သာသနာတော်ကို စနစ်တကျ ဖျက်ဆီးခဲ့တဲ့ စာဖတ်သူကြီးနဲ့ ငွေမျက်နှာ တရွာထင်ခဲ့တဲ့ ဆရာတော်များ

ဘဝမှတ်တိုင် အထင်သေးမခံကြပါနဲ့။

စာဖတ်သူကြီး ဘုန်းမီးနေလတောက်ပစဥ်အခါတုန်းက သူရဲ့ သာသနာရေးဆိုင်ရာအကြံပေးကြီးကိုပြောသတဲ့ “ဒို့အရေး ဒို့အရေးဆို ဘုန်းကြီးတွေက ရှေ့ကထွက် ထွက်လာတာ၊ ဒီဘုန်းကြီးတွေကို ဘယ်လို ထိန်းမလဲ၊ အကြံထုတ်စမ်းကွာ” တဲ့….

အဲ့ဒီမှာ စာတတ်ကျူး ဘီလူးလို့ နာမည်ကြီးတဲ့ ဘုန်းကြီးလူထွက်အကြံပေးကြီးက ဘာပြောတုန်းဆိုတော့…. ” လွယ်ပါတယ် အဘခင်မျာ…တဲ့ ဘုန်းကြီးတွေဆိုတာ ဟိုဟာလိုချင် ဒီဟာလိုချင်နဲ့ လိုနေတဲ့ပုဂ္ဂိုလ်တွေပါ၊ သူတို့လိုတာ ပေးလိုက်ရင် ငြိမ်သွားမှာပါ “တဲ့…

အဲ့ဒါနဲ့ စာဖတ်သူကြီးက ဘုန်းကြီးတွေကို လိုအပ်ရာလှူဖို့ သူ့တပည့်ကျော်တွေကို စစ်ဆင်ရေးတစ်ရပ်အနေနဲ့ညွှန်ကြားပါသတဲ့

” ဘယ်တိုင်း ဘယ်မြို့က ဘယ်ဆရာတော်ကို ဘယ်သူက တာဝန်ယူ ဆက်ကပ်ရမယ်” ဆိုပြီး ဆိုင်ရာ ဆိုင်ရာကို ကပ်ခိုင်းသတဲ့…

အဲ့ဒီမှာ တပည့်ကျော်တွေက ဆရာတော်တွေကို ချဥ်းကပ် ဝတ္ထုငွေကြေးတွေ လှူ၊ ကျောင်းတွေဆောက် ကားပါမစ် သစ်ပါမစ်တွေကပ်၊ ဘွဲ့တံဆိပ်တွေဆက်ကပ် သူတို့ဖြစ်ချင်တာ ဟိုဟာလုပ်ပေး ဒီဟာ လုပ်ပေးနဲ့ လာဘ်လာဘစစ်ပွဲကြီး ဆင်နွှဲလိုက်တာ ဘာပြောကောင်းမလဲ…. လာဘ်လာဒဏ်မခံနိုင်တဲ့ဘုန်းကြီးတွေ အတုန်းအရုန်း ကျရှုံးကုန်တော့တာပဲ တဲ့…

အရင်တုန်းက စစ်အာဏာရှင်တွေကို ကြည့်မရဘူး မုန်းပါတယ်ဆိုတဲ့ဘုန်းကြီးတချို့ ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့တွန်းလှန်ခဲ့တဲ့ ဆရာ​တော်တချို့ မာပါတယ်ဆိုတဲ့ နာမည်ကြီး ဆရာတော်တချို့ တိုက်ပွဲကျကုန်သတဲ့၊ လက်နက်ချအညံ့ခံကုန်သတဲ့….

ဆရာတော်ကြီးတစ်ပါးကတော့ ဗိုလ်ချုပ်ကြီးတစ်ဦးက ကျောင်းဆောက်ပြီး သူ့ကို သိမ်ထပ်တဲ့အခါ တရားဟောရင်း ရဟန်းဒကာ ရဟန်းဒကာမတောင်မဟုတ်ပဲ ရဟန်းခမည်းတော် မယ်တော်တွေ ဖြစ်သွားပြီလို့ မြှောက်ပင့်ဟောတဲ့အထိ ပြောင်းလဲသွားပါသတဲ့…

နောက်ဆရာတော်ကြီးတစ်ပါးကတော့ “ဗိုလ်ချုပ်ကြီးတွေ ဆိုးတယ်ဆိုးတယ်နဲ့ အေးကွာ…ပေါင်းကြည့်တော့လည်း သိပ်မဆိုးပါဘူးကွ” လို့ ပြောပါသတဲ့….

ဒါကတော့ ဒီကနေ့ညနေပိုင်း ထင်ရှားတဲ့ဆရာတော်ကြီးနှစ်ပါးကို ဖူးမြော်ခွင့်ရရာမှာ စကားစပ်တုန်း ဆရာတော်ကြီးတစ်ပါး မိန့်သွားတဲ့ စကားလေးတွေကို သင်္ခန်းစာအနေနဲ့ မှတ်မိသမျှ ပြန်မျှဝေလိုက်တာပါ…

ဆရာတော်ကြီးက ဆက်မိန့်သေးတယ်… ငါ့ဆီ တိုင်းမှူးတွေ ခနခနလာပီး ဘာလိုပါသလဲ ဘုရားဆိုပြီး လာလာလျှောက်ကြတယ်တဲ့… အဲ့ဒီဗျူဟာတွေကို ငါသိလို့ ဘုန်းကြီးတွေကို ပေးရင်ရတယ်လို့ အထင်သေးတာ မခံနိုင်လို့… ငါက ဘာမှကို အလှူမခံတာ တဲ့….

ဒီဆရာတော်ကြီးလို သတ္တိကောင်းတဲ့ပုဂ္ဂိုလ်များဖြစ်နိုင်ကြပါစေ.. လာဘ်လာဘတိုက်ပွဲမှာ မကျရှုံးကြပါစေနဲ့ ၊ လာဘ်လာဘတိုက်ပွဲကိုအနိုင်နွှဲနိုင်ကြပါစေလို့… စေတနာဖြင့် တိုက်တွန်းလိုက်ပါတယ်..

ဒီနေ့ခေတ်မှာလည်း လာဘ်လာဘကြောင့် ကျရှုံးပြောင်းလဲသွားတဲ့ဆရာတော်တချို့ကို ကြည့်၍ သင်္ခန်းစာယူကြပါကုန်..

ပစ္စည်းလာဘ်လာဘဒဏ် ပူဇော်သက္ကာရဒဏ် ကျော်စောလိုမှု နာမည်ကြီးလိုမှုဒဏ်ကြောင့် အရှင်ဒေဝဒတ်ကြီး ပြောင်းလဲဖောက်ပြန် သွားတယ်ဆိုတာ သတိပြုကြပါကုန်…

(လာဘသက္ကာရသိလောကေန အဘိဘူတဿ)

အရှင်ပညိဿရာလင်္ကာရ (ရန်ကင်းတောင်)
14 /11/2020

Leave a Reply

Your email address will not be published.

x

You cannot copy content of this page