ယိုစိမ့်နေတဲ့ အမိုးနီးယားပိုက်တွေကို အသက်စွန့်ပြီး တဦးတည်းဝင်ပိတ်ခဲ့တဲ့ မြွေဆရာကြီး ကိုတိုးအောင်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၊ အမှတ် (၁၃) ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းမှာ ရတနာစုကုမ္ပဏီပိုင်ရေခဲစက် ကနေ အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှု ယမန်နေ့ည ၉ နာရီ ကျော်တုန်းက ဖြစ်ပွားခဲ့တဲ့နောက် ရန်ကုန်ဆေးရုံကြီးနဲ့ အင်းစိန်ဆေးရုံကြီးတို့ကို လူနာတွေ ပို့ဆောင်ပေးခဲ့ရတယ်လို့ ပရဟိတသမားတွေထံမှ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်ကြောင့် ရန်ကုန်ဆေးရုံကြီးကို လူနာ ၁၂ ဦး၊ အင်းစိန်ဆေးရုံကြီးကို လူနာ ၁၆ ဦး ပို့ဆောင်ခဲ့ရပြီး ‌ေ-သဆုံးသူ မရှိဘူးလို့သိရပါတယ်။ ညတွင်းချင်း နာရီအနည်းငယ်အကြာမှာ ဓာတ်ငွေ့တွေကို ရှင်းလင်းနိုင်ခဲ့ပေမဲ့ လူနေရပ်ကွက်အတွင်းမှာ စက်ရုံရှိနေပြီး ဒီလိုဖြစ်စဉ်မျိုး နောက်ထပ် ထပ်ဖြစ်လာမှာကို ဒေသခံလူထုက စိုးရိမ်မှုတွေနဲ့မေးခွန်းထုတ်မှုတွေရှိနေပါတယ်။

အမိုးနီးယား ဓာတ်ငွေ့ ယိုစိမ့်မှု ဖြစ်စဉ် ဖြစ်ဖြစ်ချင်းမှာပဲ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပရဟိတ အဖွဲ့ဝင်တွေ ချက်ချင်း သွားရောက်ခဲ့ပါတယ်။ အဆိုပါ အဖွဲ့ဝင်များဟာ အသက်ကို ပဓာန မထားဘဲ ယိုစိမ့်နေတဲ့ ဓာတ်ငွေ့ကို သက်စွန့်ကြိုးပမ်းပြီး ပိတ်ပေးခဲ့ပါတယ်။

ထိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြွေ‌တွေ ဖမ်းဆီးရာမှာ နာမည်ကြီးလှတဲ့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ရှာဖွေကယ်ဆယ်ရေးအထူးတပ်ဖွဲ့၏ ကြီးကြပ်နည်းပြြဖစ်သူ ကိုတိုးအောင်ကတော့ သူ့အတွေ့အကြုံကို အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။

“ပြင်းထန်စွာ ကန်ထွက်နေတဲ့ ဓါတ်ငွေ့တွေကို ထိန်းနိုင်ဖို့ ဘယ်သူမှ မဝင်ရောက်နိုင်သေးခင်အချိန်မှာ ဟိုးအမြင့်တစ်နေရာပေါ်အထိ တွယ်တက်ရောက်ပြီး ပိုက်လိုင်းဘားတွေ အားလုံးကို တစ်ယောက်ထဲ တက်ပိတ်ခဲ့ရတဲ့ အတွေ့အကြုံ က ဘယ်လိုပြောရမလဲပေါ့နော်။

ဘားတစ်ခု ပိတ်ပြီးတိုင်း ဝုန်းဆိုပြီး ကြားရတဲ့အသံကြီးက ခြောက်ခြားစရာ လူအများ ဒုက္ခရောက်နေတယ်ဆိုတဲ့ အသိစိတ်တစ်ခုထဲနဲ့ အရဲစွန့်ပြီး ဆောင်ရွက်နိုင်ခဲ့တယ်။”

လူနေရပ်ကွက်တွေနဲ့ နီးစပ်တဲ့ စက်ရုံတွေမှာ လုံခြုံစိတ်ချရတဲ့ အစီအစဉ်တွေ အမြဲ ကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ ယခုလို ဓာတုဗေဒပစ္စည်းများ ယိုစိမ့်ပေါက်ကွဲမှု ဖြစ်ခဲ့ပါက အလျင်အမြန် ဆောင်ရွက်နိုင်ဖို့ နည်းလမ်းတွေလည်း ချမှတ်ထားသင့်ပါတယ်။ ယခု ဖြစ်ရပ်မှာလည်း စက်ရုံတာဝန်ရှိသူတွေကို အရေးယူသင့်ကြောင်း ဖော်ပြလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page