မြတ်စွာဘုရားဟာ ရဟန်းတော်များလို ဦးပြည်းကတုံး မဖြစ်ရတဲ့ အကြောင်းရင်း

ဒီနေ့ တိုက်တိုက်ဆိုင် လူနှစ်ဦးက တန်ဘိုးရှိသော မေးခွန်းတစ်မျိုးတည်းကို တစ်ပြိုင်တည်းမေးကြတယ်။ ထိုမေးခွန်းလေး တွေက

၁။ မြတ်စွာဘုရားရှင်ဟာ ရဟန်းတော်တွေလို ခေါင်းတော်မှာ ဆံပင်မရှိဘူး မို့လားဘုရား၊ ၂။ ပုံတော်တွေမှာ ဆံထုံးနဲ့ ဖူးတွေ့ရပါတယ်။ ၃။ ကိုးကွယ်ဆည်းကပ်ဖို့ရန် ဆံတော်စွန့်တယ်ဆိုတာက တန်ခိုးတော်နဲ့ စွန့်တာလား ဘယ်လိုလည်း ဘုရား။ သိလိုတဲ့ အတွက် ဖြေပေးပါ ဘုရား။ မသိသေးသူများအတွက်တော့ မေးသင့်မေးထိုက်ပြီး သိထားသင့်တဲ့ အဖြေလေးတွေပါပဲ။

၁။ မြတ်စွာဘုရားရှင်က ခုခေတ်ရဟန်းတော်တွေလို ခေါင်းတော်ပေါ်မှာ ဆံပင်က ပြောင်မနေပါဘူး၊ လက်နှစ်သစ်ခန့် ရှည်သော ဆံတော်တွေက လက်ယာရစ်ခွေလျှက် တည်ရှိပါတယ်။ ထိုဆံတော်၏ သမိုင်းစဉ်မှာ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား တော်ထွက်တော်မူလို့ အနော်မာသောင်သို့ ရောက်သော အခါမှာ ခေါင်းပေါ်က ဆံထုံးကို ကျစ်နေအောင် ထုံးလို့ သံလျှက်တော်ဖြင့် ဆံထုံးရဲ့ အောက်ခြေကနေ ကပ်လျှက် ဖြတ်တော်မူပြီး

“ဘုရားစင်စစ် ဧကန်ဖြစ်မည်မှန်ပါက ဤဆံထုံးသည် မြေပြင်သို့ မသက်၊ ကောင်းကင်ထက်မှာ တည်ပါစေသတည်း” ဟု အဓိဌာန်ပြု၍ မြှောက်တင်တော်မူပါတယ်။

ထိုဆံထုံးဟာ ကောင်ကင်အထက် တစ်ယူဇနာခန့်လောက်သော အမြင့်မှာ ပန်းဆိုင်းစွဲသကဲ့သို့ အောက်သို့မကျပဲ တည်နေတော်မူပါတယ်။ ထိုဆံထုံးကို သိကြားမင်းက ရတနာပန်းတောင်းဖြင့် ပင့်ဆောင်၍ တာဝတိံသာနတ်ပြည်မှာ “စူဠာမဏိ” ဟူသော အမည်ဖြင့် စေတီတော် တစ်ဆူ တည်ထားကိုးကွယ်ပါတယ်။

မြတ်စွာဘုရားရဲ့ ခေါင်းတော်အထက်မှာတော့ လက်နှစ်သစ်ခန့်သော ဆံတော်တို့ဟာ လက်ယာရစ် ခွေလက်ကျန်ရစ် ပါတယ်၊ ထိုဆံတော်တို့ဟာ ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့ နေ့အထိ ရှည်လည်း မလာတော့သလို ထပ်မံ ရိတ်ဖြတ်ခြင်းလည်း မပြုရတော့ပါဘူး။ သို့အတွက်ကြောင့် မေးခွန်း အမှတ်စဉ် တစ်နဲ့ ပတ်သက်ပြီး။ မြတ်စွာဘုရားဟာ ယနေ့ခေတ် လူအများဖူးမြင်နေရသော ရဟန်းတော်တွေကဲ့သို့ ခေါင်းတုံးပြောင်ပြောင် မဟုတ်ပါဘူး ဆိုတဲ့ အချက်ကို မှတ်သားနိုင်ပါတယ်။

၂။ ဆံထုံးတော်ကို အရင်းကနေ ဖြတ်ယူလိုက်တာ ဖြစ်တဲ့အတွက် ယခုခေတ်ဖူးမြှော်နေရသော ပုံတော်များမှာလို မြတ်စွာ ဘုရားရှင်က ဆံထုံးနဲ့တော့ မဟုတ်ပါ၊ ပုံတော်များမှာတော့ ကြည့်ကောင်းအောင် ရေးကြ ထုကြပုံပေါ်ပါတယ်။

၃။ နောင်လာနောင်သားများ ကိုးကွယ် ဆည်းကပ်နိုင်ကြရန် ဆံတော်ကို စွန့်တော်မူခြင်းမှာ တန်ခိုးဖြင့် ဖန်ဆင်းပေးခြင်း မဟုတ်ပါ၊ လက်တော်ဖြင့် ဦးခေါင်းတော်ကို သုံးသပ်တော်မူ၍ အဓိဌာန်တော်မူသည့် အတိုင်း ပါလာသည့် ဆံတော် အစစ် များကို စွန့်ပေးတော်မူခြင်းပဲ ဖြစ်ပါတယ်။

ဗုဒ္ဓံ ပူဇေမိ ပါ ဘုရား၊ ရွှေဘုန်း။ အရှင်တေဇာနန္ဒ “စေတနာပန်းခင်း ဆရာတော် တွေးမိတွေးရာ အဖြာဖြာ” မှ ကူးယူသည်။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page