လူတိုင်းကြိုက်ပြီး လုပ်ရလွယ်ကူတဲ့ ပူစပ် ပွင့်ထွက် ငါးငရုတ်သီးထောင်း ပြုလုပ်နည်း
ဒီဟင်းအမယ်လေးက အရမ်းအရမ်းလွယ်ကူသောပါနော်။ ချဥ်ပေါင်ဟင်းနဲ့ အလွန်လိုက်ဖက်သောပါပဲ။
ပါဝင်ပစ္စည်းများကတော့ ငါးကြင်း ၂၀ သား၊ ငရုတ်သီးစိမ်း ၅ ကျပ်သား၊ ကြက်သွန်ဖြူ အမွှာကြီး ၅ မွှာ၊ ဆား၊ အချိုမှုန့်၊ ဆီ တို့ ဖြစ်ပါတယ်။
ချက်ပြုတ်နည်းကတော့ ချဥ်ပေါင်ဟင်းချက်တဲ့နေ့ဆို ချဥ်ပေါင်ဟင်းအိုးထဲ ငါးထည့်ချက်ပြီး ငါးနူးလာရင် ဆယ်ထားပါရှင်။
ချဥ်ပေါင်ဟင်း မချက်ရင်လဲ ဆားဆနွင်းနယ်ပြီး ပြုတ်လို့ရပါတယ်နော်။ ပြုတ်ပြီးတဲ့နောက် အအေးခံပြီးရင် အရိုးနွှင်ထားပါရှင်။
ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူ ကို လှော်ပေးပါရှင်။ လှော်ထားတဲ့ ငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူကို ကြိတ်ပြီး ငါးနွှင်နဲ့ရောထားပါရှင်။
ပြီးလျှင် ဆီအနည်းငယ် ဆမ်းပါမယ်။ ဆားအနည်းငယ် ထည့်ပါမယ်။ အချိုမှုန့်ထည့်ပါ။ ‘မေ’ကတော့ ဟင်းချိုမှုန့် မသုံးလို့ သကြားလေး နဲနဲထည့်ပါတယ်။
ပါဝင်ပစ္စည်း အကုန်ထည့်ပြီးတာနဲ့ သမအောင်နယ်ပါ။ လက်ပူမှာဆိုးလို့ လက်အိတ်လေးဝတ်ပါနော်။
အရမ်းလွယ်ကူတဲ့ ငါးငရုတ်သီးထောင်း လေးမို့ ချက်စားကြည့်ကြပါရှင့်။ စားကောင်းကြပါစေရှင်
Food By May