မြန်မာတွေ အယူလွဲနေကြတဲ့ ကျီးမနိုးပွဲနဲ့ သူခိုးကြီးည လုံးဝမဟုတ်တဲ့ တန်ဆောင်မုန်း လပြည့်ည
တန်ဆောင်မုန်းလပြည့်ညသည် သူခိုးည လုံးဝမဟုတ်ပါ။ တန်ဆောင်မုန်းလပြည့်ညသည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ မြတ်စွာဘုရားသည် အဇာတသတ် ရှင်ဘုရင်အား သာမညဖလ သုတ်တော်ကို ဟောတော်မူ၍ ဘုရင်နှင့်တကွ နောက်ပါ ပြည်သူ (၁) သိန်းခန့် ဗုဒ္ဓဘာသာဖြစ်တဲ့ ညကြီးပါ။ ဒီလိုကြီးကျယ်ခမ်းနားတဲ့ ဗုဒ္ဓဘာသာ နေ့ကြီးကို မသမာသူများက စုပ်ပြတ်အောင် သူခိုးညဆိုပြီး နာမည်တပ်လိုက်တော့ အမှန်တရား ပျောက်ကွယ်သလိုဖြစ်သွားပါတယ်။
လွန်လေပြီးသော ရှေးအခါက ယောက်ကျားသားများ ရှင်လိင်ပြန်ကြရဝယ် ဆေးမင်ကြောင်ထိုးသည့်ဓလေ့သည် အထင်အရှားရှိခဲ့၏။ ရှင်ဘုရင်မှအစချီကာ မင်းညီမင်းသား၊ မှူးမတ်သူကြွယ်၊ ကုန်သည်၊လယ်လုပ် အစချီကာ သူရင်းငှားများစသော လူယောက်ကျားတို့သည် မင်ထိုးကြလေသည်။ ယခုခေတ်ကဲ့သို့ ကြုံသလိုထိုးခြင်း မဟုတ်ချေ။ ဆေးမှင် ထိုးသည့်အခါ နက္ခတ်ကောင်း၊ အခါကောင်း စောင့်ဆိုင်းကာ မှောင်ခန်းခေါ် မှင်ထိုးသည့် အခန်းတွင် ကန်တော့ပွဲပေး၍ ထိုးရသည်။
ထိုသို့ ထိုးခဲ့ပြီးသော ယောက်ကျားတို့သည် တန်ဆောင်မုန်းညနက္ခတ်စုံချိန်တွင် ထိုးထားသည့်ကြောင်တက်ကြောင်ဆင်းဆေးအစောင့်တို့သည် တန်ခိုးပြသည်ဟု အယူရှိသောကြောင့် အရှင်မသိသောပစ္စည်းကို ခိုးယူကာ ခိုးကွင်း၌ ထားမြဲဖြစ်၏။ ထိုးကွင်းဆိုသည်မှာ ခိုးရာပါပစ္စည်းအား ဘယ်သူဘယ်ဝါ၏အိမ်မှ ပစ္စည်းဖြစ်ကြောင်း ခိုးကွင်းတွင် စာကပ်၍ ထားကြသည်။ ထိုသို့ခိုးရာတွင် အသက်ရှိသောအရာကို ခိုးယူနိုင်စွမ်းသောသူသည် လူစွမ်းကောင်းဖြစ်လေသည်။
ရှေးအခါက နွားများနှင့် လူအိပ်နေသော ကုတင်ကို လူမနှိုးအောင် ထမ်း၍ခိုးကွင်း၌ လာထားကြသည်။ မနက်မိုးလင်းသောအခါ ပစ္စည်းရှင်များက သင်္ကန်းအစုံဖြင့် မိမိတို့ ပစ္စည်းကို လာရွေးယူကြပြီး ကထိန်ပွဲကို ဆင်နွဲရသည်။ ပစ္စည်းခိုး၍ လူမိသောအခါတွင် ထိုသူကိုဖမ်း၍ ခိုးကွင်းတွင် ကတုံးတုံးကာ ပြာလူး၍ ထားကြသည်။ ကထိန်ပွဲတွင် ထိုခိုးသားကို ရွာသူကြီးက တရားသူကြီးလုပ်ကာ တရားဆိုင်ခန်းဖြင့် ဟာသလုပ်ကြပြီး ရဟန်းဝတ်စေမြဲဖြစ်သည်။ ဒီဘက်ခေတ်ရောက်လာတော့ တန်ဘိုးရှိပစ္စည်းတွေကို တကယ် ခိုးလာကြတယ်။
လမ်းတွေပေါ်မှာ ကျက်သရေမင်္ဂလာ မရှိအောင် ရုပ်ပျက် ဆင်းပျက် ဆိုင်းဘုတ် တွေ ဖြုတ်ချ ၊ အရက် ဘီယာ အစားအသောက်တွေပလူပျံအောင် ပြန့်ကျဲနေတယ်။ အပျော်ကနေ အပျက်ဘက်ကို ဦးတည်လာကြတယ်။ အမှန်တရားကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ သိစေချင်၍ ရည်ရွယ်ရင်း…