေ ရောင်းနေတဲ့ ဘုရားသမိုင်းစာအုပ်တဲ့ ၅၀၀ လား ၁၅၀၀လါးမသိဘူး ရောင်းနေတာ။ အသိတစ်ယောက်ဆီက ငှားဖတ်မိတော့မှ ဂျင်းမိသွားသလို ခံစားလိုက်ရတယ်။ ခုနှစ်သက္ကရဇ် တိတိကျကျ မရှိတဲ့ ပုံပြင်လိုလို ရာဇဝင်လိုလို ပါးစပ်ပြော သမိုင်းတွေကိုထည့်ရေးထားတာကိုး။

ဘာတဲ့ ဂေါပကလူကြီးတစ်ယောက်ကပြောသေးတယ်။ ဒီဘုရားက ဖူးရခဲတယ်။ တခါဖူးပြီးရင်နောက်တခါပြန်လာဖူးဖို့မလွယ်ဘူးတဲ့။ စိတ်ထဲကတော့ ပြောမိတယ် မှန်ပါတယ်ဦးလေးရေလို့၊ နောက်တခါလည်းဘယ်တော့မှ လာမိမှာမဟုတ်ဘူးလို့ စိတ်ထဲမှာ လုပ်စားသလို ခံစားလိုက်ရတယ်။

ရလိုက်မယ့်အလှူငွေတွေ သောက်သောက်လဲ။ ဘယ်နေရာမှ တောက်ပြောင်နေတာမရှိ။ ဘယ်နေရာတွေရောက်ကုန်သလဲမသိ။ အော်ငါတို့ မြန်မာပြည်မှာ အဲလိုတန်ခိုးကြီးဘုရားဆိုပြီး လုပ်စားနေကြတာ ဘယ်လောက်တောင် ရှိသွားပြီလဲ ဆိုတဲ့ ခံစားချက်ပေါင်းများစွာဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်း တန်ခိုးကြီးလုပ်စားဘုရားများ ဘေးမှ ကင်းဝေးကြပါစေလို့ ရည်သန်လျက် (Wuna Zarni) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page