ခွေးခြင်္သေ့ ဖြစ်နေတဲ့ မြန်မာအသင်းလိုဂို၊ ဆက်တိုက်ရှုံးနိမ့်နေမှုနဲ့ ထူးခြားသော တိုက်ဆိုင်မှုများ
လက်ရှိကျင်းပနေတဲ့ အာဆီယံနိုင်ငံများဖလား ဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းအနေနဲ့ မလေးရှား အသင်းကို အဖွင့်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး ဒုတိယပွဲမှာတော့ စင်ကာပူကို ရှုံးနိမ့်ခဲ့ကာ ပြိုင်ပွဲကနေ ထွက်ခွာရဖို့ သေချာသလောက် နီးပါး ဖြစ်နေပါပြီ။
မြန်မာအသင်းရဲ့ ခြေစွမ်းဟာ ၃ နှစ်အတွင်း အနိမ့်ဆုံး အဆင့်ကို ရောက်ရှိနေပြီး ပြိုင်ဖက်အသင်းတိုင်းကို ရှုံးနိမ့်နေတာပဲ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း စုစုပေါင်း ၉ ပွဲကစားပြီးချိန်မှာ ဟောင်ကောင်အသင်းကိုသာ ခြေစွမ်းပွဲမှာ သရေကျဖူးပြီး ကျန်တဲ့ ၉ ပွဲလုံး ရှုံးနိမ့်ထားတာပဲ ဖြစ်ပါတယ်။
မြန်မာအသင်းရဲ့ အရှုံးကျိန်စာဟာ ခြေစွမ်းနဲ့လည်း သက်ဆိုင်သလို မမြင်ရတဲ့ အရာတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ရပါတယ်။ တိုက်ဆိုင်တယ်လို့ ဆိုရမယ့်အတိုင်း ယခု အာဆီယံနိုင်ငံများ ဖလားမှာ အသင်းအလိုက် ကိုယ်စားပြု တိရစ္ဆာန်အကောင်အသီးသီးကို အသင်းလိုဂိုအဖြစ် အသုံးပြုနေပါတယ်။
ထိုင်းဆို ဆင်၊ အင်ဒိုနီးရှားဆို သိမ်းငှက်၊ မလေးရှားဆို ကျား စသဖြင့် သက်ဆိုင်ရာ နိုင်ငံတွေအလိုက် တိရစ္ဆာန်တွေကို ကိုယ်စားပြုထားပါတယ်။ ထိုသို့ သတ်မှတ်ရာမှာ ထူးခြားမှုတခုကတော့ မြန်မာအသင်းနဲ့ စင်ကာပူ အသင်းတို့ကို ခြင်္သေ့လိုဂိုနဲ့ သတ်မှတ်ထားပေမယ့် ခြင်္သေ့ခြင်း ပုံစံမတူဘူး ဖြစ်နေပါတယ်။
စင်ကာပူအသင်း ကိုယ်စားပြု ခြင်္သေ့ကတော့ တကယ့်ခြင်္သေ့နဲ့ တူနေပြီး မြန်မာအသင်း ကိုယ်စားပြု ခြင်္သေ့ကတော့ မြန်မာလို ခွေးခြင်္သေ့နဲ့ သွားတူနေတာပဲ ဖြစ်ပါတယ်။ ထိုင်းနဲ့ လာအိုအသင်းတို့လည်း ဆင်လိုဂိုကို အသုံးပြုထားပေမယ့် အရောင် ခွဲခြားထားတာကို တွေ့ရပါတယ်။
မြန်မာနဲ့ စင်ကာပူကိုလည်း ခြင်္သေ့လိုဂို အရောင်ကွဲ သုံးရင် ရသော်လည်း မြန်မာအသင်းကို ခွေးခြင်္သေ့လိုဂို သုံးရခြင်းဟာ စဉ်းစားစရာ ဖြစ်နေပါတယ်။ အဆိုပါ လိုဂိုကို ၂၀၂၀ အာဆီယံနိုင်ငံများ ဖလားကတည်းက အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ်။
ခွေးခြင်္သေ့လိုဂိုကို စတင်အသုံးပြုခဲ့တဲ့ ၂၀၂၀ ပြိုင်ပွဲကတည်းက မြန်မာအသင်းဟာ တီမောတသင်းကိုသာ အနိုင်ရပြီး ကျန်တဲ့ ပြိုင်ဖက် ၃ သင်းကို အရှုံးပေးခဲ့ရပါတယ်။ “အတိတ်တဘောင်နဲ့ အညီ နိမိတ်ဆောင်ခဲ့ပြီ” ဆိုတဲ့ မြန်မာ့ရိုးရာ စကားပုံအတိုင်း ခွေးခြင်္သေ့ လိုဂိုကို အသုံးပြုနေတာကြောင့် တွေ့သမျှအသင်းတိုင်းကို မြန်မာအသင်း ရှုံးနေတာလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါပြီ။
ခြင်္သေ့လိုဂိုခြင်းအတူတူ အရောင်ကွဲသုံးလို့ ရပေမယ့်လည်း ခွေးခြင်္သေ့လိုဂိုကို တမင်သက်သက် မြန်မာအသင်းအတွက် ရည်ရွယ်ထားခဲ့သလားဆိုတာကတော့ ပြိုင်ပွဲကျင်းပသူတွေသာ အဖြေပေးနိုင်မယ့် မေးခွန်း တခုပဲ ဖြစ်ပါတယ်။
သေချာတာကတော့ ယခုပြိုင်ပွဲမှာ အုပ်စု စတုတ္ထအဆင့် (သို့) အောက်ဆုံး အဆင့်နဲ့ မြန်မာအသင်း ထွက်ခဲ့ရပါက အာဆီယံဒေသအတွင်းမှာ နံပါတ် (၈)၊ (၉) အဆင့်ကို ရောက်ရှိသွားမှာပဲ ဖြစ်ပါတယ်။ တချိန်က အာဆီယံမှာ နံပါတ် (၁) ဖြစ်ခဲ့တဲ့ မြန်မာအသင်းဟာ ရာစုနှစ် တဝက်အတွင်းမှာပဲ ခြေစွမ်းကျဆင်းခဲ့ပြီး ဒေသတွင်းရဲ့ အောက်ဆုံးအဆင့်မှာပဲ တဝဲလည်လည် ဖြစ်နေတာကတော့ ဝမ်းနည်းစရာ အလွန်ကောင်းတယ်လို့ ဖော်ပြလိုက်ရပါတယ် ခင်ဗျာ။ (မြန်မာအသင်းကို သတ်မှတ်ပေးထားတဲ့ ခွေးခြင်္သေ့ လိုဂိုနဲ့ စင်ကာပူအသင်းတို့ရဲ့ ခြင်္သေ့အစစ် လိုဂိုကို ပူးတွဲ ဖော်ပြလိုက်ပါတယ်)