သူဌေးဘုန်းကြီးနဲ့ တကယ့်ဘုန်းကြီး (သာသနာတော်ကို ဘယ်သူက တကယ် စောင့်ရှောက်မှာလဲ)

အရဟံ ဗားရှင်း

“ကျုပ် ထေရဝါဒစာရင်းထဲကနေ ထွက်ဖို့တောင် သွားစုံစမ်းဖူးသေးတယ်ဗျ” မျက်ခုံးကို အမြင့်ဆုံး ပင့်လိုက်မိတယ်။ ကျုပ်မိတ်ဆွေ စာတတ်, ဝိနည်းဓိုရ်တစ်ပါး။ ဝတ္ထုငွေ မကိုင်။ သူက ပြောတာ။ သူလိုပုဂ္ဂိုလ်မျိုးအတွက် ထေရဝါဒက ဘာအဆင်မပြေတာတွေများ ရှိနေပါလိမ့်?

ထူးခြားဆန်းကြယ် ဖြစ်ရပ်တွေကို စိတ်မဝင်စားပေမယ့် မတူကွဲပြားတဲ့ အတွေးနဲ့ ခံယူချက်တွေကိုတော့ စိတ်ဝင်စားမိ။ တစ်ခုရှိတာက ကိုယ့်ခံယူချက်နဲ့ မကိုက်ဘူး-ဆိုပြီး “ဟေ့ကောင် မင်း တော်၊ တော်တော့”လို့ တားမြစ်တတ်ကြတယ်။ ကျုပ်တို့ကတော့ သည်းမခံနိုင်လောက်တဲ့ အနေအထားမှာတောင် သွေးအေးအေးနဲ့ ထိုင်ပြီး နားထောင်နေတတ်ပါတယ်။

ထေရဝါဒဂိုဏ်းထဲက ထွက်ချင်ရင် ဘာလုပ်လို့ ရသလဲ-လို့ သွားစုံစမ်းတော့ ဘုန်းကြီးတစ်ပါးက မိန့်တယ်။ “မင်းကို ဖမ်းပြီး ထောင်ချမှာပေါ့”တဲ့။ ဘာလို့ဖမ်းမှာတုန်း မေးတော့လဲ ဇဝေဇဝါပဲ။ အဝတ်ကို ပယ်ရမှာလား? ပုံစံစာရွက်တွေ ဖြည့်ရမှာလား? တိုင်းသိပြည်သိ ကြေငြာရမှာလား? ဘာလား ညာလား လုပ်ထုံးလုပ်နည်း ရှိဟန် မတူဘူး။ ဖမ်းမယ်ချည်းပဲ ဖြစ်နေတယ်။

တပည့်တော်ကလည်း မဟုတ်တာ လုပ်ဖို့ မဟုတ်ဘူး။ ရှက်သလို ခံစားနေရလို့။ ပိုပိုပြီး ကောင်းမွန်တဲ့ ပုံစံတစ်မျိုးနဲ့ နေချင်လို့။ ထေရဝါဒဂိုဏ်းထဲကနေ ထွက်ခွါလို့ ဝိနည်းမဲ့ ပုဂ္ဂိုလ်တစ်ပါး ဖြစ်သွားမှာမဟုတ်။ ဝိနည်းကို ပိုပြီးတောင် လေးစားသွားဦးမယ်။ ပညာတွေကိုလည်း ပိုပြီး လေ့လာသွားဦးမယ်။ သူများတွေ မသွားရဲတဲ့ ဒေသတွေကို သွားပြီး သာသနာတောင် ပြုဖြစ်သွားဦးမယ်။

ကျုပ်။ “ခဏနေပါဦး၊ ဘာလို့ ထေရဝါဒကနေ ထွက်ချင်ရတာလဲ၊ ပြောပါဦး” “ဒီလိုဗျ၊ ပြဿနာစတာက ကျုပ်သီတင်းသုံးတဲ့ မြို့ပြင်, မြို့စွန်က ကျောင်းကလေးကို ဆရာဘုန်းကြီး လာကြည့်ရာက စ,တယ်၊ ကျောင်းကလေးကို အကဲခတ်ပြီး ပြန်သွားတယ်၊ နောက်တော့ ဝေဘန်တယ်၊ ဒီကောင် ကြီးပွါးမယ့်ကောင် မဟုတ်ပါဘူး-တဲ့” “ဟင်” (ဒီနေရာကနေ စပြီး သူပြောတဲ့ စကားတွေကိုပဲ ဆက်တိုက် ဖော်ပြပါတော့မယ်)

“ဝုဍ္ဎိ – ကြီးပွါးခြင်း” ကျုပ်တို့ စာသင်တိုက်တွေမှာ နေလိုက်တော့ ကြီးပွါးခြင်း-ဆိုတာနဲ့ စိတ်ခွန်အား တက်အောင် သြဝါဒပေးကြတယ်။ “ပညာတွေ တတ်အောင် သင်ကြ၊ ပညာတတ်မှာ လူ့အထက်မှာ နေရမယ်၊ ကြီးပွါးမယ်၊ တိုးတက်မယ်၊ ဘဝအဆင့်အတန်း မြင့်မားမယ်” ဒါမျိုးတွေ။

အခုနောက်ပိုင်းကျတော့ တဖြည်းဖြည်းနဲ့ အယုံအကြည် နည်းလာတယ်ဗျ။ ကြီးပွါးနည်းတွေဟာ မှားနေပြီလေ။ သာသနာတော်ရဲ့ ကြီးပွါးနည်းအစစ်က “အရဟံ ဗားရှင်း” ဖြစ်ရမှာ။ အခု လှုံ့ဆော်ပေးနေကြတာက “Boss Version” ဖြစ်နေပြီ။

ကြီးပွါးတယ်ဆိုတာ ဘာလဲ? – ကျောင်းကောင်းကောင်းကြီးမှာ နေရအောင်။ – ကားကောင်းကောင်းတွေကို စီးနိုင်အောင်။ – ဝတ္ထုငွေတွေကို အလုံအလောက် ဘဏ်မှာ အပ်ထားပြီး မတောင့်မတ မကြောင့်မကျ နေနိုင်အောင်။ – လှူဒါန်းမယ့် ဒကာ/ဒကာမတွေ ပေါများအောင်။ ဒီလိုတွေပဲ လုပ်နေကြသလိုလို ဖြစ်နေတယ်။

“Boss Version” သာသနာတော်မှာ ဝိနည်းစည်းကမ်းအရ ငွေမကိုင်အပ်ဘူး။ ငွေကိုင်လိုက်ရင် ဘာဖြစ်သလဲ။ ပိုင်ဆိုင်မှု ရှိသွားတယ်။ ကြီးပွါးသွားတယ်။ အဲဒီကြီးပွါးနည်းက “အရဟံ ဗားရှင်း”တော့ မဟုတ်ဘူး။ “ဘော့စ် ဗားရှင်း” ဘော့စ် ဖြစ်လေလေ, အရဟံ-ပန်းတိုင်နဲ့ ဝေးလေလေပဲ။

အညာ ဟိ လာဘူပနိသာ၊ အညာ နိဗ္ဗာနဂါမိနီ။ ခင်ဗျားလည်း ဓမ္မပဒစာပိုဒ်ကို သိသားပဲ။ ဘော့စ်ဗားရှင်း မြင့်လေလေ။ “အတောင်နှစ်ဖက်သာလျှင် ဝန်ထုပ်ပါသော ငှက်တစ်ကောင်ရဲ့ ပေါ့ပါးမှု” “ထိုနှင့်တူသော ပရိက္ခရာလွယ် ရဟန်းတစ်ပါးရဲ့ လွတ်လပ်ရိုးရှင်းမှု” နဲ့ ဝေးလေလေပဲ။

ကိုယ်ပိုင်ဆိုင်မှုတွေကို ကာကွယ်ရတယ်။ ဘဏ်မှာ ငွေအပ်ရတယ်။ ကားရှိရင် ကားကို ကလေးတွေ ခဲနဲ့ ခြစ်မသွားအောင် ပူပန်ရတယ်။ မှန်တွေ ကွဲမှာ စိတ်ပူရတယ်။ ငွေတွေ ပေါလွန်းမက ပေါလွန်းလာရင် ဘယ်နေရာမှာ သုံးကြမလဲ- တွေးတောရတယ်။ ဧည့်ခန်းမှာ သုံးဖို့ ပိတောက်သား, တမလန်းသား ခုံအကောင်းစားတွေကို ဈေးကြီးပေးပြီး ဝယ်မယ်။

ခန်းစီးလိုက်ကာတွေကို အရောင်တူ လှနေအောင် ဆင်မယ်၊ တပ်မယ်။ လက်ကိုင်ဖုန်းတွေကို တံဆိပ် ရွေးမယ်၊ ဈေးကြီးမယ့် ဘရန်းတွေကို ရွေးဝယ်မယ်။ ကားဆိုရင်လည်း ထိုနည်းလည်းကောင်း။ အဆောက်အဦတွေ, ကျောင်းတွေကို မလိုအပ်ဘဲ ဆက်ဆောက်မယ်။ သော့ပိတ်ထားမယ်။ ဘော့စ်ဗားရှင်းမှာ အသစ်အသစ် ပိုင်ဆိုင်ရခြင်းအတွက် အားရတယ်လို့ ရှိလာမှာ မဟုတ်ဘူး။

ကျုပ်။ “ခင်ဗျားပြောနေတာတွေက အဆိုးမမြင်လွန်းဘူးလား၊ ငွေက သက်မဲ့ပဲလေ၊ သူဘာသာ လှူကြတဲ့ ငွေကို ကောင်းကောင်းအသုံးချနိုင်ရင် သာသနာအတွက် ကြာကို စောင့်တဲ့ ကန်ထဲက ရေ မဖြစ်နိုင်ဘူးလား”

“အရဟံ ဗားရှင်း” ခင်ဗျားပြောတာကို လက်ခံပါတယ်။ ဘုန်းကြီးတယ်ဆိုတာဟာ သူ့အလိုအလျောက် ကြီးတဲ့ ပုဂ္ဂိုလ်တွေမှာ ပြဿနာ မရှိဘူး။ “ဘုန်းကြီးခြင်းသည် ရည်မှန်းချက် ဖြစ်မလာစေဖို့” ကျုပ်တို့က အပ္ပမာဒ သတိတရား ရှိရမယ်လေ။

ရည်မှန်းချက်သည် ဘုန်းကြီးခြင်း မဖြစ်ရဘူး။ သူ့ဘာသာ ဘုန်းကြီးလာတာကို မတတ်နိုင်ဘူး။ ကလေးတွေကို ဘုန်းကြီးခြင်း ရည်မှန်းချက်ထားဖို့ မြှောက်ပင့်ပေးတာဟာ မျိုးဆက်သစ်ကို အဆိပ်ခတ်ပေးနေတာပဲ။ တကယ်တမ်း ကျုပ်တို့က စွန့်လွှတ်မှုကို သင်ပေးလိုက်ရမှာဗျ။ ရည်မှန်းချက်ဟာ ဘော့စ်ဖြစ်ဖို့-ဆိုရင် သာသနာတော်ဟာ သူဋ္ဌေးတွေချည်းပဲ ဖြစ်ကုန်မှာပဲ။

“ဘော့စ် ဗားရှင်း”နဲ့ ကြီးပွါးခြင်းကို ဘုရားရှင် ချီးကျူးမယ် ထင်သလား? (အင်း…. မထင်…) ဟာ… ထင်လို့ မရဘူးလေ။ ဟုတ်မှ မဟုတ်တာကြီးပဲ။ မိုတီဗေးရှင်း ကျွေးတယ်, မိုတီဗေးရှင်း ကျွေးတယ်-ဆိုပြီး ကလေးတွေကို သူဋ္ဌေးဖြစ်နည်း သင်နေကြတာပဲ။

အဲဒါကို ဘုရားရှင်က ချီးကျူးတော်မူမှာလား? ဘုရားရှင် ချီးကျူးတဲ့ ကြီးပွါးနည်းမှ လုံးဝ မဟုတ်တဲ့ဥစ္စာ။ ခင်ဗျား စဉ်းစားကြည့်။ သာသနာတော်မှာ ဆင်းရဲသားနဲ့ သူဋ္ဌေး ဘယ်သူက ပိုပေါသလဲ?

ကျုပ်။ “ဒါတွေ မပြောပါနဲ့ဗျာ၊ ခင်ဗျား ပြောတဲ့ ဘော့စ်ဗားရှင်းက မကောင်းဘူးပဲ ထားပါတော့၊ ဘော့စ်တွေကြောင့် ဆိုးကျိုးရော များများ ရှိနိုင်ပါ့မလား”

ဘော့စ်ဖြစ်ဖို့ ကြိုးစားရင် များများသိမ်းပိုက်ရတယ်ဗျ။ အရဟံ ဖြစ်ဖို့ ကြိုးစားရင် များများ စွန့်လွှတ်ရတယ်။ အရဟံ လမ်းစဉ်မှာ စွန့်လွှတ်နိုင်လေလေ, ကြီးပွါးတိုးတက်လေလေပဲ။ ဘော့စ်ဗားရှင်းမှာကျတော့ ပိုင်ဆိုင်မှုများလေလေ, ကြီးပွါးလေလေ, “ဘုန်းကြီးတယ်”လို့ ခေါ်ရလေလေ။

ဒီတော့ လမ်းစဉ်မတူတဲ့ ရဟန်းနှစ်ပါး သာသနာပြု သွားကြတဲ့အခါမှာတောင် လမ်းရွေးမှု မတူကြတော့ဘူး။ ခင်ဗျား စဉ်းစားကြည့်။ ရန်ကုန်မြို့လယ်က ခြံဝင်းကျယ်ကြီးပါတဲ့ ကျောင်းကောင်းကြီး တစ်ဆောင်။ ချင်းတောင်က တောရွာလေး ဘေးက ခနော်နီ ခနော်နဲ့ ကျောင်းကလေး တစ်ဆောင်။ ဒီနှစ်ဆောင်ကို ရဟန်းနှစ်ပါး ရွေးကြပါ-ဆိုရင် ဘော့စ် ရည်မှန်းချက်ရဟန်း အရဟံ ဗားရှင်း ရည်မှန်းချက် ရဟန်း ရွေးခြယ်မှု တူတော့မှာ မဟုတ်ဘူး။

ကျုပ်။ မျက်စိ မှိတ်လိုက်တယ်။ “ငါ… ငါဆိုရင်ရော ဘယ်ကျောင်းဆောင်ကို ရွေးမလဲ၊ ငါ့မိတ်ဆွေတွေဆိုရင်ရော ဘယ်ကျောင်းဆောင်ကို ရွေးကြမှာပါလိမ့်မလဲ”

နောက်တစ်ခု ထပ်ရွေးခိုင်းကြဦး။ ဥရောပ နိုင်ငံတစ်ခုခုကို သာသနာပြု သွားရမယ်။ အာဖရိက နိုင်ငံတစ်ခုခုကို သာသနာပြု သွားရမယ်။ နှစ်ခုထဲက တစ်ခုခု ရွေးဆိုရင် ဘယ်ဗားရှင်း ရဟန်းက ဘာကို ရွေးကြလိမ့်မလဲ? ခင်ဗျား အကဲခတ်မိမှာပါ။

ဘာလို့ အဲဒီလို ရွေးနေကြတာလဲ? ဘော့စ်ဗားရှင်းကို ရည်မှန်းချက် အထားခိုင်းနေကြလို့ပေါ့။ မဟုတ်ဘူးလား? တကယ်တမ်းက စွန့်လွှတ်ခြင်းကို သင်ပေးကြရမှာလေ။ ဒီကြားထဲ မျက်ရည်ခြူတဲ့သူက ရှိသေးတယ်။

“အထောက်အပံ့ နည်းသွားမယ်ဆိုရင်တော့ ဦးဇင်းလေးတွေ စိတ်ပျက်ပြီး လူထွက်ကုန်ကြလိမ့်မယ်၊ သာသနာတော်ကြီးလည်း အားလျော့သွားမှာ အမှန်ပဲ” ဘော့စ်ဖြစ်ချင်တဲ့ သူကတော့ ဘော့စ် ဖြစ်နိုင်ခြေ မရှိရင် လူထွက်ကြမှာပဲလေ။ အရဟံ ဗားရှင်းကို သွားပြီး သင်္ကန်းချွတ်ခိုင်းကြည့်ပါလား? ဘယ်လိုပဲ ဆင်းရဲ, ဆင်းရဲ, မျက်နှာက ကြည်လင်းအေးမြ ဖြစ်နေမှာပဲ။

“သက်ရောက်မှု” ခင်ဗျားက နိုင်ငံရေးသမားဆိုတော့ နိုင်ငံရေး-နဲ့ ကပ်ပြောရင် နားလည်မှာပဲ။ အခု နိုင်ငံကို အာဏာသိမ်းလိုက်တော့ လူတွေက ရာထူးတွေကို စွန့်လွှတ်ကြတယ်, အသက်တွေကို စွန့်လွှတ်ပြီး လမ်းမှန်ရောက်အောင် ပြန်ကြိုးစားကြတယ်။ ဘုန်းကြီးတွေက ဘယ့်နှယ်တဲ့တုန်း? (…..)

ခင်ဗျာ့နှယ် အရဟံတွေက ပိုပြီး စွန့်လွှတ်နိုင်ရမှာလေ။ ဓမ္မ အဓမ္မလည်း သိနေပြီပဲဥစ္စာ။ ဘာလို့ မစွန့်လွှတ်နိုင်တာလဲ? ရည်မှန်းချက်က ဘော့စ် ဖြစ်နေလို့ မဟုတ်လား? (….) ငယ်ကတည်းက ရည်မှန်းချက်တွေနဲ့ နားစွဲနေတာလေ။ “ကြီးပွါးရမယ်… တိုးတက်ရမယ်… အောင်မြင်ရမယ်…” ကျုပ်အတွက်တော့ အဲဒီ့သြဝါဒတွေက “ဘော့စ် ဖြစ်ရမယ်… ဘော့စ် ဖြစ်ရမယ်… ဘော့စ် ဖြစ်ရမယ်” ဒီလိုပဲ အဓိပ္ပါယ် ပြန်မိနေတာပဲ။ ခင်ဗျားတို့ ကြာရင် ပြဿနာတက်မယ်နော်။

ကျုပ်။ “ကျုပ်တို့ချည်းပဲ ပြဿနာ တက်မှာ မဟုတ်ပါဘူး၊ ခင်ဗျားရော ပြဿနာ တက်မှာပါ”

ဟုတ်တယ်လေ။ ကျုပ်တင်မကဘူး။ သာသနာတော်ပါ ပြဿနာ တက်မယ်။ ဘော့စ်ဖြစ်ဖို့ ကြိုးစားကြရင်း ကြိုးစားကြရင်းနဲ့ စွန့်လွှတ်ရဲသူတွေ ရှားကုန်မယ်။ “နိုင်ငံခြားသာသနာပြု” “နိုင်ငံခြားသာသနာပြု”ဆိုပြီး ဥရောပဘက်ကိုသာ ခြေဦးလှည့်ပြီး အာဖရိကဘက်ကို ကျောခိုင်းသူတွေ များကုန်မယ်။

ဈေးတွက်တွေ တွက်ပြီး ဘော့စ်ဖြစ်နိုင်ခြေ မရှိရင် ခြေဦးတောင် ယောင်လို့ မလှည့်ဘူးတွေ ဖြစ်ကုန်မယ်။ တကယ် သာသနာပြုလိုအပ်နေတာက စစ်ပွဲတွေ စစ်ပွဲတွေ တခြိမ်းခြိမ်း ဖြစ်ပြီး လူတွေ မလုံမခြုံ ဖြစ်နေတဲ့ အာဖရိက စစ်မြေပြင်ပဲ မဟုတ်လား? သူတို့ဆီကို သွားပြီး ငြိမ်းချမ်းရေး ရအောင် လုပ်ပေးရမှာ မဟုတ်လား?

အင်းလေ… ပြည်တွင်းငြိမ်းချမ်းရေး ရအောင်တောင် ခင်ဗျားတို့ ကျုပ်တို့ လုပ်စွမ်းနိုင်ကြသေးဟန် မတူပါဘူး။ ဗုဒ္ဓဘာသာ မြန်မာပြည်မှာ တောင်တန်း မြေပြန့် ဒီလောက် လူတွေ သေနေတာကိုတောင် ဘော့စ် ရည်မှန်းချက် အပြည့်နဲ့ မျက်စိမှိတ် နားပိတ်နေကြတဲ့ သူကြွယ်တွေ မဟုတ်ဘူးလား။

ခင်ဗျား စဉ်းစားနော်။ ကျုပ်ပြောနေတာက သာသနာရဲ့ နောင်ရေး။ မျိုးဆက်သစ်တွေကလည်း ဘော့စ် ဗားရှင်းတွေချည်းပဲ ဖြစ်လာရင် သာသနာတော်က ဈေးဝယ်လို့ကောင်းတဲ့ နေရာ ဖြစ်လာမယ်။ “ဒီဘုန်းကြီးကို သိန်း (၃၀) လှူလိုက်ရင် ငါတို့ ဖြစ်ချင်တာ ပြောပေးတယ်၊ မဆိုးဘူး၊ ဈေးချိုသားပဲ” ဒီလို ဈေးတန်းတွေ ပေါက်ကုန်မယ်။ အခုလည်း နိုင်ငံရေးဘက်မှာ ဝယ်ခြမ်းခံနေရတာပဲ မဟုတ်လား? ခင်ဗျားက ပိုသိပါတယ်။ ယုံကြည်မှု-ဆိုတာ ဘော့စ်တွေကြောင့် ရမှာ မဟုတ်ဘူး။ အရဟံ-တွေကြောင့်ပဲ ဖြစ်ထွန်းရမှာ။

“နိုင်ငံချမ်းသာလာရင်” နိုင်ငံချမ်းသာလာရင် ကြာလာတာနဲ့အမျှ ရိုးအီလာကြလိမ့်မယ်။ ဘုရားရှင်လက်ထက်က ယသသူဋ္ဌေးသားတို့ဟာ အိမ်တော်ကြီး သုံးခု, ရံရွေတော် အချောအလှလေးတွေနဲ့ စည်းစိမ်ခံနေရတာပဲ။ ဒါပေမယ့် ဆားငံရေအရသာဟာ အငတ်မပြေဘူးလေ။ ကြာလာတာနဲ့အမျှ ငြီးငွေ့ပြီး ဆားငံရေကို သောက်ရင်း ပင်လယ်ထဲ ဆင်းပြီး သတ်သေသွားတတ်ကြတယ်။

နိုင်ငံကြွယ်ဝတာက သာသနာအတွက် စိုးရိမ်စရာ မဟုတ်ပါဘူး။ သုခချမ်းသာတွေအပေါ် ရိုးအီလာတဲ့ လူငယ်လူရွယ်တွေကပဲ ဆားငံရေ ပင်လယ်ပြင်ထဲက ရုန်းထွက်ပြီး ကုန်းတွင်းရေချို ကျောက်စက်ရေ အေးအေးလေးတွေကို ရှာ သောက်ကြဦးမှာပါပဲ။

ဒါပေမယ့် အေးမြတဲ့ ရေစင်ဟာ ဘော့စ်တွေရဲ့ လက်ထဲမှာ မရှိဘူး။ အရဟံတွေရဲ့ လက်ထဲမှာပဲ ရှိတယ်။ အဲဒါကို ခင်ဗျားတို့ သိထားဖို့ပဲ။ သာသနာဟာ Revolution ရော, Evolution ပါ လိုနေပြီ။ ခင်ဗျားတို့ ဘော့စ်ဖြစ်နည်းတွေကို စွန့်လွှတ်ကြတော့။

ကျုပ်…. အကြာကြီး ငြိမ်နေမိတယ်။ မတုန်မလှုပ်။ ကျောက်ရုပ်ပမာ။ “Boss Version” “Arahan Version” “Revolution” “Evolution”

UviMala

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page