မြန်မာပြည် အနာဂတ်ရဲ့ လူကောင်းလေး တယောက်နဲ့ အမှတ်မထင် တွေ့ဆုံခြင်း

“အနာဂတ်ရဲ့ လူကောင်း“၊ ကျွန်မတို့ သည်နေ့ ဆန်တွေ လိုက်ဝေတော့ တိုက်ကြီး၊ ဖူးကြီး ဘက်က တောလမ်းတွေ ၊ တောင်ပေါ်အိမ်တွေထိ လိုက်ဝေပါတယ်။ ကျွန်မတို့ တဲလေး တစ်တဲရှေ့မှာ ရေသန့်ဗူးခွံအိတ်ကြီးနဲ့ စက်ဘီးလေးတစ်စီး ရပ်ထားတာတွေ့လို့ သူ့ကို ဆန်ပေးချင်လို့ စောင့်နေပါတယ်။

အကျီမပါ ၊ ဘောင်းဘီတို နဲ့ အသားညိုညိုကလေးနဲ့ ရယ်ပြုံးပြီး ထွက်လာပုံလေးက ရိုးသားလိုက်တာ။ သားကို ဆန်ပေးချင်လို့ ဆိုတော့ ကြောင်ပြီး ကြည့်နေတယ်။ ‘အန်တီတို့က ဆန်တွေ လိုက်ဝေနေတာ၊ သားကို ဆန်ပေးမလို့ ‘ ထပ်ပြောမှ တဲထဲကို ပြေးဝင်ပြီး “သူငယ်ချင်းရေ… ဆန်တွေ ဝေမှာတဲ့၊ လာကွ.. လာကွ” ဆိုပြီး လှမ်းအော်တာ။

သူ့ သူငယ်ချင်းကို တစ်ထုပ်ပေးမှ သူ တစ်ထုပ်ယူတယ်။ “အန်တီ ဟိုဘက်မှာ ဆန်လိုမယ့်အိမ်တွေရှိတယ်၊ သားလိုက်ပြပေးမယ်” တဲ့။ “သားတို့ အိမ်က ဟိုး တောထဲမှာ”တဲ့။ ရေသန့်ဗူးခွံ ဘယ်လိုရောင်းလဲ စပ်စုကြည့်တော့ တစ်ပိဿာမှ ၅၀၀ တဲ့။

သူ တို့ အိမ်မှာ လူတွေ ဘယ်နှစ်ယောက်ရှိလို့ ၊ ဘာတွေ အဆင်မပြေတာ လုံးဝ မပြောဘူး။ သူရောင်းမယ့် ရေသန့်ဗူးက အလွန်းဆုံးရ ၁၀၀၀ ပဲ။ အဲ့ဒါနဲ့ မုန့်ဖိုး ၁၀၀၀ ပေးတော့ ပြုံးပြပြီး၊ သူ သွားရောင်းမယ့်နေရာနဲ့ အန်တီတို့ ပြန်မယ့် နေရာနဲ့ လမ်းတူတယ် ၊ လမ်းပြမယ် ဆိုပြီး ရှေ့က သူ့ စက်ဘီးစုတ်လေးကို နင်းနေတော့တာပဲ။

သည်ကြားထဲ လမ်းမှာ ဝေရမယ့် အိမ်တွေ သူက ပြပေးလိုက်သေးတယ်။ အခြားသူတွေကို ဆန်ဝေ နေရင် သူက ပျော်နေ၊ ရပ်ကြည့်ပြီး ပြုံးနေတာပဲ။ ကိုယ်တွေပေးတဲ့ ၁၀၀၀ ရပြီ၊ ဆန်ရပြီ ဆိုပြီး နေပူပူကို နောက်ပြန်မလှည့် ၊ အိမ်မပြန်ဘူး။ သူ့ ရေဗူးခွံလေးတွေ ကို အိတ်လျှောကျရင် ကြိုးဆင်းချည်၊ အတက်တွေ ရပ်ပြီး အားစိုက်နင်း၊ အဆင်းလေးဆို သူ့အိတ်လေး လျှောကျမှာ စိတ်ပူပြီး လက်တဖက်နဲ့ ထိန်းနင်းတယ်။

လမ်းခွဲ ရောက်ခါနီး လှမ်းခေါ်လိုက်တယ်။ “သားကို ကျေးဇူးတင်ပါတယ်၊ လမ်းပြပေးလို့နော်”လို့ပြောပြီး ဆုချတာ ဆိုပြီး ၁၀၀၀၀ ပေးတော့ မျက်လုံးဝိုင်းတွေနဲ့ ပျော်ကြည့်နေခဲ့တယ်။ သည်လို လူကောင်းလေး တစ်ယောက်နဲ့ ဆုံလိုက်ရပြီး အဝတ်အစားမရှိ၊ နေပူထဲမှာ ၊ မငြီးမငြူ၊ကြိုးစားရပ်တည်နေတဲ့ လူမမယ်လေး တစ်ယောက် ရဲ့ ခွန်အားသတ္တိ ၊

ငါကြီးပဲ အဆင်မပြေဖြစ်နေတာ၊ ငါပဲ အများကြီးယူမယ်ဆိုတဲ့ အတ္တ လုံးဝ မရှိ ၊ အခြားလိုနေတဲ့သူတွေ လိုက်ပြမယ်နော်ဆိုတဲ့၊ မျှဝေတတ်တဲ့ မေတ္တာ ၊ ငါလိုတဲ့ ငွေ ရပြီ၊ နောက်နေ့မှ ရောင်းတော့မယ်ဆိုတဲ့ လက်လျှော့တတ်တဲ့စိတ်မရှိပဲ ကိုယ့်အလုပ်လေးကိုယ် တစိုက်မတ်မတ်လုပ်သွားတဲ့ ကြိုးစားမှု၊ သူ ဘာမှ ငြီးပြ မသွားဘူး။ တကယ် လမ်းပြပေးသွားတယ် အနာဂတ် ရဲ့ လူကောင်းလေး (မေဘုန်းထက်) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page