ပုဂံဘုရားတွေကို ပိုမိုပျက်စီးစေနိုင်မယ့် မသိနားမလည်ဘဲ လူတွေလုပ်မိနေတဲ့ အကြောင်းရင်းတခု

ရေးသားသူ – Zay Myo Lin၊ ဒီတစ်ခါ ပြောချင်တာက ပုဂံကထမင်းဆိုင်တွေပါ။ ထမင်းကျန်၊ ဟင်းကျန် စားကြွင်းစားကျန်တွေကို ဆိုင်နောက်ဖေးတင် ကျင်းတူပြီး မပစ်စေချင်တာပါ။ တချို့ဆို ကျင်း/တွင်းတောင် မတူးတော့ဘဲမြေပေါ် ပက်ကျဲလိုက်တာမျိုးအထိလုပ်ကြတယ်။

ဒီတော့ ခြင်-ယင် တွေလာတယ်။ အင်းဆက်ပိုးမွှားပေါင်းစုံလာတယ်။ အဲ့ဒီ အင်းဆက်ပိုးမွှားတွေရဲ့ အလုံခြုံဆုံး ခိုးနားရာဟာ အနီးနားက သံဇကာပိတ်ထားတဲ့ ဘုရားတွေပါဘဲ။ ပိုးမွှားတွေများလာရင် နံရံဆေးရေးတွေထိခိုက်ပျက်စီးမှု ပိုမြန်လာစေပါတယ်။ သူတို့တွေစွန့်ပစ်တဲ့အထဲ ဟင်းချက်ဆီတွေပါတယ်။ပန်းကန်ခွက်ယောက်တွေ ရေဆေးရာက ထွက်လာတဲ့ ဆပ်ပြာရည်တွေပါတယ်။ ရေဆိုးဖြစ်လာတယ်။

ပုဂံမှာ လူစားများတဲ့ ဝက်ကြီးအင်းနားက အကင်ဆိုင်ကြီးဆိုရင် မီးဖိုချောင်က ရေဆိုးတစ်နေ့ကို လီတာ ၂၀၀၀ လောက်ထွက်တယ်။ kitchen နားမှာတင် ရေဆိုးကန်လုပ်ထားတယ်။ ညနက်ရင် မော်တာသုံးပီး လမ်းဟိုဘက်အခြမ်းမှာ တူးထားတဲ့ ကျင်းထဲ စွန့်ပစ်တယ်။ အဲ့နားမှာ ဘုရားတွေရှိတယ်။

ပုဂံမှာ ခရီးသွားရာသီဆို လူသိပ်များတယ်။ ရုံးပိတ်ရက်ဆို လူတွေကြပ်သိပ်နေအောင်များလာတယ်။ ရိုးရှင်းတဲ့ ဥပမာပြောပါတယ်။ အာနန္ဒာဘုရားနားက ထမင်းဆိုင်မှာ စားတယ်ဆိုပါစို့။ လူတစ်ယောက်စာ အသုံးပြုခဲ့တဲ့ ထမင်းစားပန်းကန်- ဟင်းခွက်- ဇွန်းခရင်း စသဖြင့် ၃-၄-၅ မျိုးကို ရေသန့်ဘူးတစ်ဘူးထဲနဲ့ ဆေးလို့မလောက်ပါဘူး။ ဒီတော့ ရေသန့်ဘူး ၂ ဘူးသုံးတယ်ဆိုပါစို့။

လူတစ်ယောက်ထမင်းစားတိုင်း ရေဆိုး ၂ လီတာထွက်ပါတယ်။ ထမင်းတစ်ပွဲဖြစ်ဖို့ ချက်ပြုပ်ပြင်ဆင်ရာမှာ ရေဆိုးတစ်လီတာ ထပ်ထွက်တယ်ဆိုပါစို့။ စုစုပေါင်း ၃ လီတာထားပါ။ ရေချိုးတိုင်း ဆပ်ပြာသုံးတယ်၊ ခေါင်းလျှော်ရည် သုံးတယ်ဆိုရင် ဒါလည်း ရေဆိုးထွက်တာပါဘဲ။

အဝတ်လျှော်ရင်လည်းရေဆိုးထွက်တာပါဘဲ။ ဒါက ရေဆိုးတွေ ဘယ်လိုဖြစ် – ဘယ်ကလာ ဆိုတာကို သတိထားမိအောင်ပြောပြတာ။ ထမင်းဆိုင်တွေအကြောင်း စကားပြန်ဆက်ရအောင်။ ထွက်လာတဲ့ မီးဖိုချောင်သုံး အမှိုက်တွေဟာ သုံးတတ်ရင် စိုက်ပျိုးရေးအတွက် မြေဩဇာဖြစ်လာနိုင်သလို၊ တစ်ပိုင်တစ်နိုင် ကြက် ဝက် မွေးမြူရေးလုပ်ငန်းအတွက် အစားအစာလည်းဖြစ်လာနိုင်ပါသေးတယ်။

ထွက်လာတဲ့ ထမင်းကျန် ဟင်းကျန်တွေကို သီးသန့်ပလပ်စတစ်ပုံထဲထည့်စေချင်တယ်။ တစ်ပုံးထဲတော့ မရဘူး။ လီတာတစ်ရာ ဆန့် အမှိုက်ပုံး ၄-၅ ပုံးလောက်တော့ လိုမယ်။ တစ်ရက်ကို ၂ ခေါက်လောက်တော့ မြို့ပြင်သယ်ပီး စနစ်တကျပြန်စွန့်စေချင်တယ်။ ပြန်သုံးမယ်ဆိုလည်း သုံးပေါ့။ organic waste သပ်သပ်ခွဲနိုင်ဖို့လိုမယ်။

မြေကြီးထဲ အုတ်ကန်လုပ်မယ်၊ အဖုံးလုံအောင်လုပ်မယ်ဆိုရင် မီးဖိုချောင်စွန့်ပစ် ဟင်းရွက် အသီးနှံ၊ သားငါး အရိုး တွေဟာ ဓာတုဗေဓဆေးမပါတဲ့ သဘာဝမြေဩဇာပါဖြစ်လာတယ်။ စိုက်ပျိုးရေးမှာပြန်သုံးလို့ရတယ်။ စားကြွင်းစားကျန်ကို ကြက်-ဝက်တွေ ပြန်ကျွေးလို့ရတယ်။

ပုဂံမှာ ရေဆိုးစွန့်ပစ်တဲ့စနစ်ကိုကြည့်တဲ့အခါ လောလောဆယ်အခြေနေမှာ အနီးပါးတင်စွန့်ပစ်တာမျိုးတွေ့ရတယ်။ ရေဆိုးမြောင်းစနစ်သေချာမရှိသေးတာကြောင့်လည််းပါမယ်။ တဖြေးဖြေးချင်းလုပ်ယူရမှာပေါ့။ ခုလောလောဆယ် ထမင်းဆိုင်လေးတွေက စ ရင်ပိုကောင်းမယ်။ ငါတို့ ပုဂံ ငါတို့ထိန်းသိမ်းမယ်ဆိုတဲ့ မာန် ဖြစ်စေချင်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page