မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ကျွမ်းဘားပညာရှင် အာဇာနည်ဘားမယ်ကြွေရဲ့ ဘဝဇာတ်ကြောင်း

အမျိုးသမီး ကျွမ်းဘားပညာရှင် အာဇာနည်ဘားမယ်ဖြစ်သော်လည်း ဘဝနေဝင်ချိန်ကို ရန်ကုန် ကြည့်မြင်တိုင် ဘူတာရုံဘက်ထိပ်တွင် တဲကလေး တစ်လုံးဖြင့် ကုန်ဆုံးခဲ့ရသူ ကြွေ

ဘားမယ်ကြွေသည် တစ်ခေတ် တစ်ခါတုန်းက မြန်မာ အမျိုးသမီးတို့၏ ဂုဏ်ကို ဆောင်ပြနိုင်ခဲ့သော အမျိုးသမီး အနုပညာရှင် တစ်ဦး ဖြစ်သည်။ မြန်မာ အမျိုးသမီးများ ခြေသလုံး ပေါ်အောင်ပင် ခပ်မြန်မြန် လှမ်းမသွားဝံ့သေးဘဲ ကြွကြွရွရွကလေး ဆင်မယဉ်သာ သွားနေကြရသော ခေတ်ထဲတွင် ဘားမယ်ကြွေသည် အားနွဲ့သူအဖြစ် သတ်မှတ်ခံနေကြရသည့် ခေတ်ကို ပြောင်းလဲ တော်လှန်ခဲ့သူ ဖြစ်သည်။

ဘားကျွမ်း ပညာရပ်တွင်သာ ထူးချွန်သည် မဟုတ်။ အဆို၊ အက အနုသုခုမ ပညာတွင်လည်း ထူးချွန်ခဲ့သူ ဖြစ်သည်။ မြန်မာ့ ဆပ်ကပ်လောက၏ ခေတ်ရှေ့ပြေး၊ မြန်မာ့ ကျွမ်းဘားလောက၏ ခေတ်ရှေ့ပြေး ကျွမ်းဘား ပညာသည်ကြီး တစ်ဦး ဖြစ်သည်။

တရုတ်လူမျိုး ဦးညွန့်နှင့် ထားဝယ်သူ ဒေါ်ငြိမ်းတို့မှ (၁၂၆၇) ခု၊ ပြာသိုလဆန်း (၁၀) ရက်၊ ဗုဒ္ဓဟူးနေ့တွင် မွေးဖွားခဲ့သည်။ သမီး နှစ်ယောက်ရှိရာ အကြီး မယ်ကျင်နှင့် အငယ်ကို ကြွေရုပ်ကလေးနှင့်တူ၍ မယ်ကြွေဟု မှည့်ခဲ့သည်။

ကြွေရုပ်ကလေးလို လှသော်လည်း ကလေးဘဝကတည်းက ငြိမ်ငြိမ်သက်သက် ကစားလေ့မရှိ။ ခုန်ပျံပြေးလွှား ကစားခြင်းမျိုးကိုသာ ကစားလေ့ရှိသည်။ ရွယ်တူမိန်းကလေးများသည် မယ်ကြွေနှင့် ယှဉ်ပြီး မကစားချင်ကြ။ မယ်ကြွေက ကစားကြမ်းသည်။ ယောက်ျားကလေးများနှင့် အပြိုင်အဆိုင် ကစားနိုင်သည်။

မယ်ကြွေ (၇) နှစ်အရွယ်တွင် ဖခင်ဦးညွန့် ကွယ်လွန်၍ မိခင်ဒေါ်ငြိမ်းမှာ လူလားမမြောက်သည့် သမီးနှစ်ယောက်နှင့် အားကိုးရာမဲ့ ဖြစ်ခဲ့လေသည်။ ထိုအချိန်က မန္တလေးမြို့မှ ကျွမ်းဘားဆရာ ဆရာကျော် ဆိုသူသည် အထက်အောက် မြန်မာပြည်တစ်ခွင် လှည့်လည်၍ ကပြရင်း တနင်္သာရီတိုင်း၊ ထားဝယ်မြို့သို့ ရောက်ခဲ့လေသည်။

မယ်ကြွေ၏ မိသားစုသည် ကျွမ်းဘားပွဲသို့ သွားရောက် ကြည့်ကြသည်။ အိမ်ပြန်သောအခါ မယ်ကြွေသည် ဆရာကျော် ကျွမ်းဘားကပြပုံကို အတုယူ၍ အိမ်ထဲ၊ ခြံထဲ၌ အမျိုးမျိုး ဖုံဖုံ ခုန်ပျံ ကစားလေတော့သည်။ မယ်ကြွေသည် ဆရာကျော် ကျွမ်းဘားကို ပို၍ ပို၍ စိတ်ဝင်စားလာသည်။ တစွဲလမ်းလမ်း တမ်းတမ်းတတ ဖြစ်လာသည်။ ဆရာကျော်ထံ ပညာသင်ချင်ကြောင်း မိခင်ကို နားပူသည်။ မိခင်က ထိုခေတ် အခြေအနေအရ “ဒါ မိန်းကလေးအလုပ် မဟုတ်” ဟုဆိုပြီး ခွင့်မပြုခဲ့ပေ။

မယ်ကြွေခမျာ မူလဗီဇ အရင်းခံ ဝါသနာအရ ကျွမ်းဘား မသင်ရလျှင် မနေနိုင်အောင် ဖြစ်ခဲ့ရသည်။ မိခင်ဖြစ်သူမှာလည်း မယ်ကြွေ၏ ဆန္ဒကို တားမရသည့်အဆုံး လိုက်လျော ခွင့်ပြုရတော့သည်။ ဒေါ်ငြိမ်းသည် သမီး၏ ဆန္ဒအတိုင်း ဆရာကျော်ထံ သွားရောက်ပြီး သမီးကို ပညာ သင်ပေးပါရန် တောင်းပန်ရသည်။ ဆရာကျော်သည် မယ်ကြွေကို အကဲခတ်ကြည့်ရာ အရွယ်နှင့် မလိုက်အောင် လျင်မြန်ဖျတ်လတ် သွက်လက် ချက်ချာသည်။ မျက်စိရှင်သည်။ မှတ်ဉာဏ်ကောင်းသည်။

ရုပ်ရည်သန့်သည်။ အသားအရေ လှသည်။ လုပ်ရဲကိုင်ရဲသည်တို့ကို အကဲခတ်မိသဖြင့် ကျွမ်းဘားပညာကို လက်ခံသင်ကြား ပေးတော့သည်။ (၃)ရက်မျှ သင်ရုံနှင့် စည်ပိုင်းအကကို ပိုင်နိုင်စွာ ကပြနိုင်သည်။ ထို့ကြောင့် ဆရာကျော်သည် မယ်ကြွေကို ထားဝယ်မြို့ လက်ခတ်တောင် ဘုရားပွဲတွင် ပထမဆုံး ကပြစေခြင်းဖြင့် ပွဲထုတ်လေသည်။

ဝါသနာကြီးလာသော မယ်ကြွေသည် ပထမဆုံး ပွဲဦးထွက်ညမှာပင် ကြောက်ရွံ့ တုန်လှုပ်ခြင်း မရှိဘဲ ရဲဝံ့စွာ ကပြနိုင်သဖြင့် ပရိသတ်များ၏ အားပေးခြင်းကို ခံယူရသည်။ ထိုစဉ်က မယ်ကြွေမှာ အသက် (၈) နှစ်ပင် မပြည့်သေးပေ။ ဆရာကျော်၏ ကျွမ်းဘားအဖွဲ့သည် ထားဝယ်မြို့မှ မြိတ်၊ ရေး၊ မော်လမြိုင်မြို့များသို့ လှည့်လည် ကပြလေသည်။

မိခင်ကို ဇွတ်ပူဆာသဖြင့် မိခင်မှာ လိုက်လျောရန် အခက်ကြုံနေသည်။ ဆရာကျော်ကလည်း မယ်ကြွေ၏ အရည်အချင်းကို အကဲခတ်မိသဖြင့် လက်မလွှတ်ချင်ပေ။ ပညာစုံအောင် သင်ပေးပြီး အသုံးချပါက သူ့အတွက် အလွန် အသုံးဝင်မည်ကို မြင်သည်။ ထိုခေတ်က အမျိုးသမီး ကျွမ်းဘားပညာရှင်ဟု မြန်မာပြည်တွင် မရှိသေးပေ။

နောက်ဆုံး ဆွေမျိုးများ၏ သဘောတူညီမှုကို ယူကာ မိခင်သည် ခွင့်ပြုလိုက်ရသည်။ ကော့သောင်းမြို့တွင်ကပြီးနောက် ထိုင်းဘက်သို့ (၃) လကြာမျှ သွားရောက် ကပြခဲ့ရသည်။ မုဆိုးမ မိခင်ကြီး ဒေါ်ငြိမ်းမှာ သမီးနှင့် ရင်အုပ်မကွာ လိုက်ပါရလေသည်။

ရက်ပိုင်းမှ လပိုင်း၊ လပိုင်းမှ နှစ်ပိုင်းသို့ ရောက်လာသောအခါ မယ်ကြွေသည် ကျွမ်းဘား အကမျိုးစုံကို တတ်မြောက်လာသည်။ ဝါသနာကြီးလှသည့်အတိုင်း ဇွဲနပဲကြီးစွာ သင်ယူသည်။ ဆရာကျော်က စည်တော်အက၊ နားပန်းဆံ အကများကို သင်ပေး၍ ကြားညှပ် ကစေသည်။

နားပန်းဆံ ကပြီးနောက် ဆရာကျော်သည် မယ်ကြွေ၏ နားပန်းဆံ နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ကျွမ်းဘား ပညာစွမ်းကို ဆက်၍ ပြသသည်။ မယ်ကြွေကလေး၏ နားပန်းဆံ နှစ်ဖက်ကို ဆုပ်ထားသော လက်ဖြင့် လျင်မြန်စွာ လှည့်ပတ်ပေးသည်။ မယ်ကြွေကလေးမှာ ရဟတ်ယာဉ်ကဲ့သို့ ချာချာလည်လျက် ရှိသည်။ ဤပြကွက်ကြောင့် ပရိသတ်က မယ်ကြွေကို သနားကြသည်။ မယ်ကြွေ ကပွဲကပြရာ၌ ပင်ပန်းခံနိုင်သည်။

အနာအကျင်လည်း ခံနိုင်သည်။ အောင့်အည်း အံကြိတ်၍ ခံနိုင်သော ဇွဲသတ္တိကို မွေးသည်။ ပရိသတ်၏ သြဘာ လက်ခုပ်သံကြားတွင် မယ်ကြွေကလေး၏ ပင်ပန်းခြင်း၊ နာကျင်ခြင်း ဝေဒနာများ ပျောက်ကုန်သည်။ ပုလင်းပေါ်တွင် တင်ပါးလွှဲထိုင်ရသော အကမျိုးတွင် တင်ပါးခွက်ထဲ၌ အလွန် နာကျင်ခဲ့သည်။ တစ်ကိုယ်လုံး၏ အလေးချိန်သည် ပုလင်း၏ နှုတ်ခမ်းဝပေါ်တွင် ခိုင်မြဲနေရသဖြင့် ငုတ်တိုင်ပေါ် ဖိထိုင်ထားသလို နာကျင်လှသည်။

အနာခံပြီး ပွဲကြည့် ပရိသတ်၏ ကျေနပ်အားရမှုကို ရအောင် မယ်ကြွေက ကြိုးစားရှာသည်။ ထို့ကြောင့် ပရိသတ်က မယ်ကြွေကို စွဲကြသည်။ မယ်ကြွေသည် ဆရာကျော်ထံမှ ကျွမ်းဘား ပညာရပ်ကို ဆည်းပူးရင်း ထက်အောက် မြန်မာပြည် အရပ်ရပ်သို့ လိုက်လံကပြခဲ့ရသည်။ တစ်ညလျှင် ညကြေး ၁ဝိ/-သာ ဆရာက ပေးသည်။

မယ်ကြွေ အသက် (၁၅) နှစ် အရွယ်သို့ ရောက်သောအခါ ကိုယ်ပိုင် ကျွမ်းဘားအဖွဲ့ ထောင်၍ “အာဇာနည် ဘားမယ်ကြွေ” ဟူသော အမည်ဖြင့် ကပြလေသည်။ ဆရာကျော်နှင့် ကစဉ်က ကိုယ့်အခန်းပြီးလျှင် တာဝန် မရှိတော့ပေ။

ကိုယ်တိုင် ခေါင်းဆောင်ရသောအခါ တာဝန်များ ပိုလာသည်။ ယခင်ကထက်ပို၍ ကြိုးစားရသည်။ ပို၍ စွန့်စား ကပြရသည်။ ထိုခေတ်က အမျိုးသမီး ကျွမ်းဘားပညာရှင်ဟု မယ်ကြွေ တစ်ယောက်သာ ထူးထူးချွန်ချွန် ပေါ်ပေါက်ခဲ့၍ မယ်ကြွေ၏ အမည်သည် ထက်အောက် မြန်မာနိုင်ငံတွင် ကျော်ကြားခဲ့သည်။ “အာဇာနည် ဘားမယ်ကြွေ” ဆိုလျှင် မသိသူ မရှိပေ။ စာရေးဆရာ ကောလိပ်ရွှေ ရေးစပ်ပေးသော မယ်ကြွေ၏ အာဇာနည် သီချင်းမှာလည်း ကလေး၊ လူကြီး ပါးစပ်ထဲတွင် ခေတ်စားနေသည်။

အာဇာနည်သီချင်း၊ ဘားမယ်ကြွေ လာပါပြီ အေးချမ်းတော့မည်၊ အာဇာနည် ဘားမယ်ကြွေ လာပါပြီ အေးချမ်းတော့မည်။ တစ်ဖုံနွှဲလို့ တနဲဆင်သည် ရှုမြင်သူအများတို့ စိတ်ကြည်၊ ကြွလာသမျှ ဆုတောင်းပါသည်၊ ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ပါစီ။

(တိုင်းနိုင်ငံ မြန်မာပြည်၊ အေးချမ်းပါတော့မည်၊ စိတ်ကြည် လက်ကြည် ချမ်းသာတော့မည်)၂၊ ဘားမယ်ကြွေ ဆုမွန်တောင်းခဲ့ပြီ။ စုံစုံညီညီ ကရပါတော့သည်။ တစ်ဖုံစီ နွှဲခဲ့ပြီ။ (လာပါပြီ၊ အာဇာနည် တာတာရှည် မြန်မာပြည်။ လာပါပြီ၊ အာဇာနည် ကြာကြာလေ ကောင်းလေ သစ်မည်)၂၊ ဘားမယ်ကြွေ ဆုမွန်တောင်းခဲ့ပြီ။ သြော် ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ပါစီ။ (မြန်မာပြည်ကြီး စည်ကားပါလို့၊ ရွှေမိုးရွာမည်)၂

(သြော် …သုခချမ်းသာ ဘေးဘယာ ဝေးကွာသည်။ ပြည်လုံးနယ်လုံး အေးမြကြည်)၂၊ ထူးပါတဲ့၊ ဆန်းပါတဲ့ စာကိုရေးကာစီ၊ ဘားမယ်ကြွေ ဆုမွန်တောင်းခဲ့သည်။ သြော် … ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ပါစီ။ (၉၆ ဖြာ ရန်ဘယာ ကင်းရှင်းသည်။ တို့မြန်မာပြည် အလွန်ပဲ၊ တကယ်ပဲ သာယာစည်)၂၊ ဘားမယ်ကြွေ ခါတိုင်းနှစ်နှင့် မတူပါပြီ။ များမေတ္တာရည်၊ တစ်ဖုံစီ နွှဲခဲ့ပြီ၊ စုံလင်ပါပေသည်၊ ကရပါတော့မည်၊ ပြရပါတော့မည်။ တစ်ကမ္ဘာလုံး အေးကြည်ကြည်။

မယ်ကြွေ ကရသော နည်းအဖုံဖုံကလည်း စုံလှပေသည်။ သစ်သားစည်ပိုင်းကို ခြေနှစ်ချောင်းဖြင့် အချက်ကျကျ အနေအထား အမျိုးမျိုး ခတ်ပြရသည်။ ရှေ့ကျွမ်း၊ နောက်ကျွမ်း ပစ်၍ ပြရသည်။ ကျွမ်းပစ်သည့်အခါ ခြေစုံရပ်သည့် နေရာမှ ပစ်လိုက်သည့် ကျွမ်းသည် ၄င်းနေရာတွင် ခြေစုံပြန်ကျအောင် ပစ်ပြရသည်။

ကင်းမြီးကောက် ထောင်ပြီး ဇာတ်ခုံပေါ်တွင် ခြေနှစ်ဖက်နှင့် လျှောက်နေသကဲ့သို့ လက်နှစ်ဖက်ပေါ်တွင် ကိုယ်အလေးချိန်ထားပြီး လျှောက်ပြရသည်။ ထောင်ထားသော ခြေနှစ်ချောင်း ကိုလည်း ဆိုင်းချက်နှင့် အမျိုးမျိုး လှုပ်ပြရသည်။ ပုလင်းကို အသုံးပြုပြီး ကျွမ်းဘား ဆယ်မျိုးမက ပစ်ပြရသည်။

ထောင်ထားသော ပုလင်းသုံးလုံးပေါ်တွင် အိပ်ပြသည်။ ပထမပုလင်း တစ်လုံးကို ယူ၍ ညာဘက် တင်ပါးဖြင့် ဖိထိုင်လိုက်သည်။ ညာဘက် လက်ဖြင့် ပုလင်းတစ်လုံးကို အသင့် ကိုင်ထားသည်။ ဘယ်ဘက် လက်ဖြင့် ကျန်ပုလင်း တစ်လုံးကို ယူကာ ဘယ်ခြေကို ညာခြေပေါ်သို့ တင်ပြီး ညာခြေမျက်စိကို ပုလင်းပေါ်သို့ တင်လိုက်သည်။

တင်ပြီးနောက် ဘယ်ဘက်လက်ကို လွှတ်ထားသည်။ ထို့နောက် ညာဘက်လက်က ကိုင်ထားသော ပုလင်းကို အသာ ထောင်ထားပြီး ညာတံတောင်ဆစ်နှင့် ထောက်ကာ ပုလင်းပေါ်တွင် အိပ်ပြသည်။ ဘယ်တစ်ကြိမ်၊ ညာတစ်ကြိမ် အပြောင်းအလဲ ပြုလုပ်ပြသည်။ စီးကရက်ကို မီးညှိ သောက်ပြလိုက်ရသေးသည်။ ပုလင်းနှင့် ပြကွက်သည် မယ်ကြွေအဖို့ အပင်ပန်းဆုံး ဖြစ်သည်။ ပုလင်းကွဲ မရှအောင် ကိုယ်ခံဆေးများလည်း ဆောင်ရသေးသည်။ ကောင်းကင်ဘားကိုလည်း နှစ်ဆင့်ဘား၊ သုံးဆင့်ဘားအထိ မယ်ကြွေက သက်စွန့်ဆံဖျား ကပြနိုင်သည်။ ထိုသို့ ကပြရင်း ကကွက် ပြကွက်နှင့် လိုက်သော တေးသွားကို ကိုယ်တိုင် သီဆိုလေသည်။

“အများမှတ်မိစရာ ဘားမယ်ကြွေ လာပြီလေ၊ သနားချစ်ကြဖို့ပါ၊ တိုင်းတစ်ခွင် ပေါ်ထင်ပေ၊ ထူးပါပေ၊ ဆန်းပါပေ ရှုတိုင်းယဉ် သာပါပေရဲ့ မြန်မာပြည်နေ တို့တစ်တွေ၊ ညီကြသီကြဖို့လေ တို့ဗမာတစ်တွေ အားလုံးညီကြစေ” ကျွမ်းဘားအကကို သီချင်းဆို၍ ကပြရာ၌ သီချင်းစာသားကလည်း အမျိုးသား ညီညွတ်ရေးအတွက် လှုံ့ဆော်ထားသည်ကို တွေ့ရသည်။ သီချင်း ရေးစပ်ပေးသည့် သူကလည်း ခေတ်အခါနှင့်လိုက်၍ မြန်မာတွေ စည်းလုံးညီညွတ်ကြစေဖို့ စာသားများ ထည့်သွင်း ရေးစပ်ပေးသည်။

မယ်ကြွေကလည်း ကျွမ်းဘားအကကို သည်းထိတ်ရင်ဖို ကပြရင်း တစ်ဖက်က နိုင်ငံရေး လှုံ့ဆော်တေးကို ဟန်ပါပါ၊ မာန်ပါပါ သီဆိုပြရပေရာ လွယ်ကူသည့် အလုပ် မဟုတ်ပေ။ ပရိသတ်ကမူ တခဲနက် ဩဘာပေးကြသည်။ ကြိုးတန်းပေါ် လမ်းလျှောက်ကာ ဆိုင်းချက်နှင့် ကပြခြင်းသည် မြင်ရသူများအတွက် အသည်းထိတ်စရာ ဖြစ်သည်။ ယခုခေတ် ဘားဆပ်ကပ်များကဲ့သို့ အောက်က ပိုက်ခံထားခြင်း မရှိပေ။ ကြိုးတန်းပေါ်တွင် ကြိုးတန်းလျှောက်ကာ သီချင်းကို ကိုယ်တိုင်ဆိုပြီး တီးကွက်အလိုက် ကပြရသေးသည်။

ဝါးလုံးနှင့် နည်းမျိုးစုံ ကပြရသည့် မယ်ကြွေ၏ ဝါးလုံးကျွမ်းဘား ကကွက်ဆန်းမှာလည်း ထိုခေတ်က နာမည်ကြီး ကကွက်တစ်ခု ဖြစ်သည်။ ထိုကဲ့သို့ အံ့မခန်းသော ကျွမ်းဘားအကများဖြင့် ဒေါင်းသီချင်းနှင့် ဒေါင်းအကကို လည်းကောင်း ကပြခြင်းဖြင့် ကျော်ကြားခဲ့သည်။ ဒေါင်းအကကို ပရိသတ် အကြိုက်ဆုံး ဖြစ်သည်။

မယ်ကြွေဆိုသော သီချင်းအားလုံးကို ဆိုင်းဆရာ၊ သီချင်းဆရာဖြစ်သော ကောလိပ်ရွှေက စပ်ဆိုပေးသည်။ မယ်ကြွေသည် ကျောင်းမနေခဲ့၍ စာမတတ်။ (၇) နှစ်သမီးက ဇာတ်ခုံပေါ် တက်ခဲ့၍ စာပေနှင့် မနီးစပ်ခဲ့။ သို့သော် မှတ်ဉာဏ်က ထက်သန်သည်။ ဆရာက သီချင်းကို နှစ်ခေါက်မျှ တိုက်ပေးလျှင် နှုတ်တိုက်ဖြင့် အရကျက်ခဲ့သူ ဖြစ်သည်။ မယ်ကြွေက လုံ့လဝီရိယ ကြီးသည်။

ညဘက် ပွဲကပြီး နေ့ဘက် တစ်နေ့လုံး မအိပ်။ တစ်ရေး တစ်မောသာ အိပ်ပြီး ကျွမ်းဘားကို လေ့ကျင့်သည်။ သီချင်းများကို တိုက်သည်။ ထိုကြိုးစားမှုကြောင့် ပရိသတ် အားပေးမှု ခံယူနေရခြင်း ဖြစ်သည်။ တစ်နေရာတည်း ပွဲ (၃) ည ကလျှင် တစ်ညတစ်မျိုး မထပ်ရအောင် ကခဲ့သဖြင့် ပရိသတ်ကလည်း နှစ်သက်သည်။ တစ်ခိုင်လုံးရွှေ ဇာတ်ကားတွင် ဘားမယ်ကြွေသည် ရွှေလိပ်ပြာအကဖြင့် တစ်ခန်း ပါဝင် ရိုက်ကူးပေးရဖူးသည်။

လူပျံအကသည် စက်သီးကြိုးဆွဲ၍ ကရသဖြင့် အလွန်ပင်ပန်းသော အက ဖြစ်သည်။ စက်သီးကြိုးနှင့် လေထဲတွင် ပျံဝဲကပြချိန်မှာ တစ်နာရီခန့် ကြာသည်။ တစ်ကိုယ်လုံး၏ အလေးချိန် ဆွဲနှောင်မှုကြောင့် စက်သီးဖြင့် လူပျံအက ကရလွန်းသဖြင့် မယ်ကြွေမှာ ဆီးအောင့်ရောဂါ ဖြစ်သည်။ သို့သော် မယ်ကြွေက ရောဂါကို မမှု။ ကြိုးစား၍သာ ပရိသတ်အကြိုက် ကရှာသည်။ မယ်ကြွေ၏ စွမ်းစွမ်းတမံ ကြိုးစားမှုကြောင့် ပို၍ ပို၍ ကျော်ကြားခဲ့သည်။

ကတ္တီပါ အဝါပြောက် ကျားသစ်ဆင်ကို ဝတ်ဆင်ပြီး ကျားသစ်မယ်အသွင် ကကွက်ထွင်၍ ကခြင်းသည် ထိုစဉ်က မယ်ကြွေ အသက်အရွယ်၊ ကိုယ်လုံးကိုယ်ပေါက်နှင့် ကိုယ်ကျပ်အင်္ကျီ ဝတ်ဆင်မှုကြောင့် ပကတိ ကျားသစ်မလေးအသွင် အထင်ရောက်ကာ အမျိုးသား ပရိသတ်ကြီးက အစွဲကြီး စွဲခဲ့သော ကကွက်တစ်ခု ဖြစ်သည်။

မယ်ကြွေ အသက် (၁၆) နှစ် အရွယ်က လေးနိုင်ငံမင်းကြီး (ရခိုင်၊ တနင်္သာရီ၊ ပဲခူး၊ တောင်ငူ တိုင်းလေးတိုင်းကို အုပ်ချုပ်ရသော အရေးပိုင်) မစ္စတာ ဖယ်ယာသည် မယ်ကြွေကို ရွှေဒင်္ဂါး ငါးပြားစီး တစ်ပြား ဆုချခဲ့သည်။ ပွဲကကြေးငွေအပြင် တစ်ည တစ်ည ဆုချကြသော ပိုက်ဆံမှာ နှစ်ရာ သုံးရာမျှ ရသည်။

စီးပွားရေးသမားများကလည်း တိုင်းချစ်၊ ပြည်ချစ် နိုင်ငံကျော် ဘားမယ်ကြွေကို ၄င်းတို့၏ ကုန်ပစ္စည်း ကြော်ငြာရန်အတွက် သီချင်းစပ်ပေးပြီး ကြော်ငြာခိုင်းသည်။ တစ်ညလျှင် ၂၅/- တိတိ ပေးသည်။ ထိုသို့ဖြင့် အာယုဒီဃ ဆေးတိုက်ပိုင်ရှင် ဦးတန်ဆိုင်၏ အာယုဒီဃ ဆေးကြော်ငြာ သီချင်းကိုလည်း သီဆို ကြော်ငြာပေးခဲ့သည်။

မယ်ကြွေသည် ရသမျှ ပိုက်ဆံများကို မိခင်ကြီးအား အားလုံး အပ်လေသည်။ မယ်ကြွေနှင့်အတူ လိုက်ပါ ကပြရသော လူရွှင်တော်များမှာလည်း လာဘ်ရွှင်လျက်ရှိသည်။ မယ်ကြွေကို ပိုးပန်းသူများက မယ်ကြွေအတွက် လက်ဆောင်ပဏ္ဏာများ ပေးသည်ကို လက်ခံ၍ ဝါသနာနှင့် ဝမ်းရေးအတွက် ကပြရသော်လည်း ကိုယ်ကျင့်တရားကို အစွန်းအထင်း မခံခဲ့ပေ။

မြင်းခြံမြို့တွင် ပွဲကစဉ်က ဝန်ထောက်သား တစ်ယောက်နှင့် မြို့အုပ်သား တစ်ယောက် မယ်ကြွေကို ပိုးကြသည်။ သူ့ကို ပြန်ကြိုက်သည်၊ ငါ့ကို ပြန်ကြိုက်သည် စသဖြင့် အငြင်းအခုံ ဖြစ်ရာက မြို့အုပ်သားကို ဒါးနှင့် ထိုးသောကြောင့် အမှုဖြစ်ပြီး ရုံးရောက်ရသည်။

ထိုဖြစ်ရပ်ကို အစက မယ်ကြွေ ဘာမျှမသိ။ သိသောအခါလည်း အလွန် စိတ်ထိခိုက်ရသည်။ ထိုနှစ်ဦးစလုံးနှင့်လည်း မပတ်သက်ခဲ့။ ၄င်းတို့ဘာသာ တစ်ဖက်သတ် ဖြစ်ခဲ့ကြခြင်း ဖြစ်သည်။ ထိုစဉ်က မယ်ကြွေအဖို့ စန်းထချိန်ဟု ဆိုရပေမည်။ ထိုအချိန်အထိ မယ်ကြွေမှာ ချစ်သူ မရှိခဲ့သေးချေ။

ရန်ကုန်မြို့ ကော်မရှင်နာလမ်း (ယခု ဗိုလ်ချုပ်လမ်း)၊ မော်လမြိုင် ကျောင်းတိုက် အတွင်းတွင် ပွဲကစဉ် မယ်ကြွေသည် ဖူးစာရှင်နှင့် ဆုံခဲ့ရလေသည်။ သူ့အမည်မှာ ကိုသိန်းမောင် ဖြစ်သည်။ ပွဲကန်ထရိုက်တာ ဦးမောင်ရွှေမှ တစ်ဆင့် သိခဲ့ရခြင်း ဖြစ်သည်။

မယ်ကြွေကို ပိုးပန်း၍ ချစ်ခွင့်ပန်သူ ဝိုင်းဝိုင်းလည်ခဲ့သည်။ မယ်ကြွေက စိတ်မဝင်စားခဲ့။ ဂရုမစိုက်ခဲ့ပေ။ ကိုသိန်းမောင်နှင့်ကျမှ ချစ်ရည်မျှခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က မယ်ကြွေ (၁၈)နှစ်သာ ရှိသေးသည်။ ကိုသိန်းမောင်ကလည်း သူတတ်အားသမျှ ရွှေဆံထိုးတစ်ချောင်း ပြုလုပ်ပြီး ချစ်လက်ဆောင် ပေးခဲ့သည်။ သူတို့ ချစ်ခြင်းကို မိခင်ကြီး ဒေါ်ငြိမ်း သိသွားသည်။ မိခင်ကြီးက ကိုသိန်းမောင်နှင့် သဘောမတူ။ ထို့ကြောင့် တားမြစ်သဖြင့် ချစ်သူချင်း မတွေ့ကြရ။

ပွဲကန်ထရိုက်တာ ဦးမောင်ရွှေမှ တစ်ဆင့် ချစ်သူ၏ ရွှေဆံထိုးကို တုံ့ပြန်သော အနေဖြင့် ရွှေကြယ်သီးတစ်စုံ ပေးလိုက်မိသည်။ ဤကိစ္စ မိခင်ကြီး သိသွား၍ ပို၍ ဆူပူကြိမ်းမောင်းခြင်းခံရသည်။ တခါမျှ မချစ်ဖူးဘဲ အချစ်ဦးမို့ အချစ်ရူး ရူးနေသော မယ်ကြွေသည် မိခင်ကြီး မရှိခိုက် ရင်ဝကို ဒါးမြှောင်ဖြင့် ထိုး၍ ‌ေ-သကြောင်းကြံသည်။ ပွဲကန်ထရိုက်တာ ဦးမောင်ရွှေ ရောက်လာပြီး ကယ်လိုက်၍သာ ရင်ဝတွင် သွေးစို့ရုံမျှသော ဒါးဒဏ်ရာကို ရရှိသည်။

ထိုဖြစ်ရပ်ကို မိခင်ကြီး သိသွားသောအခါ သမီးအား မဆူပူတော့ဘဲ ဖျောင်းဖျောင်းဖျဖျဖြင့် ဆုံးမလေသည်။ မယ်ကြွေလည်း အမြင်မှန်ရကာ မိခင်စကားကိုသာ နားထောင်ပါမည်ဟု ဝန်ခံ၍ ကိုသိန်းမောင်အပေါ် ထားခဲ့သည့် အချစ်များကို မျက်ရည်ဖြင့် မျှောချလိုက်တော့သည်။

မယ်ကြွေသည် ကိုယ်ပိုင် ကျွမ်းဘားအဖွဲ့နှင့် ကပြနေရာမှ အခြေအနေအရ ဇာတ်အဖွဲ့များနှင့်လည်း တွဲ၍ ကခဲ့သည်။ မယ်ကြွေ၏ ကျွမ်းဘားနှင့် တွဲကသော ဇာတ်အဖွဲ့များ အနက် ပထမတွဲကသော ဇာတ်မှာ စက္ကင်းစိန်ဇာတ် ဖြစ်သည်။

ထို့နောက် ဦးဖိုးစိန်ကြီး၊ ဦးစပယ်တင်၊ ဦးဗလစိန်ကြီး၊ ဦးအောင်ငြိမ်း၊ ဦးအောင်မောင်း၊ မန္တလေးကြီးရွှေကြီးငွေ၊ ဦးစပယ်အံ့၊ မော်လမြိုင် ရွှေသိန်း၊ စာတော်ပြန် ရွှေဘုတ်၊ ဦးစိန်ကတုံး၊ အမယ်ကြီးအို အောင်စိန် စသော ဇာတ်အဖွဲ့များနှင့် တွဲကခဲ့သည်။

ထိုဇာတ်အဖွဲ့များက မယ်ကြွေကို ငှားရမ်းပြီး သီးသန့်ကပြစေသည်။ ပရိသတ်က မယ်ကြွေကို တောင့်တ မျှော်လင့်သည် ဖြစ်၍ ဇာတ်အဖွဲ့များက ပရိသတ်အကြိုက် စီစဉ်ခြင်းဖြစ်သည်။ မယ်ကြွေကလည်း ကိုယ်ပိုင်ဇာတ်ဆိုလျှင် အဘက်ဘက်က တာဝန်ကြီးလွန်း၍ အခြားဇာတ်များနှင့် တွဲကခြင်းဖြစ်သည်။

ဇာတ်များနှင့် တွဲကလျှင် ရှေ့ပိုင်း မိမိအခန်း ပြီးသော်လည်း နောက်ပိုင်းဇာတ်အတွက် ဇာတ်ရံ (သို့) ဇာတ်ဆောင် လိုနေပါက ကိုယ်နှင့်မဆိုင်ဟု သဘောမထားဘဲ မခိုမကတ် မေတ္တာသက်သက်ဖြင့် ကူညီ ကပေးတတ်သည်။ ဟင်္သာတတွင် မင်းသား စာတော်ပြန် ရွှေဘုတ်နှင့် သွားကစဉ်က ဖြစ်သည်။ မင်းသား စာတော်ပြန် ရွှေဘုတ်နှင့် မင်းသမီး ဥက္ကံစိန်ရင်တို့ နှစ်ပါးသွား ထွက်ကရတော့မည့် အချိန်တွင် မင်းသား ရုတ်တရက် ဗိုက်အောင့်၍ ပွဲထွက်မကနိုင်တော့ချေ။

မယ်ကြွေက မင်းသားအသွင် ဝတ်ဆင်ပြီး မင်းသမီး ဥက္ကံမစိန်ရင်နှင့် နှစ်ပါးသွား ထွက်ကလိုက်သည်။ နှစ်ပါးသွား သီချင်းနှင့် တီးလုံးအလိုက်ကို ရပြီးဖြစ်သည်။ မင်းသားလိုလည်း ကတတ်သည်။ မယ်ကြွေတွင် ဇာတ်ပညာလည်း ရှိသည်။

ဦးအောင်မောင်းနှင့် တွဲကစဉ်က မြန်မာအဝတ် ဝတ်ဆင်ပြီး ရဲတပ်သီချင်းနှင့် သီဆို ကပြခဲ့ဖူးသည်။ အမယ်ကြီးအို အောင်စိန်ဇာတ်နှင့် ရေနံချောင်းကို သွားကစဉ်က အလုပ်မရှိသော အင်္ဂလိပ် အမျိုးသားလေး တစ်ယောက်ကို တစ်လ ၁၀ဝိ/- ပေးပြီး ခေါ်ခဲ့သည်။ ဇာတ်ရုံအလုပ်များကို လုပ်ခိုင်းသည်။ ဗမာစကား ရေလည်စွာ တတ်အောင် အပြောသင်သည်။ အဆို၊ အကပါ သင်ပေးပြီး “အင်္ဂလိပ်စိန်” ဟူသော အမည်ဖြင့် ဇာတ်ဖွဲ့တစ်ဖွဲ့ တည်ထောင်ပေးသည်အထိပင် ဖြစ်သည်။

မယ်ကြွေ အသက် (၂၀) အရွယ်တွင် မွတ်စလင် ကိုဘထွန်းနှင့် အိမ်ထောင်ကျသည်။ ကိုဘထွန်းသည် ပျဉ်းမနားမြို့က ဟာဂျီဦးမင်းဒင်၏သား ဖြစ်သည်။ ဆူးလေဘုရား တောင်ဘက်မုခ် တန်ဆောင်း ရေစက်ချပွဲ၌ ကပြသော မယ်ကြွေ၏ ကျွမ်းဘား အဆိုအကကို နှစ်သက်သော ဦးမင်းဒင်သည် ရန်ကုန် ၃၉ လမ်းရှိ သူ၏တိုက်သို့ အဆိုတော်များနှင့် တီးဝိုင်းသမားများကို မယ်ကြွေနှင့်အတူ ဖိတ်ခေါ်ပြီး ဆိုတီးကြစေသည်။

မယ်ကြွေ၏ ရုပ်ရည်ကို သဘောကျနေသော ကိုဘထွန်းနှင့် ဖခင် ဦးမင်းဒင်တို့သည် မယ်ကြွေ၏ မိခင် ဒေါ်ငြိမ်းကို ပိုက်ဆံ ၁၆၀ဝိ/- နှင့် တင်တောင်းသည်။ သူ့သမီးကို ကောင်းစားစေချင်သော ဒေါ်ငြိမ်းသည် ဘာသာရေး မငဲ့ကွက်ဘဲ သဘောတူလိုက်သည်။

မယ်ကြွေကလည်း မိခင်စကားကို နာခံ၍ ခေါင်းညိတ်ခြင်းဖြင့် ကိုဘထွန်းနှင့် အိမ်ထောင်ကျ လေတော့သည်။ အိမ်ထောင်ကျပြီး တစ်လအထိ မကပြရဘဲ ပျဉ်းမနားသို့ လိုက်ပါ နေထိုင်ရသည်။ ကိုဘထွန်းက ရခါစ ဇနီးချောကလေးကို ပွဲမကစေလို၍ ဇာတ်ပိုင်ရှင် ဦးဖိုးထွန်း၊ ဒေါ်ကြော့ တို့အား စာချုပ်အရ လျော်ကြေးပေးခဲ့သည်။

မယ်ကြွေကလည်း သူမြတ်နိုးသော ဘားကျွမ်း အတတ်ပညာကို မစွန့်ပယ်နိုင်။ သို့နှင့် အိမ်ထောင်ရေး အဆင်မပြေ ဖြစ်ကြသည်။ မယ်ကြွေက သူဝါသနာပါရာ ဘားကျွမ်းကို ပြန်ကမြဲ ကနေခဲ့သည်။ သားသုံးယောက် ရခဲ့သည်။ သားလတ် မောင်ဘာဘူသည် (၄)နှစ် အရွယ်တွင် ဆုံးပါးသည်။ အငယ်ဆုံးသား မောင်ခွေးမှာ (၅) နှစ်သား အရွယ်တွင် ဆုံးပါးသည်။ အိမ်ထောင်ရေး အဆင်မပြေသော မယ်ကြွေသည် ကိုဘထွန်းနှင့် တသီးတခြား နေကြရာမှ ကိုဘထွန်းက အခြား အမျိုးသမီး တစ်ယောက်ကို ယူလိုက်ခြင်းဖြင့် အိမ်ထောင်ရေး ပြိုကွဲသွားသည်။

လင်ကံ၊ သားကံ မကောင်းသော မယ်ကြွေသည် အလုပ်ထဲတွင်သာ ဘဝကို မြှုပ်နှံ ထားလိုက်သည်။ ကုသိုလ်ကံ အကျိုးပေး ကလည်း ကောင်းသဖြင့် လက်ဖျား ငွေသီးခဲ့သည်။ အသက် (၄၀) အရွယ်ထိ ကျွမ်းဘားကို ကတုန်းပင် ဖြစ်သည်။ သားအကြီးဆုံး မောင်စိန်ကြည်မှာ မွေးကတည်းက မသန်စွမ်းရှာ။

မယ်ကြွေမှာ သားတစ်ယောက်အမေ တစ်ခုလပ် ဘဝဖြင့် ဘဝကို ရုန်းကန်ရရှာသည်။ တစ်သက်လုံး မိခင်ကို အားကိုး၍ လာခဲ့သော မယ်ကြွေသည် ယခုအခါ မသန်စွမ်းသော သားနှင့် ရှေ့ခရီးကို ဆက်လျှောက်ခဲ့ရသည်။ ခေတ်အဆက်ဆက် ပြောင်းရင်းဖြင့် တော်လှန်ရေးအစိုးရ လက်ထက် ရောက်လာခဲ့သည်။ ခေတ်အဆက်ဆက် ပြောင်းလာသကဲ့သို့ အသက်အရွယ်နှင့် ရုပ်အဆင်းသည်လည်း မယ်ကြွေအဖို့ ပြောင်းလဲလာပြီ ဖြစ်သည်။ မယ်ကြွေ၏ အဆိုအက ဟန်ပန်အသွင် တို့ကိုလည်း ပရိသတ် နှစ်သက်စွဲလမ်းခြင်းမှ လျော့ရဲလာပြီ ဖြစ်သည်။

ထိုအခါ ဝင်ငွေလည်း လျော့နည်းလိုက်လာသည်။ (၄၈) နှစ်အရွယ်တွင် သူ၏အဆိုအက အနုသုခုမ ပညာဖြင့် ဘဝရပ်တည်မှုအတွက် အသက်မွေးဝမ်းကျောင်းနိုင်ခဲ့သည်။ လောကဓံ အမျိုးမျိုးကိုလည်း ရင်ဆိုင်ခဲ့ရသည်။ မယ်ကြွေအသက် (၅၀) တွင် မသန်စွမ်းသော သားကြီး မောင်စိန်ကြည် အသက် (၃၀) မှာ ကွယ်လွန်သွားသည်။ မယ်ကြွေသည် လောကကြီးတွင် တစ်ယောက်တည်း ကျန်ခဲ့သည်။ ကျရာမှာနေ၍ လောကကို ရင်ဆိုင်နိုင်ခြင်းဖြင့် သင့်ရာကြုံရာ အလုပ်ကို လုပ်ကိုင်ရင်း အသက်မွေး ဝမ်းကျောင်းခဲ့သည်။

ဈေးရောင်းသည့်အခါ ရောင်းသည်။ အဝတ်ချုပ်ခွင့် ကြုံလာလျှင် အဝတ်ချုပ်သည်။ ပွဲလမ်းရှိ၍ လာခေါ်လျှင် ကောက်လိုက်၍ ကပေးလိုက်သည်။ သို့နှင့် အသက် (၆၀) ကျော်လာခဲ့သည်။ သားထောက်သမီးခံလည်း မရှိ၊ ဆွေမျိုးရင်းချာလည်း မရှိ၊ ဆွေမျိုးမကင်းသော ကလေးမလေး တစ်ဦးကို မွေးစား၍ အဖော်သဟဲ ပြုနေရသည်။

တချိန်က လျှမ်းလျှမ်းတောက်ခဲ့သော မယ်ကြွေ၏ ဘဝဆည်းဆာ အချိန်တွင် ရန်ကုန်မြို့ စမ်းချောင်းရပ် ဝါးခယ်မလမ်း ကြည့်မြင်တိုင် ဘူတာရုံဘက်ထိပ်တွင် တဲကလေး တစ်လုံးဖြင့် နေရရှာသည်။ မီးရထားဝင်း မီးရထားလမ်းဘေး တစ်ဝိုက် အလေ့ကျ ပေါက်သည့် သံမနိုင် ကျောက်မနိုင်ပင်များကို နေပူမိုးရွာမရှောင် ရှာဖွေနှုတ်ယူကာ နံနက်ဘက်၌ ရှမ်းလမ်းဈေးတွင် ရောင်းချခြင်းဖြင့် အသက်မွေး ဝမ်းကျောင်း ပြုနေရရှာသည်။

မယ်ကြွေ၏ သံမနိုင် ကျောက်မနိုင် ဈေးဗန်းထဲတွင် နနွင်းမှုန့်၊ ငရုတ်သီးမှုန့်၊ မဆလာမှုန့်များကိုလည်း ငါးပြား၊ ဆယ်ပြားဖိုး လက်လီရောင်းရန် ပါသေးသည်။ (၁၉၈၁) ခုနှစ်တွင် လောင်းလုံမြို့မှ ဆွေမျိုးများက ခေါ်သဖြင့် ထားဝယ်သို့ ပြန်လာခဲ့သည်။ လောင်းလုံမြို့ (ခ) ရပ်ကွက်၊ မြို့မလမ်းတွင် ဆွေမျိုးသားချင်းများနှင့် မှီခိုပြီး နေထိုင်ခဲ့သည်။

(၁၉၈၄) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက် တနင်္လာနေ့၊ နံနက် (၂:၀၀) နာရီ အချိန် အသက် (၇၉) နှစ်တွင် ဘားမယ်ကြွေတစ်ယောက် လူကြီးရောဂါဖြင့် ကွယ်လွန် အနိစ္စ ရောက်ခဲ့လေသည်။ ကိုးကား – ၁။ ဘားမယ်ကြွေ။ [တင်တင်ကြီး၊ (၁၉၇၁) ခုနှစ်၊ စာပေဗိမာန်ပုံနှိပ်တိုက်] ၂။ ထားဝယ်ရေးရာ မှတ်တမ်းပဒေသာ။ [ ရတနာ (ထားဝယ်)] ဆရာမောင်သန်းဆွေ (ထားဝယ်)၊ Ko Kyel Sin (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page