ဖိလစ်ပိုင်နိုင်ငံမှာ သူဌေးသူကြွယ် ဖြစ်မှ ကြက်သွန်နီစားနိုင်တဲ့ အခြေအနေရောက်ရှိ

ဖိလစ်ပိုင်မှာ ငွေဖောင်းပွမှု မြင့်တက်လာတာနဲ့ အတူ တစ်နေ့တာ အနိမ့်ဆုံး လုပ်ခလစာထက် ပိုမြင့်ဈေးပိုတက်လာတဲ့ ကြက်သွန်နီကို လေယာဉ်မယ်တွေတောင် မှောင်ခိုတင်သွင်းမှုတွေ ဖြစ်ပွားနေပါတယ်။ ကုန်ဈေးနှုန်းတွေ ခေါင်ခိုက်လာနေချိန် ဖိလစ်ပိုင် ဟင်းလျာတွေရဲ့ အဓိက ပါဝင်ပစ္စည်းဖြစ်တဲ့ ကြက်သွန်နီဈေးဟာ အစားဈေးထက် ပိုများနေပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ ဖိလစ်ပိုင် အစိုးရက ပြည်ပက ကြက်သွန်နီတွေ တင်သွင်းမယ်လို့ ကြေညာထားပေမယ့် နောက်နောင် တင်သွင်းဖို့ မသေချာဘူးလို့ ပြောထားပါတယ်။ တချို့ စားသောက်ဆိုင်တွေမှာ ဗနီဂါဆမ်းပြီး တည်ခင်းတဲ့ ကြက်သွန်နီ အချဉ်တွေကို အရင်ကလို မပေးနိုင်တော့တဲ့ အချိန်မှာ ဖိလစ်ပိုင် လေကြောင်းလိုင်းက လေယာဉ်မယ် ၁၀ယောက်ဟာ ခရီးဆောင်အိတ်တွေထဲထည့်ပြီး ကြက်သွန်နီ ၄၀ကီလိုကို မှောင်ခို တင်သွင်းဖို့ ကြိုးစားခဲ့တယ်လို့ အကောက်ခွန်အရာရှိတွေက ပြောကြားပါတယ်။

အဲဒီလေယာဉ်မယ်တွေကို စွဲချက်တင်သွားမှာ မဟုတ်ဘူးလို့ ဖိလစ်ပိုင် အကောက်ခွန်အရာရှိတွေက ပြောကြား ပေမယ့် ခရီးသည်တွေအနေနဲ့ ကြက်သွန်နီ မှောင်ခို မသွင်းကြပါနဲ့ သတိပေးထားပါတယ်။ ဖိလစ်ပိုင်မှာ မုန်တိုင်းဒဏ်ခံခဲ့ရတာကြောင့်လည်း ပြည်တွင်း ကြက်သွန် ထုတ်လုပ်မှု ထိခိုက်ခဲ့ရပြီး ၁၄နှစ်တာ အတွင်း ကြက်သွန်နီဈေး အမြင့်ဆုံး ဈေးနှုန်းကို မြင့်တက်မှုနဲ့ ကြုံတွေ့နေရပါတယ်။

အဲဒီလို ကြက်သွန်နီတွေ ရှားပါးနေတဲ့ အချိန်မှာပဲ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ မင်္ဂလာအခမ်းအနားတစ်ခုမှာ သတို့သမီး ဟာ အလေးချိန် ၄ ကီလိုဂရမ်ဝန်းကျင်ရှိတဲ့ ကြက်သွန်နီပန်းစည်းကို လက်ကိုင်ပန်းစည်းအဖြစ် ကိုင်ခဲ့တာပါ။

ပန်းတွေ ညှိုးနွမ်းသွားတဲ့အခါ လွှတ်ပစ်လိုက်ရမှာမို့ မင်္ဂလာပွဲပြီးသွားရင် လွှတ်မပစ်ရဘဲ စားလို့ရနိုင်တဲ့ ကြက်သွန်နီပန်းစည်းလုပ်ပြီး ကိုင်ဖို့ဖြစ်လာခဲ့တယ်လို့ သတို့သမီးက ဖိလစ်ပိုင်သတင်းမီဒီယာ ကို ပြောကြားခဲ့ပါသေးတယ်။ ကြက်သွန်နီပန်းစည်းကို သတို့သမီးတစ်ယောက်တည်း ကိုင်ဆောင်ခဲ့တာမဟုတ်ဘဲ သတို့သမီးအရံတွေကလည်း ကြက်သွန်နီပန်းကုံးတွေကို ကိုင်ဆောင်ခဲ့တာဖြစ်ပါတယ်။

ကြက်သွန်နီပန်းစည်းကို ရွေးချယ်လိုက်တာကြောင့် ပန်းစည်းအတွက် ကုန်ကျစရိတ်နည်းနည်းသက်သာသွားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ လုံသတို့သမီးရဲ့လက်ကိုင်ပန်းစည်းပစ်ပေးတဲ့ ဓလေ့ကိုတော့ မလုပ်ဖြစ်ခဲ့ဘဲ မင်္ဂလာပွဲအပြီးမှာ ဧည့်သည်တွေကို ကြက်သွန်နီတွေဝေပေးခဲ့တယ်လို့လည်း သိရပါတယ်။

မြန်မာပြည်မှာလည်း ယခင်နှစ်များက ကြက်သွန် တပိဿာ ၇၀၀၀ ကျော်အထိ ရောက်ခဲ့ဖူးပြီး ယခုအချိန်မှာသာ အဲဒီလို ပြတ်လပ်မှု ဖြစ်ပါက တပိဿာကို ထို့ထက်ပိုမိုများပြားစွာ ပေးရမယ်လို့ ပြည်သူများက မှတ်ချက်ချနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page