ပျော်သူတွေ ပျော်ရပေမယ့် မျှော်နေသူ တချို့ ငိုခဲ့ရတဲ့ ရန်ကုန်မိုးသည်း နေ့တနေ့

အင်းစိန်အကျဉ်းထောင်မှ ရွှေညဝါဆရာတော်၊ ဦးမြအေး၊ မောင်သာချို၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးညွန့်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးလင်းနိုင်မြင့်တို့ မနေ့က နိုဝင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းမှာ ပြန်လည် လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။

နာမည်ကြီး လူပုဂ္ဂိုလ်များ အပါအဝင် ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆို ထောင်ချခံရသူများ၊ အခြားပုဒ်မများနဲ့ အကျဉ်းကျနေသူများအပါအဝင် စုစုပေါင်း လူဦးရေ တစ်ထောင်ကျော် အင်းစိန်ထောင်ကနေ ပြန်လည် လွတ်မြောက်လာတယ်လို့ သိရပါတယ်။

စာရေးဆရာ မောင်သာချိုဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး အင်းစိန်ထောင်အတွင်းမှာ ၂ နှစ်နီးပါး အကျဉ်းကျခံထားရတာ ဖြစ်ပါတယ်။ လွတ်မြောက်လာသူတချို့ရဲ့ ပျော်စရာ ပုံရိပ်တွေကို လူမှုကွန်ရက်မှာ တွေ့မြင်ရပြီး လက်ရှိအချိန်ထိ မလွတ်မြောက်သေးတဲ့သူတွေအတွက်လည်း သက်ဆိုင်ရာ မိသားစုနဲ့ ပြည်သူများက ဝမ်းနည်းနေကြပါတယ်။

စာရေးဆရာ၊ ပရဟိတသမားတဦး ဖြစ်တဲ့ ဆရာမ သန်းမြင့်အောင်ကတော့ ယမန်နေ့က ပြန်လည်လွတ်မြောက်တဲ့အထဲမှာ ပါဝင်ခြင်း မရှိခဲ့ပါဘူး။ စကစရဲ့ ဖမ်းဆီးမှုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ခံခဲ့ရတဲ့ ဆရာမ သန်းမြင့်အောင်ဟာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

ဆရာမ သန်းမြင့်အောင်ကို ၂၀၂၁၊ ဒီဇင်ဘာလမှာ ထောင်တွင်း အထူးတရားရုံးကနေ ထောင်ဒဏ် ၃ နှစ် အလျင်အမြန် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ယခုလွတ်မြောက်လာသူတွေဟာ ခံဝန်ရေးထိုးလိုက်တဲ့သူတွေလို့ ပြောကြားမှုများ ရှိနေတာ ဖြစ်ပါတယ်။ အတူတကွ ဖမ်းဆီးခံရသူတွေ ပြန်လွတ်လာပေမယ့် ဆရာမ သန်းမြင့်အောင်နဲ့ တခြားသူတွေ ပြန်မလွတ်သေးတာကတော့ မေးခွန်းထုတ်စရာ ဖြစ်နေတဲ့ အခြေအနေမျိုးပါ။ မတရား ဖမ်းဆီးခံထားရတဲ့ ဆရာမ သန်းမြင့်အောင် အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page